အင်တာမီလန် နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ခြားနားပုံကို ဖွင့်ဟသွားတဲ့ လူကာကူ

မန်ချက် စတာ ယူနိုက်တက် ကနေ အင်တာ မီလန် ကို ပေါင် ၇၃ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့တဲ့ ရိုမီရို လူကာကူ ကတော့ စီးရီးအေ ရာသီ သစ် ကို စတင် ဖို့ ရင်ခုန် စိတ်လှုပ်ရှား နေပြီ ဖြစ် ပါတယ် ။ သူနှစ်သက် ခဲ့တဲ့ နည်းပြ ကွန်တီ ရဲ့ လက်အောက် က လေ့ကျင့်ခန်း အစီအစဉ် တွေ ဟာ အင်္ဂလန် က အသင်း ဟောင်း ရဲ့ လေ့ကျင့်ခန်း တွေ နဲ့ ကွဲပြား မှု ရှိတယ် လို့လည်း လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။

လူကာကူ ဟာ အင်တာ မီလန် အသင်း ရဲ့ စီးရီး ဒီ ကလပ် နဲ့ ကစား ခဲ့တဲ့ ခြေစမ်းပွဲ မှာ စတင် ပါဝင် ထားခဲ့ပြီး ၄ ဂိုး သွင်းကာ အသင်းသစ် နဲ့ မျက်နှာ လှ ထားခဲ့ ပါတယ် ။ အင်တာ မီလန် ကစား သမား ဖြစ်လာ ခဲ့တာ ရက်သတ္တပတ် အနည်းငယ်သာ ရှိနေ ခဲ့ပေမယ့် မီလန် ကလပ် မှာ ပျော်ရွှင် နေကြောင်း ကို သူ့ရဲ့ စကားတွေ က တဆင့် သိရှိ ခဲ့ရ ပါတယ် ။

လူကာကူ ကတော့ အီတလီ နဲ့ အင်္ဂလန် ကလပ် တို့ရဲ့ လေ့ကျင့်မှု တွေ ဟာ တကယ် ကွဲပြား ခြားနား နေပြီး အီတလီ မြေမှာ ပြုလုပ် နေတဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေ ဟာ တကယ် စစ်မှန်တဲ့ လုပ်ဆောင် ချက်တွေ ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

“တကယ်ကို ကြမ်းပါတယ် ။ အင်္ဂလန် နဲ့ တော်တော်လေး ကွဲပြား ပါတယ် ။ အင်္ဂလန် မှာလည်း လေ့ကျင့်ခန်းတွေ အများကြီး လုပ်ရ ပါတယ် ။ ဒါပေမယ့် ဒီမှာ လုပ်ရတာ တွေ က တကယ့် လေ့ကျင့်ခန်းတွေ ပါ” လို့ Otro သတင်း ဌာန နဲ့ အင်တာ ဗျုး အစီအစဉ် မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အင်တာ မီလန် ဟာ ၂၀၁၀ ခုနှစ် တုန်းက ပေါ်တူဂီ နည်းပြ မော်ရင်ဟို နဲ့ အတူ ချန်ပီယံ လိဂ် အပါ အ၀င် ဖလား ၃ လုံး အောင်ပွဲ ကို ရယူနိုင် ခဲ့ ပါတယ် ။ အဆိုပါ ကာလ နောက်ပိုင်း မှာတော့ အင်တာမီလန် ဟာ မျိုးဆက် ပြတ်သွားခဲ့ ပြီး ချန်ပီယံ လိဂ် ၀င်ခွင့် ရရှိ အောင် ရုန်းကန် နေရတဲ့ အသင်း တစ်သင်း အဆင့်ကို ရောက်ရှိ သွားခဲ့ ပါတယ် ။

ဒီရာသီ မစတင် ခင်မှာ တော့ အင်တာမီလန် ဟာ ချဲလ်ဆီး နဲ့ ယူဗင်တပ် နည်းပြ ဟောင်း အန်တိုနီယို ကွန်တီ ကို ခေါ်ယူ ခဲ့ သလို ကွန်တီ နှစ်သက်တဲ့ လူကာကူ ကိုလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ အားဖြည့် ပေးထားခဲ့ ပါတယ် ။ ဒီလို အားဖြည့်မှု တွေ ကြောင့် အင်တာ ဟာ ဒီနှစ် စီးရီးအေ ချန်ပီယံ ဆု ကို ယူဗင်တပ် ၊ နာပိုလီ တို့ နဲ့ အပြိုင်လုယူနိုင် မယ့် အသင်း ဖြစ်လာမယ် လို့ မှတ်ချက်ပေး မှု တွေ လည်း ရှိလာခဲ့ ပါတယ် ။

“မီလန် မြို့ ဟာ တကယ် နေလို့ ကောင်းပါတယ် ။ ဒါပေမယ့် ဒီကို အရသာ ခံဖို့ ကျွန်တော် ရောက်လာ ခဲ့တာ မဟုတ်ပါဘူး ။ အသင်း ကို တစ်စုံ တစ်ခု ရယူ နိုင်ဖို့ အတွက် ကူညီပေး ဖို့ ရောက်လာ ခဲ့တာပါ” လို့ လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။

လူကာကူ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ၂ ရာသီ ကစားခဲ့ ပြီး ပွဲပေါင်း ၉၆ ပွဲ ကစား ရာကနေ ၄၂ ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

SPORTS MYANMAR