စီးရီးအေမှာ သူနဲ့ရော်နယ်ဒိုတို့ရဲ့ ပြိုင်ဆိုင်မှုကိုမြင်ရတော့မှာလားဆိုတာပြောပြလိုက်တဲ့ #ရစ်ဘာရီ

ဂျာမန် ထိပ်သီးဘိုင်ယန်မြူးနစ် အသင်းကနေထွက်ခွာ လာခဲ့တဲ့ဝါရင့်တောင်ပံကစားသမားကြီး ရစ်ဘာရီဟာ အခုချိန်မှာတော့ စီးရီးအေကလပ် ဖီအိုရင်တီးနား အသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။သူဟာ အသက် ၃၆ နှစ် အရွယ်ရှိနေပြီဖြစ်ပေမယ့် သင့်တင့်တဲ့ ကစားအားကျန်နေသေးလို့ ၂နှစ် အထိ စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

ဂျာမန် မြေမှာ ၁၂ နှစ်ကြာနေထိုင်ခဲ့တဲ့ရစ်ဘာရီဟာ ဘိုင်ယန် မြိုးနစ် အသင်းနဲ့ အတူ အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့ပြီး သူ့အတွက် ၉ကြိမ်မြောက် လာဘွန်ဒက်လီဂါ ဖလားကို ရယူနိုင်ခဲ့အပြီးမှာ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။သူဟာ ဖီအိုရင်တီးနားအသင်းမှာအသက်၄၀ အရွယ်လောက်အထိဆက်ကစားနိုင်ဖို့မျှော်လင့်နေပြီး ရော်နယ်ဒိုရဲ့ ပြိုင်ဘက်တဦးဖြစ်လာဖို့ကိုတော့မရည်ရွယ်ထားဘူးလို့ ဝန်ခံခဲ့ပါတယ်။

ရစ်ဘာရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်လာခဲ့အပြီး မှာအဲဗာတန်အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ကိုရောက်ရှိတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ အီတလီမှာပဲ အခြေချဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သူဟာ ရိုးမား အသင်းရဲ့ ဂန္တဝင်ကြီး တော့တီ ရဲ့ လမ်းစဉ်အတိုင်းလိုက်နိုင်ဖို့ အစီအစဉ်ရှိ နေပြီး ဖီအိုရင်တီးနား အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ ဦးဆောင်ပေးသွားဖို့ရည်မှန်းချင်ထားရှိနေပါတယ်။ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရစ်ဘာရီက –

” ကျွန်တော် ဒီအသင်းကို ရောက်လာဖို့ ညှိနှိုင်းမှုတွေ အချိန်အတော်အကြာလေးပြုလုပ်ခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာ ဖလောရင့်စ် မြို့ကိုရောက်နေပြီဖြစ်လို့ ကျွန်တော်ပျော်နေပါတယ်။အသင်းတာဝန်ရှိသူတွေကနေ ကြီးကျယ်တဲ့ စိတ်အားလှုံ့ဆော်မှုနဲ့ ယုံကြည်မှုမျိုးကိုမြင်တွေ့ထားခဲ့ရပါတယ်။ဒါကြောင့်လည်း ကျွန်တော်ဒီမှာ ရှိနေတာဖြစ်ပါတယ်။

Ribery

အခုရွေးချယ်မှုမှာ ကျွန်တော့်ဇနီးသည်က လည်း အကူအညီပေးခဲ့ပါတယ်။ဘာကြောင့်လည်းဆိုတော့ကျွန်တော့်အတွက် မိသားစုက အရမ်းအရေးပါပဲလို့ဖြစ်ပါတယ်။ကျွန်တော်ဟာ ဘောလုံးကို အမြဲတမ်းကစားနေချင်သူဖြစ်ပါတယ်။ကျွန်တော် ဒီအသင်းနဲ့ ၂နှစ်စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး အသင်းကိုအဆုံးအဖြတ်ပေးနိုင်သူဖြစ်ချင်ပြီး လူငယ်တွေကိုကူညီချင်ပါတယ်။

ဖီအိုရင်တီးနား အသင်းကို မတူညီတဲ့ အရာတချို့ ပေးစွမ်းချင်ပြီး ဇယားထိပ်ဆုံး ၃သင်းဝင်အောင် ပို့ဆောင်ပေးချင်နေပါတယ်။ကျွန်တော်ဒီကိုရောက်လာတာ သူတို့ကို ကူညီပေးချင်လို့ ဖြစ်ပြီးရော်နယ်ဒိုနဲ့ ပြိုင်ဘက်ဖြစ်ချင်လို့တော့ မဟုတ်ပါဘူး။

စီးရီးအေ ဟာ အံမခန်း ကစားသမားကောင်းတွေ အများကြီး ရှိနဲ့ ကြီးကျယ်ခန်းနားတဲ့ ပြိုင်ပွဲတခုဖြစ်ပါတယ်။အင်တာ မီလန် အသင်းဆိုရင်ဈေးကွက် အတွင်း အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့သလို ဂျူဗီ အသင်းကလည်း အတူတူပဲဖြစ်ပါတယ်။

ဘောလုံးက ကျွန်တော့်ရဲ့ဘဝဖြစ်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်ဥရောပမှာပဲ ဆက်နေချင်ခဲ့တာဖြစ်ပြီး ကံကောင်းလို့ ဖီအိုရင်တီးနားအသင်းကို ရှာဖွေခဲ့တာဖြစ်ပါတယ်။ကျွန်တော့်ရဲ့ အသက် ၄၀ လောက်အထိ ဘောလုံးကစားသွားချင်ပါတယ်၊ တော့တီလိုပေါ့ဗျာ ” လို့ပြောပြသွားခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနား အသင်းဟာ အခုအပတ် မှာ စတင်တော့မယ့် စီးရီးအေ ရာသီသစ် အဖွင့်ပွဲမှာ နာပိုလီနဲ့ ပွဲကျပ်ကစားရမှာဖြစ်ပါတယ်။ဒါပေမယ့် ရစ်ဘာရီကတော့ ပါဝင် လာဖို့ မသေချာတာဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီး – ” ဒီပွဲမှာ စတင်ကစားဖို့ ကျွန်တော် အသင့်မဖြစ်သေးပါဘူး။ဒါပေမယ့် အသင်းဖော်တွေနဲ့ဒီနေ့ မှာ လေ့ကျင့်ခန်းဆင်းထားခဲ့ရတာကို ကျွန်တော်ပျော်ပါတယ်။ဒါဟာတယောက်တည်းလေ့ကျင့်တာနဲ့ မတူပါဘူး။

ကျွန်တော်ပွဲတွေ စကစားဖို့ ၁ပတ် ၂ပတ် လောက် အချိန်ယူရဦးမှာဖြစ်ပါတယ်။ဒါပေမယ့် နည်းပြကြီးကသာ ကျွန်တော့်ကို လိုအပ်လာပြီလို့ ပြောလာရင်တော့ ကျွန်တော် ပိုပြီးမြန်မြန်ကစားဖို့ကြိုးစားမှာပါ ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR