ရာသီအစမှာပဲ ဖလားရယူနိုင်မယ့် အခွင့်အရေးအတွက် အစ္စတန်ဘူမှာ အပြိုင်ကြဲတော့မယ် လီဗာပူး Vs ချဲလ်ဆီး တို့ရဲ့ စူပါဖလား Preview

ချန်ပီယံလိဂ် ဖလား ဆုရှင် လီဗာပူး နဲ့ ယူအီးအက်ဖ်အေ ဖလား ချန်ပီယံ ချဲလ်ဆီး တို့ဟာ ယနေ့ညမှာတော့ ယူအီးအက်ဖ်အေ စူပါဖလား ကို တူရကီမြေမှာ ကစား သွားကြမှာ ဖြစ်ပြီး ဒါဟာ ၂ သင်းစလုံး အတွက် ၂၀၁၉-၂၀ ဘောလုံးရာသီ အစမှာပဲ ဖလား ကိုင်မြှောက်ခွင့် ရမယ့် အခွင့်အရေး ဖြစ်ပါတယ်။

လီဗာပူး Vs ချဲလ်ဆီး
သြဂုတ်လ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲ (မြန်မာစံတော်ချိန်)
ဘက်ဆစ်တပ်ပက် ၊ အစ္စတန်ဘူ
ယူအီးအက်ဖ်အေ စူပါဖလား
ဒိုင်လူကြီးး စတီဖနီဖရက်ပက်

လီဗာပူးဟာ ပရီးမီးယားလိဂ် ရာသီသစ်ကို ကောင်းစွာ စတင် နိုင်ခဲ့ပြီး နော့ဝှစ် အသင်းကို ပထမပိုင်း သွင်းဂိုးတွေနဲ့ အတူ ၄-၁ နဲ့ အနိုင်ရရှိ ခဲ့ပါတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ အနိုင်ရဖို့ သေချာသလောက် ဖြစ်သွားချိန်မှာ ကစားအားကို ချကာ ဒီပွဲအတွက် အင်အားခြွေတာခွင့် ရခဲ့ပြီး အဆိုပါ ညရဲ့ တစ်ခုတည်းသော စိတ်ပျက်စရာကတော့ အလီဆွန် ဒဏ်ရာ ရခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူး အတွက် ကတော့ ဒါဟာ ၆ ကြိမ်မြောက် စူပါဖလား ဖြစ်ပြီး ဒီတစ်ကြိမ် ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ ရီးရဲယ်မက်ဒရစ် (၄ကြိမ်) ကို လိုက်မှီသွားမှာ ဖြစ်ပါတယ်။

နည်းပြသစ် ဖရန့်လမ်းပတ် ကလည်း ချဲလ်ဆီး နည်းပြ ဘ၀ ပထမဦးဆုံး ရာသီ ကို ဆုဖလား နဲ့ အတူ စတင်ဖွင့်လှစ် သွားဖို့ ရည်မှန်း နေပြီး နှစ်ဘက်အသင်း ပရိတ်သတ်တွေ ကလည်း ဒီဖလား အတွက် အတော် အားခဲ နေကြပါတယ်။ ဆုဖလား တစ်လုံးကို ရာသီအစပိုင်းမှာ ရရှိခြင်းဟာ ကောင်းမွန်တဲ့ အရာတွေသာ ဖြစ်စေနိုင်ပြီး ကလော့ ရဲ့ အသင်း ဟာ ဒီပွဲကို ပိုမို ရေပန်းစားတဲ့ အသင်း အနေနဲ့ ၀င်ရောက်သွားမှာပါ။

ဖရန့်လမ်းပတ် ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခက်ခဲတဲ့ နေ့ရက်ကို ပိုင်ဆိုင် ခဲ့ပြီး သူ့ရဲ့ အသင်းဟာ မန်ယူနိုက်တက် ကို အိုးထရပ်ဖို့ဒ်မှာ ၄-၀ နဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့တာပါ။ ချဲလ်ဆီးဟာ ဒီအရှုံးကနေ ပြန်လည် ရုန်းထွက်ဖို့ အတွက် အားခဲနေမှာ ဖြစ်ပြီး အထူးသဖြင့် ပြီးခဲ့တဲ့ ၁၀စုနှစ် တစ်ခုကျော်လောက် ပြိုင်ဆိုင်လာတဲ့ ပြိုင်ဘက်နဲ့ ဖြစ်ပါတယ်။

ဒဏ်ရာပြသနာ
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ သတ်မှတ် ခံထားရတဲ့ အလီဆွန် ဒဏ်ရာ ရသွားခဲ့တာ ကတော့ လီဗာပူး အတွက် အနည်းငယ် စိတ်ပူစရာ ဖြစ်လာမှာပါ။ ဘရာဇီးစတားဟာ လာမည့် ရက်သတ္တပတ် အနည်းငယ် အနားယူ သွားရမှာ ဖြစ်ပြီး ကလော့ အနေနဲ့ လီဗာပူးရဲ့ အရေးပါတဲ့ ပွဲအချို့မှာ အလီဆွန် ကို ဆုံးရှုံးထားရမှာ ဖြစ်ပါတယ်။ ကလော့ ကတော့ ချဲလ်ဆီးနဲ့ပွဲအတွက် လူရွေးချယ်ရာမှာ သူ့အနေနဲ့ လာမည့် စနေနေ့ ဆောက်သမ်တန် နဲ့ ပွဲအတွက်ပါ ထည့်သွင်းစဉ်းစား သွားရမှာ ဖြစ်တယ်လို့ ၀န်ခံခဲ့ပေမယ့် ၎င်းအတွက် ရွေးချယ်စရာ အပြည့်အ၀ နီးပါးရှိနေပါတယ်။

နာဘီကီတာ ဟာ မနေ့က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ် ကနေ ကြွက်သားဒဏ်ရာကြောင့် ထွက်ခွာ သွားခဲ့တာကြောင့် ဒီပွဲအတွက် မသေချာတော့ ပါဘူး။ ဒါပေမယ့် ကလော့မှာ ကွင်းလယ် options တွေအဖြစ် မီနာ ၊ အောက်စလိန်ချိန်ဘာလိန် နဲ့ လယ်လာနာ တို့ ရှိနေကြပါတယ်။ နော့ဝှစ်နဲ့ ပွဲမှာ လူစားဝင် ကစားခဲ့တဲ့ မာနေးဟာ ဒီပွဲမှာတော့ ပွဲထွက်စာရင်းမှာ ပြန်ပါလာဖို့ များနေပြီး လီဗာပူးရဲ့ အားကောင်းလှတဲ့ ၃ ဦးတွဲ တိုက်စစ်ကို ပြန်မြင်ရဖို့ ရှိနေပါတယ်။ အိုရီဂီ ကတော့ ပွဲချိန် နှောင်းပိုင်းလောက်မှာ ၀င်ကစားရနိုင်ပြီး ရှကီရီ နဲ့ ဘရူးစတား တို့ကလည်း ၎င်းတို့ရဲ့ အရည်အသွေးကို သက်သေပြချင် နေမှာပါ။

ချဲလ်ဆီးဟာ လိုတပ်ချိ ၊ ဟက်ဆန်အိုဒိုအီ တို့ကို လက်လွှတ် ရမှာ ဖြစ်ပြီး ၀ီလီယံ ၊ ရူဒီဂါ တို့ကတော့ ပွဲထွက်ပါဝင် နိုင်မလား စောင့်ကြည့်ရမှာပါ။ ယူနိုက်တက် နဲ့ ပွဲမှာ အသေးစား ဒဏ်ရာ ပြန်ရခဲ့တဲ့ ကန်တီ ကတော့ ဒီပွဲအတွက် မသေချာတော့ပါဘူး။ ဒါပေမယ့် အီဒင်ဟာဇက် နေရာမှာ အစားထိုး ၀ယ်ယူ ခဲ့တဲ့ ခရစ်ရှန်ပူလီဆစ် ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကိုတော့ မြင်တွေ့ ရနိုင်ပါတယ်။

ခန့်မှန်း line-up
လီဗာပူး
အက်ဒရီယန် ၊ အလက်ဇန်းဒါးအာနိုး ၊ မာတစ် ၊ ဗန်ဒိုက် ၊ ရောဘတ်ဆန် ၊ ဖာဘင်ညို ၊ ဟန်ဒါဆန် ၊ မီနာ ၊ မာနေး ၊ ဖာမီနို ၊ ဆာလား

ချဲလ်ဆီး
ကီပါ ၊ အက်ပီလီကွေတာ ၊ ခရစ်တန်ဆန် ၊ ဇူးမား ၊ အီမာဆင် ၊ ဂျော်ဂျင်ညို ၊ ကိုပါဆင် ၊ ပူလီဆစ် ၊ ဘာကလေ ၊ ပက်ဒရို ၊ ဂျီရူး

ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲ ထိပ်တိုက် တွေ့ဆုံမှု

လီဗာပူး ၂-၀ ချဲလ်ဆီး – ဧပြီ ၂၀၁၉
ချဲလ်ဆီး ၁-၁ လီဗာပူး – စက်တင်ဘာ ၂၀၁၈
လီဗာပူး ၁-၂ ချဲလ်ဆီး – စက်တင်ဘာ ၂၀၁၈
ချဲလ်ဆီး ၁-၀ လီဗာပူး – မေ ၂၀၁၈
လီဗာပူး ၁-၁ ချဲလ်ဆီး – နိုဝင်ဘာ ၂၀၁၇

စူပါဖလား သမိုင်းကြောင်း

ဒါဟာ ယူအီးအက်ဖ်အေ စူပါဖလားမှာ လီဗာပူးရဲ့ ၆ ကြိမ်မြောက် ယှဉ်ပြိုင်မှု ဖြစ်လာမှာ ဖြစ်ပြီး ပထမဦးဆုံး ပွဲကတော့ ၁၉၇၇ မှာ ဖြစ်ပါတယ်။ ဘော့ပရက်စလေ ရဲ့ လီဗာပူးဟာ ဟမ်းဘတ်ကို ၂ကျော့ပေါင်း ၇-၁ နဲ့ အနိုင်ယူကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာ အန်ဒါးလက်ဟာ လီဗာပူးကို အံ့အားသင့်ဖွယ် နှစ်ကျော့ပေါင်း ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီး ၁၉၈၄ မှာလည်း လီဗာပူးဟာ ယူဗင်တပ် ကို ၂-၀ နဲ့ ရှုံးခဲ့ပြန် ပါတယ်။

နောက်တစ်ကြိမ် စူပါဖလား အတွက် လီဗာပူးတို့ ၁၇ နှစ်ကြာ စောင့်ဆိုင်း ခဲ့ရပြီး ၂၀၀၁ မှာတော့ ဟူလီယာ ရဲ့ အသင်းဟာ ဘိုင်ယန်ကို ၃-၂ နဲ့ နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပြီး ၂၀၀၅ မှာလည်း လီဗာပူးဟာ စီအက်ကေအေ မော်စကို အချိန်ပိုကန်ကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ၁၉၉၈ မှာ စူပါဖလားကို စတင် ကစားခွင့် ရခဲ့ကာ ရီးရဲယ်မက်ဒရစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်တစ်ကြိမ် စူပါဖလား အတွက် နောက်ထပ် ၁၄ နှစ် စောင့်ခဲ့ရပြီး အဆိုပါ ပွဲမှာတော့ အက်သလက်တီကိုကို ၄-၁ နဲ့ ရှုံးခဲ့ပါတယ်။ နောက်တစ်ရာသီမှာလည်း ချဲလ်ဆီးဟာ ဘိုင်ယန်ကို ပင်နယ်တီမှာ ရှုံးနိမ့် ခဲ့ပါတယ်။

ထူးခြားမှု
ဒီတစ်ခါ စူပါဖလားမှာ ထူးခြားမှု ကတော့ အမျိုးသမီး ဒိုင်လူကြီးဟာ ပထမဦးဆုံး အကြိမ်အဖြစ် အမျိုးသား ဥရောပ ပွဲစဉ်ကို ကိုင်တွယ်မှာပဲ ဖြစ်ပါတယ်။ စတီဖနီဖရက်ပတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန် နဲ့ နယ်သာလန် တို့ရဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဖိုင်နယ် ပွဲစဉ်ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ဖရက်ပ်က နဲ့ အတူ အမျိုးသမီး အကူဒိုင်တွေ အဖြစ် နီကိုလိုစီ နဲ့ အိုနေး တို့ ပူးပေါင်းမှာ ဖြစ်ပါတယ်။

ယာဂန်ကလော့ (လီဗာပူး)
‘အစ္စတန်ဘူဟာ လီဗာပူးနဲ့ ပရိတ်သတ်တိုင်း အတွက် ဘယ်လောက်တောင် ထူးခြားလွန်းတဲ့ နေရာဆိုတာ ကျွန်တော်သိပါတယ်။ ဘယ်သူမှ ၂၀၀၅ ကို မေ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ ခြားနားတဲ့သူတွေပါ။ မတူတော့ပါဘူး။ ကျွန်တော်တို့ဟာ ၂၀၁၉-၂၀ အသင်းပါ။ အရမ်းကောင်းတဲ့ အသင်းလည်း ဖြစ်ပါတယ်။ အစ္စတန်ဘူဟာ ဘောလုံးလောက အတွက် ကြီးကြယ်တဲ့ နေရာပါ။ ကျွန်တော် ဒေါ့မွန်နဲ့ အတူ တစ်ကြိမ် ကစားခဲ့ပြီး အရမ်းကောင်းတဲ့ ကွင်းအငွေ့အသက်ကို တွေ့ခဲ့ရပါတယ်။ တူရကီမှာ ရှိတဲ့ လီဗာပူး ပရိတ်သတ်တွေနဲ့လည်း ကြီးမားတဲ့ ဆက်သွယ်မှု ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် စပယ်ရှယ်ပါပဲ။ ကျွန်တော်တို့ဟာ လန်းဆန်းနေပြီး အကောင်းဆုံး ကစားသွားချင်ပါတယ်။ ကျွန်တော်တို့ ဒီအစုအဖွဲ့ အတွက်လည်း စပယ်ရှယ် နေရာ ဖြစ်အောင် လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။’

ဖရန့်လမ်းပတ် (ချဲလ်ဆီး)
ကျွန်တော် အကောင်းမြင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားသမားတွေကို ယုံကြည်ထားလို့ပါ။ ကျွန်တော်တို့ ဒီဖိုင်နယ် ရောက်နေတယ်ဆိုတာ ထိုက်တန်မှု ရှိလို့ပါ။ ကျွန်တော်ဟာ ချန်ပီယံလိဂ်ဖလားကို ထိုက်တန်စွာ ဆွတ်ခူးထားတဲ့ လီဗာပူးရဲ့ အရည်အသွေးကို ကောင်းကောင်း နားလည်ထားပါတယ်။ သူတို့ဟာ အရမ်းတော်တဲ့ မန်နေဂျာနဲ့ ကစားသမား အစုအဖွဲ့ ရှိနေပါတယ်။ ကျွန်တော်တို့ အမြင့်ဆုံး စွမ်းရည်နဲ့ ကစားနိုင်မှသာ အနိုင်ရနိုင်ပါတယ်။ ချဲလ်ဆီး အသင်း အနေနဲ့ ဒီဖလားကို ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီဖလား ရဲ့ အရေးပါမှုကို သေချာ နားလည်းထားပါတယ်။

SM