စပိန်မြေမှာမိမိရရှိခဲ့အောင်မြင်မှုတွေလိုမျိုး ထပ်လုပ်ပြမယ့်ချာတိတ်လေးအေတီကိုမှာရောက်နေပြီလို့ဆိုလိုက်တဲ့ #စီရော်နယ်ဒို

ရီးရဲလ်အသင်းနဲ့ အတူ ချန်ပီယံ လိဂ်ဖလား လေးလုံး၊ ဘလွန်းဒီအောဆု လေးကြိမ် အပါအဝင် အောင်မြင်မှုတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ရော်နယ်ဒိုက အေတီကို ကြယ်ပွင့်အသစ်လေး ဂျာအိုဖိလစ်ရဲ့ အလားအလာကောင်းတွေ ကို သုံးသပ်ပေးသွားခဲ့ပါတယ်။အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဖိလစ်ဟာပေါ်တူဂီ စီနီယာကြီး ရော်နယ်ဒိုရဲ့ ခြေရာနင်းနိုင်မယ်လို့ အများက ယုံကြည်နေကြသူဖြစ်ပါတယ်။

သူဟာ အခုနှစ် နွေရာသီကမှ ကလပ်စံချိန်တင်ကြေး ယူရို ၁၂၆ သန်းနဲ့ ဘင်ဖီကာ အသင်းကနေ စပိန်မြေကိုရောက်လာခဲ့တာ ဖြစ်ပါတယ်။ရာသီကြို ကာလတွေ အတွင်း မှာကတည်းက သူ့ရဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသထားနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့အသင်းဟောင်း လည်းဖြစ် မြို့ခံပြိုင်ဘင်လည်းဖြစ်တဲ့ ရီးရဲလ်အသင်းကို ၇-၃ ဂိုးနဲ့ချေမှုန်းထားနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ် အသင်းနဲ့အတူ ၄၃၈ ပွဲကစား ဂိုးပေါင်း ၄၅၀ အထိသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့ နှစ် နွေရာသီကမှ ဘာနေဗျူးမြေကို စွန့်ခွာပြီး ဂျူဗီ အသင်းနဲ့ အတူ စီးရီးအေ မှာ ကစားသမားဘဝကိုဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်ရဲ့ မြို့ခံပြိုင်ဘက် အေတီကိုအသင်းရဲ့ တိုက်စစ်မှူး သစ်လေး ဂျာအိုဖိလစ်ဟာ သူ့လိုပဲ စပိန်မြေမှာ အောင်မြင်မှုတွေ ရယူသွားနိုင်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။TVI နဲ့ အင်တာဗျူး မှာ ရော်နယ်ဒိုက –

” စပိန်မြေမှာ ကျွန်တော်ရရှိထား ခဲ့တဲ့ အောင်မြင်မှုတွေကို သူ( ဂျာအိုဖိလစ် ) ကထပ်ပြီး ရယူသွားနိုင်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးဖြေရရင်တော့ သူအဲ့ဒီလို လုပ်နိုင်မယ်လို့ အများကြီး ယုံကြည်မှုရှိပါတယ်။ဘာကြောင့်လည်းဆိုတော့ သူဟာအလားအလာတွေအများကြီးရှိထားတဲ့ ကစားသမားကောင်းတယောက်ဖြစ်လို့ပါပဲ။

သူဟာ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။အဲ့ဒီလို အရာမျိုးကို ဘာနာဒိုဆေးဗားလ်ဆီမှာလည်းခင်ဗျားတို့ မြင်တွေ့ထားပြီးပါပြီ။ဒါပေမယ့် ဘာနာ ဒိုကတော့ ဒီနေရာမှာ အတော်လေးကိုရင့်ကျက်နေပြီးသားကစားသမားလည်းဖြစ်ပါတယ်။

လက်ရှိဘောလုံးလောကမှာ ခန့်မှန်းတွက်ချက်မှုတွေ လုပ်ဆောင်ဖို့ ဆိုတာခက်ခဲပါတယ်။ဖြစ်လာနိုင်တဲ့ အရာတွေ အများကြီးအပေါ် ကို လောင်းကြေးထပ်နေရတာဖြစ်ပါတယ်။ဘောလုံး လောကကြီးဟာ အတော်လေးကို မတူကွဲပြားမှုတွေ ရှိနေတာဖြစ်ပါတယ်။

ဂျာအိုဖိလစ်ရဲ့ အကြောင်းကို ခဏခေါက်ထားပြီး တခြားကိစ္စကို ဆက်ရမယ်ဆိုရင်တော့ ဒီနေ့ ခေတ်မှာ ကစားသမားတိုင်းက ယူရို သန်း ၁၀၀ လောက်တန်ကြေးရှိနေကြပါတယ်။ဒါတောင်သူတို့က ထူးထူးခြားစွမ်းဆောင်မှုမျိုးကို မလုပ်ပြထားနိုင်သေးပါဘူး။

ဘောလုံး လောကမှာ ငွေကြေးဖောင်းပွမှုတွေဖြစ်နေပါပြီ။ဗဟိုခံစစ်မှူး နဲ့ ဂိုးသမား တွေတောင် ယူရိုသန်း ၇၀ နဲ့ ၈၀ လောက်အထိ တန်ကြေးရှိနေတာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒါကို လက်မခံနိုင်ပါဘူး။

ဒါပေမယ့် ဒီလို အရာတွေဟာ ကျွန်တော်တို့ ရှင်သန်နေထိုင်နေတဲ့ ကမ္ဘာလောကကြီး အတွင်းဖြစ်ပျက်နေတာဖြစ်ပါတယ်။ဒါကြောင့် လည်း ဒီလိုအရာတွေကို ကျွန်တော်တို့ အနေနဲ့ လေးစားသမှု ရှိရပါလိမ့်မယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဂျာအိုဖိလစ်ဟာ လူငယ်ကစားသမားဘဝကို ပေါ်တို အသင်းနဲ့ အတူစတင်ခဲ့ပေမယ့် ခန္ဓာကိုယ်သေးညှပ်တဲ့ အကြောင်းပြချက်နဲ့ စာချုပ်ဖြတ်သိမ်းခံခဲ့ရပါတယ်။ဒါပေမယ့် သူ့ရဲ့ ပါရမီခြေစွမ်းကို နားလည်တဲ့ ဘင်ဖီကာ အသင်းက ခေါ်ယူပျိုးထောင်ပေးခဲ့အပြီး မှာ ကမ္ဘာကျော်ကြယ်ပွင့်တဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘင်ဖီကာ အသင်းနဲ့ အတူ ပြည်တွင်းလိဂ်ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ ပြီး နွေရာသီ အတွင်း ကစားခဲ့တဲ့ UEFA NATIONS LEAGUE ချန်ပီယံ ပေါ်တူဂီ အသင်းမှာလည်း ပါဝင်နိုင်ခဲ့ပါတယ်။

SM