“ ေ-ာက်ချိုးတွေ ပြင်မှာလား ၊ ဒါမှမဟုတ် ဘာကာ ကနေ ထွက်သွားမှာလား” ဆိုပြီး ဒမ်ဘီလီ ကို သတိပေးလိုက်တဲ့ #အဘီဒယ်

ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုတ်တာ အဘီဒယ် ကတော့ သူတို့ရဲ့တောင်ပံ ကစားသမား ဒမ်ဘီလီ ရဲ့ အေးဂျင့် ဖြစ်သူကို မနေ့က ခေါ်ယူ တွေ့ဆုံခဲ့ပြီး ၊ ကစားသမား အနေနဲ့ အချိုးတွေ ပြင်ပြီး နေမလား ၊ ဒါမှမဟုတ် ဘာစီလိုနာ ကနေ ထွက်သွားချင်လား ဆိုပြီး ဒေါသတကြီး နဲ့ သတိပေးမှုတွေ ပြုလုပ်သွားခဲ့ ပါတယ်။

အခုလို တင်းမာမှုတွေ ဖြစ်ပေါ်လာဖို့ အဓိက အကြောင်းအရင်း ခံလာတာက ဒမ်ဘီလီ ရဲ့ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ တံကောက်ကြော ဒဏ်ရာ ပြသနာ ဖြစ်ပါတယ်။

လာလီဂါ အဖွင့်ပွဲစဉ် အဖြစ် စတင် ကစားခဲ့တဲ့ ဘီဘာအို နဲ့ ပွဲစဉ်ကို သောကြာနေ့ညမှာ ကစားရတာကြောင့် ၊ ဘာစီလိုနာ ဟာ ပွဲပြီးတာ နဲ့ ကစားသမားတွေ အားလုံးကို အားလပ်ရက် 2 ရက်စီ ခွင့်ပေးခဲ့တာပါ။ ပွဲအပြီးမှာ အသင်းရဲ့ ဆရာဝန်တွေဟာ ကစားသမားတွေ အနေနဲ့ ဒဏ်ရာရတာတွေ ရှိလားလို့ စစ်ဆေးပေးခဲ့ပေမယ့် ၊ ဒမ်ဘီလီ မှာ ဘာ ဒဏ်ရာ ပြသနာမှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသလို ၊ ကစားသမား ကိုယ်တိုင်ကလဲ ဘာမှ နာနာကျင်ကျင် ခံစားရတာမျိုး မရှိဘူး ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အသင်းဖော်တွေ နဲ့ အတူ ကတ်တလန် အထိ ပြန်လည် လိုက်ပါလာခြင်း မရှိပဲ ၊ ဘီဘာအို လေဆိပ်ကနေပဲ ဆီနီဂေါ ကို မိသားစုဝင် အချို့နဲ့ ထွက်ခွာ သွားခဲ့တယ်လို့ သတင်းတွေ က ဆိုပါတယ်။

တနင်္လာနေ့ အသင်းကို ပြန်လည် ရောက်ရှိလာချိန်မှာတော့ ကစားသမားတွေ ရဲ့ အခြေအနေ ကို စစ်ဆေးခဲ့ရာ ၊ ဒဏ်ဘီလီဟာ တံကောက်ကြော ဒဏ်ရာ ပြသနာ ပါလာတာ တွေ့ရှိသွားခဲ့ပါတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာစီလိုနာ တာဝန်ရှိသူတွေက တော်တော်လေး ဒေါသ ထွက်ခဲ့ကြတာပါ။

အသင်းခေါင်းဆောင် မက်ဆီ ကလဲ ကြံ့ခိုင်မှု အပြည့်အ၀ မဖြစ်သေးသလို ၊ တိုက်စစ်မှုး ဆွာရက် ကလဲ ဒဏ်ရာ ရရှိနေတာကြောင့် ၊ ဒမ်ဘီလီ ရဲ့ ဒဏ်ရာ ပြသနာ သတင်းဟာ အဖွင့်ပွဲစဉ် ရှုံးနိမ့်ထားတဲ့ အသင်းအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်သွားခဲ့ ပါတယ်။

အဲဒီ ဒဏ်ရာဟာ ဘီဘာအို နဲ့ ပွဲမှာ ရခဲ့တာလား ၊ ဆီနီဂေါမှာ ရခဲ့တာလား ဆိုတာတော့ ဘယ်သူမှ တိတိကျကျ ပြောကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီနောက်မှာ ဒမ်ဘီလီ ရဲ့ အေးဂျင့် ဖြစ်သူက သူ့ ကစားသမားဟာ ဆီနီဂေါကို သွားတာ လုံးဝ မဟုတ်ကြောင်း ၊ ပြင်သစ်က မိခင် ဖြစ်သူထံ လာရောက်နေတာ ဖြစ်ကြောင်း တရားဝင် ပြောဆိုလာခဲ့ပေမယ့် ၊ ဒါတွေဟာ အဖြစ်အပျက်ကို ဖုံးကွယ်ထားချင်လို့ ပြောဆိုတာ ဖြစ်တယ်လို့ မီဒီယာ သမားတွေက သုံးသပ်ခဲ့ပါတယ်။

ဒမ်ဘီလီ ကိုယ်တိုင်ကလဲ အင်စတာဂမ် ကနေ တဆင့် ပြင်သစ်ကို ရောက်ခဲ့တဲ့ ပုံကို တင်လိုက်ချိန်မှာတော့ သံသယ တွေကို ပိုပြီးတော့ ကြီးမားသွားခဲ့တာပါ။

ဒါကြောင့် အားကစား ဒါရိုတ်တာ အဘီဒယ်ဟာ ဒမ်ဘီလီရဲ့ အေးဂျင့် ဆစ်ဆိုခို ကို ခေါ်ယူကာ ၊ သတိပေးမှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒီကိစ္စလောက်လေး နဲ့ ဘာစီလိုနာ ဘက်က ဘာဖြစ်လို့ ဒေါသကြီးနေရတာလဲ ဆိုတာ ပရိသတ်တွေလဲ သိချင်မယ်ထင်ပါတယ်။ ဒမ်ဘီလီ ဟာ အခုလို အသင်းရဲ့ စည်းကမ်းတွေ လိုက်နာ ဆောင်ရွက်ခြင်း မရှိတာ တစ်ကြိမ် မကတော့ပါဘူး။ အကြိမ်ပေါင်း များစွာ ဖြစ်ပေါ်ခဲ့ပြီးမှသာ ဒီသတင်းတွေက မီဒီယာတွေ စာမျက်နှာပေါ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ဘာစီလိုနာ ကို ရောက်ရှိလာတာ 2 ရာသီ ကျော်လွန်ခဲ့ပြီ ဖြစ်ပေမယ့် ၊ ပွဲပေါင်း 66 ပွဲ သာ ကစားခဲ့ရပြီး ၊ ပွဲစဉ် တစ်ဝက် နီးပါး ကို ဒဏ်ရာ ပြသနာတွေကြောင့် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ အစားအသောက် မဆင်ခြင်မှုတွေ ၊ အနေအထိုင် က ထိန်းချုပ်မှု မရှိတာတွေက အခုလို မကြာခဏ ဒဏ်ရာ ပြသနာတွေ ပေါ်ပေါက်လာစေတဲ့ အကြောင်းအရင်း ဖြစ်တာကြောင့် ဘာစီလိုနာ ဟာ 2018 ခုနှစ် ထဲ မှာတုန်းက ဒမ်ဘီလီ အတွက် အထူးအစီအစဉ်တွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒဏ်ရာ ပြသနာ အမြန်ဆုံး သက်သာလာဖို့ အတွက် သူ့ရဲ့ အိမ်မှာ စားဖိုမှုး တစ်ယောက် ငှားရမ်းပေးတာ ၊ ဆေးဘက်ဆိုင်ရာ အနီးကပ် စောင့်ရှောက်မှု အတွက် ဆရာဝန် ကို သီးသန့် ထားပေးတာ နဲ့ ညဘက် ကလပ်သွားတာ ၊ သောက်စား မူးယစ် တာတွေကို အလွန်အကျွံ မဖြစ်အောင် Body Guard တွေ ထားပေးတဲ့အထိ ကြပ်မတ် ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကြားထဲကမှ ဒမ်ဘီလီ ရဲ့ အချိုးတွေက ပြောင်းလဲ မသွားခဲ့ပဲ ဒီရာသီ အစမှ အခုလို ပြသနာတွေ ထပ်မံ ပေါ်ပေါက်လာတာက အသင်း တာဝန်ရှိသူတွေရဲ့ ဒေါသကို သွားဆွနေသလိုပါပဲ။

ဒမ်ဘီလီ အနေနဲ့ အခုမှ အသက် 22 နှစ် အရွယ်သာ ရှိသေးတာမို့ ၊ သူ့ရဲ့ ပင်ကိုယ် ပါရမီတွေကို အလကား မဖြစ်စေချင်ဘူး ဆိုရင် ၊ နေထိုင်မှု ပုံစံတွေ ပြောင်းလဲ မှသာ လမ်းမှန်ပေါ်ကို ပြန်လည် ရောက်ရှိ လာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

SPORTS MYANMAR