ရော်ဂျာ ရဲ့ အနာဂတ် ကို အဆုံးအဖြတ်ပေးမယ့် နော့တင်ဟမ် ဖောရက်စ် နဲ့ ကစားမယ့်ပွဲ

စပါး အသင်းကို ဂိုးပြတ် ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ပရိသတ်တွေ အားလုံးက ဘရန်ဒန် ရော်ဂျာဟာ ရာထူးကနေ ထုတ်ပယ်ခံရပြီလို့တောင် ထင်မှတ်ခဲ့ကြတာပါ။ သူကိုယ်တိုင်လဲ ပွဲအပြီး အင်တာဗျူးတွေမှာ အသင်းပိုင်ရှင်တွေ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှုရှိရှိ နဲ့ လက်ခံသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပုံမှန် အားဖြင့်ဆိုရင် ပရီးမီးယားလိဂ် ကလပ်တွေဟာ နည်းပြ အပြောင်းအလဲကို အခုလို နိုင်ငံတကာ ပွဲစဉ်ကာလမျိုးမှာ လုပ်ဆောင်ကြလေ့ရှိပြီး ၊ ရှေ့ပွဲအတွက် ပြင်ဆင်မှုရဖို့ ပွဲစဉ်တွေ ရပ်နားထားတဲ့ အခိုက်အတန့်ကို အကျိုးရှိရှိ နဲ့ အသုံးချကြပါတယ်။

 

သို့သော် လက်စတာ ကတော့ နည်းပြ ဘရန်ဒန် ရော်ဂျာ ကို နောက်ဆုံး အခွင့်ရေး အဖြစ် နော့တင်ဟမ် ဖောရက်စ် နဲ့ ပွဲကို စောင့်ကြည့်ပေးဦးမှာ ဖြစ်ပါတယ်။

ရော်ဂျာ ကိုယ်တိုင်လဲ လက်ရှိ နိုင်ငံတကာ ပွဲစဉ်ကာလဟာ အပြောင်းရွှေ့ ကာလမှ ဖြတ်သန်းခဲ့ရတဲ့ အိပ်မက်ဆိုးတွေ ၊ လက်ရှိ ထွက်ပေါ်နေတဲ့ ရလာဒ်ဆိုးတွေကို ရပ်တန့်ပစ်ဖို့ အကောင်းဆုံး အခိုက်တန့် တစ်ခုဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး အသင်းရဲ့ လိုအပ်ချက်တွေကို ပြင်နိုင်ဖို့ အတွက် အသက်ရှုခွင့်ရတဲ့ ကာလမျိုးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

သို့သော် လက်စတာ ပရိသတ်တွေ ကတော့ အခု ကတည်းက ရော်ဂျာအပေါ် စိတ်ကုန်နေကြပြီ ဖြစ်လို့ ၊နည်းပြ အပြောင်းအလဲ အမြန်ဆုံး လုပ်ပေးဖို့ လိုလားလျှက် ရှိနေပါတယ်။

ဒါကြောင့် နိုင်ငံတကာ ပွဲစဉ်ကာလ အပြီး နော့တင်ဟမ် ဖောရက်စ် နဲ့ ပထမဆုံး ပြန်လည် ကစားမယ့် ပွဲမှာ လက်စတာ ပရိသတ်တွေ ရဲ့ သဘောထားက ဘယ်လို ထုတ်ဖော်လာမလဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အဖွင့်ပွဲ 7 ပွဲ ကစားအပြီးမှာ 1 မှတ်ပဲ ရယူနိုင်သေးတဲ့ မှတ်တမ်းက ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် အဆိုးဝါးဆုံး မှတ်တမ်းအဖြစ် စံချိန်တင်ထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ 6 ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာက 2008-2009 ဘောလုံးရာသီက ဒါဘီ ကောင်တီထက်တောင် ပိုဆိုးပါတယ်။

သို့သော် အဲဒီ 6 ပွဲမှာ ထိပ်သီး 6 သင်း စာရင်းဝင် အသင်းကြီးတွေ ဖြစ်တဲ့ ချဲဆီး ၊ အာဆင်နယ် ၊ ယူနိုက်တက် ၊ စပါး တို့လို အသင်းကြီး နဲ့ ကစားခဲ့ရတဲ့ အကြောင်းအရင်းကလဲ ရော်ဂျာ ကို နောက်ဆုံး ကြိုးစားခွင့် တစ်ကြိမ်ပေးဖို့ အကြောင်းဖန်လာခဲ့တယ် ထင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ ရော်ဂျာ အနေနဲ့ မျှော်လင့်ချက်က ရှိနေဆဲလို့ ဆိုလို့ ရပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာ တိုက်စစ်က စုစုပေါင်း 9 ဂိုး အထိ သွင်းထားလို့ ၊ နဝမမြောက် တိုက်စစ်အကောင်းဆုံး အသင်းဖြစ်နေသလို ၊ သူတို့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု 77 ကြိမ် နဲ့ Shot on Target (25 ကြိမ်) အထိ ရှိထားတာဟာ ချဲဆီးထက်တောင် ပိုကောင်းနေပါတယ်။

စပါးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ပထမပိုင်း ဂိုးပေါက် ခြိမ်းခြောက်မှုက 13 ကြိမ် အထိရှိခဲ့ကာ ၊ အိမ်ရှင် စပါးထက် 7 ကြိမ်တောင် ပိုခဲ့ပါတယ်။

ဒါကြောင့် လက်စတာ ရဲ့ ပြသနာတွေ ဟာ တိုက်စစ်ပိုင်းထက် ခံစစ်က အလွယ်တကူ ဂိုးတွေ ဆက်တိုက်ပေးနေရတာ အဓိကထား ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

ရော်ဂျာ အနေနဲ့ သူ့ရဲ့ ရာထူး နဲ့ ပတ်သက်ပြီး ကြိုးစားခွင့် ရှိနေတဲ့ အချက်က နော့တင်ဟမ် ဖောရက်စ် နဲ့ ကစားပြီးတာ နဲ့ နောက်ထပ် ကစားရမယ့် 4 ပွဲဟာ အလယ်အလတ် အသင်းတွေ ချည်းပဲ ဖြစ်နေတာပါ။

နော့တင်ဟမ် ဖောရက်စ် က လက်ရှိ စုစုပေါင်း ရမှတ် 4 မှတ် နဲ့ အဆင့် 19 နေရမှာ ရပ်တည်နေသလို ၊ အဲဒီနောက်ဆက်ပြီး ကစားရမယ့် 4 ပွဲမှာ တန်းဆင်းဇုံ အထက် ရပ်တည်နေတဲ့ ဝုဖ် ၊ ပဲလေ့ ၊ အဆင့် 10 အောက် ရပ်တည်နေတဲ့ ဘုန်းမောက် ၊ လိဒ် ယူနိုက်တက် တို့ ဖြစ်နေပါတယ်။

ဒါကြောင့် လက်စတာသာ ရုန်းကန်မယ် ဆိုရင် နိုင်ငံတကာ ပွဲစဉ်အပြီး ကစားမယ့်ပွဲတွေက အခွင့်ရေး ဖြစ်တာမို့ ၊ ရော်ဂျာ ရဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

SM