ပေါ့ဂ်ဘာအပေါ် အပြည့်အဝ မယုံကြည်သေးပဲ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရာတွေကို ဝေဖန်ပြောကြား သွားတဲ့ #ပေါလ်အင့်စ်

အဆက် မပြတ် ထွက်ပေါ် နေ ခဲ့တဲ့ သတင်း တွေ အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဥရောပ အပြောင်း အရွှေ့ ရာသီ ပိတ်သိမ်း တဲ့ အချိန် အထိ အသင်း ရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ကို အသင်း မှာ ဆက်လက် ထိန်းသိမ်း ထားလို နေတယ် လို့ သိရှိ ခဲ့ရ ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ရာသီ ကြို ခြေစမ်း ပွဲစဉ် တွေ တုန်းက စိန်ခေါ် မှု အသစ် တွေကို ရင်ဆိုင် ဖို့ အတွက် ဒီနွေ အပြောင်း အရွှေ့ အတွင်း အသင်း ပြောင်းရွှေ့ နိုင်ခြင်း ရှိကြောင်း ပြောကြား ခဲ့ သလို အေးဂျင် ဖြစ်သူ ရိုင်အိုလာ ကလည်း ပေါ့ဂ်ဘာရဲ့ အပြောင်း အရွှေ့ အတွက် တက်ကြွ နေခဲ့ တာကြောင့် ပြင်သစ် လက်ရွေးစင် ရဲ့ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ နိုင်ခြေ မြင့်တက် နေခဲ့ ပါ သေးတယ် ။

ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အသင်း ရဲ့ ရာသီ ကြို ပွဲစဉ် တွေမှာ ယူနိုက်တက် အတွက် အကောင်းဆုံး ကစား ပေး နိုင်ခဲ့ သလို ရာသီ အဖွင့် ပွဲစဉ် အဖြစ် ပြိုင်ဖက် ကောင်း ချဲလ်ဆီး နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် အတွင်း အထူး ခြေစွမ်း ကောင်း ပြသ ရင်း ဂိုး နှစ်ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

 

ဒါ့ကြောင့် ယူနိုက်တက် ဟာ အသင်း အတွက် အရေး ပါတဲ့ ကစားသမား ကို အိုးလ် ထရပ်ဖို့ဒ် မှာပဲ ဆက်လက် ထိန်းသိမ်း ထားဖို့ ဆန္ဒ ပြင်းထန် နေခဲ့ ပါတယ် ။ ထို့အတူ ဒီနွေ အတွင်း ပေါ့ဂ်ဘာ ကို အရ ခေါ်ယူ လိုချင် ခဲ့ ကြတဲ့ ရီးယဲ မက်ဒရစ် နဲ့ ဂျူဗင်တပ် အသင်း တို့ရဲ့ သတင်း တွေ ဟာလည်း ငြိမ်သက် သွားခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဒီ ရာသီ ကွင်းလယ် လူ ပေါ့ဂ်ဘာ ကို ဝန်းရံ ပြီး လျင်မြန် တဲ့ တိုက်စစ် ကစားသမား တွေနဲ့ အသင်း ကို တည်ဆောက် လိုနေ ကြောင်း ပြောကြား ခဲ့ပါ သေးတယ် ။ ဒါ့အပြင် သူဟာ ပေါ့ဂ်ဘာ ကို အသင်း ရဲ့ အရေး ပါတဲ့ ကဏ္ဍ တစ်ခု မှာ နေရာ ပေး ကစား စေလို ကြောင်း သူ့ရဲ့ ဆန္ဒ တွေကို ဖွင့်ဟ ခဲ့ပါ သေးတယ် ။

ဒါ့ကြောင့် ပေါ့ဂ်ဘာ နဲ့ ပတ်သက် လို့ ယူနိုက်တက် ရဲ့ လက်တလော အနေ အထား တွေက ကောင်းမွန် နေ သလို ရှိနေ ခဲ့ ပေမယ့် ယူနိုက်တက် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် အင့်စ် က ပြင်သစ် လက်ရွေးစင် ဟာ ယူနိုက်တက် အတွက် သာ အပြည့်အဝ အာရုံ နှစ်မြှုပ် အလုပ်လုပ် နေခြင်း မရှိ သေးကြောင်း ဝေဖန် သုံးသပ် သွားခဲ့ ပါတယ် ။

” ပေါ့ဂ်ဘာ ရဲ့ နှလုံးသား က ရာနှုန်း ပြည့် ယူနိုက်တက် အတွက် ချည်းပဲ နှစ်မြှုပ် ထားခြင်း မရှိ သေးတာ သိသာ ထင်ရှား လှ ပါတယ် ။ ဒါကို ချဲလ်ဆီး နဲ့ ပွဲစဉ် မှ သူ့ရဲ့ အနေအထား တွေကို လိုက်ကြည့် ရင်း သိရှိ နိုင်တယ် လေ ”

” တစ်ခါတလေ မှာ ပွဲစဉ် အပေါ် သူ့ရဲ့ အာရုံ စူးစိုက်မှု တွေက အကောင်းဆုံး အနေအထား မှာ မရှိခဲ့ ပါဘူး ။ သူ့ရဲ့ စိတ်ထဲ မှာ ဥရောပ အပြောင်း အရွှေ့ မပိတ်သိမ်း မီ ရက် သတ္တပါတ် အတွင်း အသင်း ပြောင်းရွှေ့ နိုင်ခွင့် ရှိနေ သေးတယ် လို့ တွေးတော ကောင်း တွေးတော နေပုံ ပါပဲ ”

” သူဟာ ကွင်း အပြင် မှာတော့ မှန်ကန် တဲ့ စကား တွေ ပြောဆို မြဲ ပြောဆို နေဆဲ ပါပဲ ။ အဲ့တာ က အသင်း ပြောင်းဖို့ အတွက် သပ်သပ် လုပ်ပြ နေတာ ဖြစ်နေ ရင်တော့ ကျွန်တော် အံ့သြ မိမှာ ပါပဲ ။ စပိန် ၊ အီတလီ မြေက အပြောင်း အရွှေ့ မပိတ်သိမ်း ခင် အထိ သူဟာ အသင်း မှာပဲ ဆက်လက် ရှိနေ လိမ့်မယ် လို့ ဘယ်သူ မှ ရာနှုန်းပြည့် တွေး မပျော် နိုင်ကြ သေး ပါဘူး ”

” ဒီ အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ရက် ချမှတ် ရပါ လိမ့်မယ် ။ အကယ်လို့ ပေါ့ဂ်ဘာ သာ ရီးယဲ မက်ဒရစ် အသင်း ဆီ မပြောင်း ရွှေ့ နိုင်ခဲ့ ရင် သူဟာ ယူနိုက်တက် အတွက် အနည်းဆုံး ဇန်နဝါရီ အထိ ဘယ်လို ကစား ပေးလိမ့် မလဲ ? အကယ်လို့ သူ အသင်း မှာ ရှေ့ဆက် ရှိမယ် ဆိုရင် ယူနိုက်တက် ကိုပဲ ခေါင်းထဲ ထည့်ပြီး ကစား ရပါ လိမ့်မယ် ” လို့ ပေါလ် အင့်စ် က ဝေဖန် သုံးသပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar