Ballon d’Or ရည်မှန်းချက်အတွက် နေမလား၊ သွားမလား “ နေမာ” ..?

(၂၀၁၀) ခုနှစ်ဝန်းကျင်က ဆန်းတို့စ်အသင်းကနေ ရူးခါလောက်တဲ့ Skills ဗီဒီယိုတွေနဲ့အတူ ဘောလုံးကမ္ဘာကို စတင် မိတ်ဆက်တဲ့အချိန်မှာ နေမာရဲ့ အသက်က (၁၉)နှစ် ။ ပြိုင်ဘက်ကစားသမားတွေ ထိုင်ငိုသွားရလောက်အောင် အစွမ်းပြ နိုင်တဲ့ သူ့ရဲ့ Skills တွေက ဘောလုံး ပရိတ်သတ်ကြီးကို တကယ်ပဲ ရင်ခုန်သွားစေပါတယ်။ မက်ဆီ၊ ရော်နယ်ဒို ခေတ်လွန် ဘလွန်ဒီအော ဆုရှင်အဖြစ်လည်း ဘောလုံး ကျွမ်းကျင် သူတွေက နေမာကို ယူဆ ခဲ့ကြတာပါ။

ပါရမီရှင်တွေ ရှားပါး ပြတ်လပ်နေပြီး ဘီလျံနာကြီးတွေ တွေ ငွေထုတ်ပိုက် လူဝယ် နေတဲ့ ခေတ်သစ် ဘောလုံး လောကရဲ့ ထုံးစံအတိုင်း နေမာကို ဥရောပ ကလပ်ကြီးတွေ ခေါ်ယူဖို့ အကြိတ်အနယ် ကြိုးစား ခဲ့ပါတယ်။ မန်စီးတီး၊ချယ်ဆီး၊ ယူနိုက်တက်၊ ဂျူဗီ၊ PSG စတဲ အသင်းကြီးတွေရဲ့ မက်မောစရာ ကမ်းလှမ်းမှုတွေ ကြားထဲက နေမာ ရွေးချယ်လိုက်တာက ဘာစီလိုနာအသင်းကိုပါ။

တကယ်တော့ ဘာစီလိုနာက နေမာကို ရွေးချယ်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။ မက်ဆီ ဦးဆောင်တဲ့ တောင်အမေရိက တိုက်စစ်မှာ နောက်ထက် ဘရာဇေးလ်းသား တစ်ယောက်ကို ထည့်ပေါင်းပြီး ရီးယဲလ်ရဲ့ ဥရောပ တိုက်စစ်ကို အသာစီး ယူဖို့ ထိုစဉ်က ဘာစီလိုနာ ဥက္ကဌ ရိုဆယ် က စိတ်ကူးခဲ့တာပါ။

သူ့စိတ်ကူးကို အကောင်အထည် ဖေါ်တဲ့ နေရာမှာ နေမာရဲ့ ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်း အပြင် နေမာရဲ့ မိဘတွေကို ယူရို သန်း (၄၀) ကို ဥပဒေပ ပေးခဲ့တာကြောင့် ရိုဆယ် ကိုယ်တိုင် နောက်ပိုင်းမှာ ရာထူးက နုတ်ထွက်ခဲ့ရပြီး တရား ရင်ဆိုင်ခဲ့ရပါတယ်။ လုပ်လို့ ရတဲ့ နည်းလမ်း အကုန်သုံးပြီး ဘာစီလိုနာဟာ နေမာကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

နေမာ ကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ကစားရင်း ဆုဖလားတွေ သိမ်းပိုင်ရင်း မက်ဆီ ခေတ်လွန်မှာ ဘလွန်ဒီအောဆု ရဖို့ ရည်မှန်းထားပါတယ်။ ရည်မှန်းထားတဲ့အတိုင်းလည်း ကြိုးစားခဲ့တာ အားလုံးအသိပါ။ ဒါကြောင့် ဥရောပ ဘောလုံး ရပ်ဝန်းရဲ့ တောင်းဆိုမှုတွေနဲ့ အသားကျလာတဲ့ (၂၀၁၄-၁၅) ဘောလုံး ရာသီမှာ ဘာစီလိုနာရဲ့ အဓိက ကစားသမားအဖြစ် တစ်နှစ်အတွင်း ဖလားသုံးလုံး သိမ်းပိုင်နိုင်ခဲ့ပါတယ်။ မက်ဆီ၊ ဆွာရက်၊နေမာ တို့ရဲ့ MSN တိုက်စစ်ကို ဥရောပ အသင်းတိုင်း ကြောက်ရွံ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

ခက်တာက နှစ်ယောက်မရှိတဲ့ မှော်ဝင် ခြေစွမ်းပိုင်ရှင် အာဂျင်တိုင်းသားမက်ဆီဟာ ဘာစီလိုနာရဲ့ ဦးဆောင်ကစားသမား ဖြစ်ပြီး သူ့ရဲ့ နေထိုင်မှု ပုံစံနဲ့ စည်းကမ်းပိုင်းကြောင့် နောက်နှစ်ပေါင်း များစွာအထိ အမြင့်ဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်ထားမယ်လို့ ယုံကြည်ရတယ်။ (၂၀၁၅) ဘလွန်ဒီအော ဆုကိုလည်း မက်ဆီပဲ ရသွားတဲ့ အခါမှာ နေမာရဲ့ စိတ်ထဲမှာ မက်ဆီရဲ့ လောင်းရိပ် မိနေတယ်လို့ ခံစားလာရတယ်။

ဒီနောက်မှာတော့ သူ့ရည်မှန်းချက်အတွက် ဘာစီလိုနာကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး (၂၀၁၇)မှာတော့ သူ့ကို ညီတစ်ယောက်လို သဘောထားပြီး လက်တွဲခေါ်တတ်တဲ့ မက်ဆီနဲ့ ဘာစီလိုနာကို နေမာတကယ်ပဲ ကျောခိုင်းသွားပါတော့တယ်။

PSG မှာတော့ နေမာဟာ အခွင့်ထူးခံ ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ပယ်နယ်တီကန်ခွင့်ရတယ်၊ ပြစ်ဒဏ်ဘောတွေ ကန်ရတယ်။ ပြောရရင်တော့ အသင်းရဲ့ Icon ကစားသမား၊ ဦးဆောင် ကစားသမား ဆိုတာမျိုးပါ။ တစ်ကောင် ပြေးနေတဲ့ လီဂူးမှာ PSG အနေနဲ့ အမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားကို ရဖို့ ဘာမှ မခက်ဘူး။ ဒီတော့ PSG နဲ့သာ ချန်ပီယံလိဂ်ဖလားရရင် နေမာ ရွှေဘောလုံးဆု ရဖို့ အခွင့်အလမ်း အလွန် ကောင်းပါမယ်။ဒါပေမယ့် နေမာ ရောက်ရောက်ချင်း နှစ်မှာ PSG ဟာ ရီးယဲလ်ကို ရှုံးထွက် အဆင့်မှာပဲ အရေးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရပါတယ်။

 


.
(၂၀၁၈) ကမ္ဘာ့ဖလားဟာ နေမာအတွက် ကြီးမားတဲ့ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာခဲ့တယ်လို့ ဆိုရပါမယ်. ။ သူဟာ ခြေစွမ်း ပြနိုင်ခြင်း မရှိပဲ ဟန်ဆောင် လူးလှိမ်းတာတွေပဲ များနေတာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရသလို ဘရာဇေးလ်လဲ ကွားတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ PSG ကို တစ်ချိန်ထဲ ရောက်လာတဲ့ ဆယ်ကျော်သက် ချာတိတ်လေး ဘာပေး။ ပြင်သစ်အသင်း ဗိုလ်စွဲရာမှာ သွင်းဂိုး လေးဂိုးနဲ့ေ ပ်ါပေါ်လွင်လွင် ခြေစွမ်း ပြခဲ့တဲ့ ဘာပေးဟာ နေမာကို ကျော်ပြီး ဘောလုံး လောကရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

PSG မှာလည်း ကမ္ဘာ့ဖလား ကိုခြေစွမ်းပြ ရယူပေးခဲ့တဲ့ ပြင်သစ် နိုင်ငံသား အဖြစ် အထူး ဦးစားပေး မှု ခံလာရသလို ခြေစွမ်းကောင်းတွေကြောင့် ချီးကျူးမှုတွေကို ရခဲ့ပါတယ်။ ဘာပေးဟာ PSG ရဲ့ ရတနာ ဖြစ်လာတဲ့အခါမှာတော့.. မက်ဆီရဲ့ လောင်းရိပ်ကနေ ရုန်းထွက်ဖို့ PSG ကို ပြောင်းလာတဲ့ နေမာတစ်ယောက် ဘာပေးရဲ့ လောင်းရိပ်အောက်မှာ ကျရောက်သွားပြန်ပါတော့တယ်။

(၂၀၁၈) ကမ္ဘာ့ဖလား ပြီးတော့ နေမာ အသင်းပြောင်းမယ် ဆိုတဲ့ သတင်းတွေ ခပ်သဲ့သဲ့ ကြားမိတယ်။ အခုနှစ်မှာတော့ အဆိုပါ အသံတွေ ပိုကျယ်လောင်လာတယ်။ နေမာနဲ့ သတင်းထွက်နေတာက ရီးယဲလ်။ ရီးယဲလ် ဆိုတာလည်း အားလုံး သိတဲ့အတိုင်း ဥရောပရဲ့ စူပါ ပါဝါ အသင်း။ ရီးယဲလ် ကစားသမား ဆိုတာနဲ့ အကောင်းဆုံး ဆုတွေ ရဖို့ အာမခံချက် အလိုလို ရှိပြီးသား ။ဒါတွေအပြင် စီရော်နယ်ဒိုလည်း အသင်းမှာ မရှိတော့တာကြောင့် နေမာသာ ရီးယဲလ်ကို ရောက်ရင် အသင်းရဲ့ ဦးစားပေး ကစားသမား ချက်ချင်း ဖြစ်လာမှာ သေချာသလို ကြယ်ပွင့် ကစားသမား လိုချင်နေတဲ့ ပီရက်ဇ်ကြီးလည်း ဖူးဖူး မှုတ်ထားလောက်တယ်။ နေမာနဲ့ ရီးယဲလ် အတွဲအဖက်က သုံးတတ်ရင် နှစ်ဖက်လုံးအတွက် “ရွှေ”ဖြစ်လာမယ်။

ဒါပေမယ့် ရီးယဲလ်မှာ နေမာ မျှော်လင့်ထားသလို မဖြစ်လာ နိုင်တာလေးတွေ လည်းရှိတယ်။ ပထမ အချက်က ဗင်နီစီယပ်စ်၊ အသက် (၁၈) နှစ် သာ ရှိသေးတဲ့ ထွန်းတောက်ကြယ်လေး။ လက်ရှိ ခြေစွမ်းအတိုင်း လက်ရှိ စိတ်ဓါတ်အတိုင်းဆို နောက် နှစ်နှစ်လောက်အတွင်း တဟုန်ထိုး ခြေစွမ်းထက်လာမယ့် ချာတိတ်ပါ။

ဒီချာတိတ် တောက်ပ လာချိန်မှာ ဒဏ်ရာ မကြာခဏ ရတတ်တဲ့ နေမာ တစ်ယောက် ရီးယဲလ်မှာ ဒုတိယ လူ ဖြစ်သွားနိုင်သလို အနယ်လ်ကာ လက်သစ်ပါ ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက်က နေမာ အရမ်းလေးစားတဲ့ သူ့ရဲ့ Idol မက်ဆီ ။ နေမာသာ ရီးယဲလ် ရောက်လာရင် မက်ဆီရဲ့ လောင်းရိပ်အောက်ကို ပြန်ရောက်လာတာလည်း ဖြစ်သလို အခါးသီးဆုံး ပြိုင်ဘက်အဖြစ် မက်ဆီကို သူ ပြန်ရင်ဆိုင်ချင်ပါ့မလား ဆိုတာလည်း တွေးစရာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် နေမာ အနေနဲ့ PSG မှာလည်း ရွှေဘောလုံး ဆု ရနိုင်တယ်။ ဘာပေး ထက် ကောင်းအောင် သူ ကစားပြလို့ ရတယ်။ ဘာစီလိုနာ PSG ကို (၆-၁) ဂိုးနဲ့ နိုင်သွားတဲ့ ပွဲမှာ သူ ဘာစီလိုနာကို ဦးဆောင် ဆွဲတင်သွားသလို စွမ်းဆောင်ရည်မျိုး မကြာခဏ ပြသဖို့ တော့ လိုပါမယ်။ဒါဆိုရင်တော့ PSG ချန်ပီယံလိဂ် ရနိုင်သလို နေမာလည်း ရွှေဘောလုံးဆု ရနိုင်ပါတယ်။

စိတ်မရှည်ပဲ မကြာခဏ အသင်းပြောင်းနေရင်တော့ သူမျှော်လင့်ထားတဲ့ ရွှေဘောလုံးဆု ရဖို့ ပိုဝေးသွားနိုင်ပါတယ်။ သေချင်တဲ့ ကျား တောပြောင်း ဆိုတာမျိုး သူ ကြုံတွေ့ရနိုင် ပါတယ်။ဒါကြောင့် သူလေးစားတဲ့ မက်ဆီရဲ့ စိတ်ဓါတ်၊ ပြီးတော့ စီရော်နယ်ဒိုရဲ့ ဇွဲလုံ့လ မျိုးနဲ့ သူ့ရည်မှန်းချက်တွေကို PSG အသင်းကနေ ရယူတာကပဲ လက်ရှိ အသက် (၂၇)နှစ် ရှိပြီ ဖြစ်တဲ့ နေမာနဲ့ ပိုသင့်တော်ပါမယ်။