တူချယ်ကို ထုတ်ပယ်ခဲ့တဲ့ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေရဲ့ ဆုံးဖြတ်ချက် အပေါ် မေးခွန်းထုတ်လိုက်တဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ၂ပတ်ခန့်ကပဲ ဂျာမန်လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို နည်းပြ ရာထူးကနေ ထင်မှတ်မထားတဲ့ အခြေအနေ တခုကနေ တရားဝင် ထုတ်ပယ်သွားခဲ့ပါတယ် ။ သို့ပေမယ့်လည်း ချဲလ်ဆီး ဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေသလို ၊ ခြေစွမ်းက အကောင်းဆုံး အနေအထားမှာ ရှိမနေပါဘူး ။

ယခုနှစ် နွေရာသီမှာ စံချိန်တင် ပေါင်သန်း ၂၅၀ကျော် သုံးစွဲကာ ကစားသမားသစ် ၈ဦး အထိ ခေါ်ယူထားတာကြောင့် ၊ ချဲလ်ဆီး ဟာ ခေတ်သစ် တခုဆီ ချီတက်ဖို့ ပြင်ဆင်နေတယ် ဆိုတာ သိသာထင်ရှားခဲ့ပေမယ့် ၊ တူချယ်ကို ကစားသမားတွေ စိတ်ကြိုက် ခေါ်ပေးပြီးမှ ၊ အသင်းကို ကောင်းကောင်း လည်ပတ်ဖို့ အချိန် မပေးခဲ့တာတော့ အံ့သြစရာကောင်းခဲ့ပါတယ် ။

 

အဝေးကွင်း နောက်ဆုံး ၃ပွဲဆက် ရှုံးခဲ့တာ မှန်ပေမယ့် ၊ ယခင် ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာတောင် ထိုထက် ဆိုးတဲ့ ရလဒ်ပိုင်းတွေ ရှိခဲ့တာတောင် နည်းပြ အချို့ကို အချိန်ပေးခဲ့ဖူးတာကြောင့် ၊ ချဲလ်ဆီး ပရိသတ် အများစု ဟာ ပိုင်ရှင်သစ်တွေရဲ့ ဒီဆုံးဖြတ်ချက် အပေါ် ဘယ်လိုမှ သဘောမကျခဲ့ကြပါဘူး ။

အဝတ်လဲခန်းတွင်းမှာတော့ ကစားခွင့် ပုံမှန် မရတဲ့ အသင်းသား အချို့က တူချယ် အထုတ်ခံရတဲ့ သတင်းဟာ ၄င်းတို့ အတွက် အပေါင်း လက္ခဏာ ဆောင်နေတယ်လို့ ယူဆနိုင်ကြပေမယ့် ၊ တူချယ်ရဲ့ favour ပေးခြင်းကို ရထားခဲ့တဲ့ အသင်းသား အချို့ကတော့ တော့ဒ်ဘိုလီနဲ့ ပိုင်ရှင်သစ်တွေရဲ့ ဆုံးဖြတ်ချက် အပေါ် နားမလည်နိုင် ဖြစ်ခဲ့ကြပါတယ် ။

ထိုအထဲမှာ တူချယ်နဲ့ တနိုင်ငံတည်းသား ဖြစ်တဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ Kicker သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဟာဗက်ဇ် က တူချယ် ထွက်ခွာခဲ့ရခြင်း အပေါ် အခုလိုပဲ ပထမဆုံး အကြိမ် မှတ်ချက်ပေးခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ( တူချယ် နည်းပြ ရာထူးက အထုတ်ခံခဲ့ရခြင်း အပေါ် ) ကျွန်တော်လည်း ဒါကို အံ့အားသင့်ခဲ့မိပါတယ် ။ အထူးသဖြင့် ခင်ဗျားတို့ အနေနဲ့ ပြီးခဲ့တဲ့ တနှစ်ခွဲတာ ကာလ အတွင်းက ကစားပုံနဲ့ ရခဲ့တဲ့ အောင်မြင်မှု အတိုင်းအတာကို ကြည့်ကြည့်ရင်ပေါ့ ။ ”

” လောလောဆယ် အဆင့် ၆ နေရာကို ရောက်နေတာ တခုတည်းနဲ့တော့ ဒါဟာ ဆိုးရွားလွန်းတဲ့ ရာသီ အစ ဖြစ်တယ်လို့ ခင်ဗျား အနေနဲ့ တပ်အပ် ပြောလို့ မရပါဘူး ။ အထူးသဖြင့် အခုလို ပိုင်ရှင်သစ်တွေ ရောက်လာတဲ့ ပထမဆုံး နှစ်မျိုးမှာပေါ့ ။ သူတို့ဟာ ဒီလောက အကြောင်း နားလည်နိုင်ဖို့ ကြိုးစားနေရတုန်းပါ ။ ”

” ဒါပေမယ့် ဘောလုံးမှာ မြန်နှုန်းမြင့် အရှိန်နဲ့ ရွေ့လျားနေတာ ဖြစ်လို့ ၊ ဘယ်အချိန်မှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။ နည်းပြသစ်ကတော့ ကျွန်တော့တို့ကို အရမ်းကောင်းတဲ့ ချဉ်းကပ်မှုတွေ လုပ်ထားပါတယ် ။ ကျွန်တော်တို့မှာ ကြီးကျယ်တဲ့ ကစားသမား အင်အား ရှိတာကြောင့် ၊ အချိန်ကောင်း အခါကောင်းမှာ ရှိနေတယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ တူချယ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့အပြီး ၊ ရက်ပိုင်း အကြာမှာ ဘရိုက်တန် နည်းပြ ဂရေဟမ် ပေါ်တာကို နည်းပြသစ် တာဝန် ပေးအပ်ခဲ့ကာ ၊ ရေရှည် စီမံကိန်း အတွက် ၅နှစ် စာချုပ်ချုပ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ အပတ် ကြားရက်က ကစားခဲ့တဲ့ ဆဲလ်ဇ်ဘာ့ဂ် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲဟာ ပေါ်တာရဲ့ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံးပွဲ ဖြစ်ခဲ့ပါတယ် ။

ထိုပွဲမှာ ချဲလ်ဆီး ဟာ တိုက်စစ် အသားပေး ၊ ၃ – ၅ – ၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ၊ ပုံမှန် အထောင်တိုက်စစ်မှာ ကစားနေကျ ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ကို နံပါတ် ၁၀ နေရာ ပို့ကစားခဲ့ရာ ၊ ယင်းဂျာမန်သား ခြေစွမ်းပြနိုင်ဖို့ အထူး ရုန်းကန်ခဲ့ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း ၄င်းက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ဟုတ်ပါတယ် ။ နံပါတ် ၁၀ နေရာမှာ ကစားရတာက ကျွန်တော့ အတွက် အနည်းငယ် အခက်တွေ့စေပါတယ် ။ ပြီးခဲ့တဲ့ တနှစ်ခွဲတာ ကာလ အတွင်း ကျွန်တော်ဟာ များသောအားဖြင့် အထောင်တိုက်စစ်နေရာမှာသာ ကစားခဲ့ရပါတယ် ။ ဒီ role ၂ခုက အရမ်း ကွဲပြားခြားနားလွန်းပါတယ် ။ ”

” ကျွန်တော် ကစားရတဲ့ နေရာက အရေးမကြီးပါဘူး ။ နံပါတ် ၁၀ နေရာ ၊ နံပါတ် ၉ နေရာမှာ ကစားရတာပဲဖြစ်ဖြစ် ၊ ညာခြမ်းတိုက်စစ် လိုက်ရတာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ အသင်း အတွက်သာ ကူညီပေးချင်ပြီး ၊ နည်းပြရဲ့ ယုံကြည်မှု ရအောင် သက်သေပြလိုပါတယ် ။ ဘယ်နေရာမျိုးမှာမဆို ကျွန်တော် ကစားပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR