အူဘာမီယန်း ချဲလ်ဆီး အသင်းမှာ ရုန်းကန်ရဖို့ မျှော်လင့်နေတယ်လို့ ဖွင့်ဟလာတဲ့ ဂန်းနား ဂန္တဝင်

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံး နေ့ရက်မှာ ဘာစီလိုနာ အသင်းကနေ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့သူပါ ။ ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀.၃ သန်း ပေးချေ ခဲ့ရပါတယ် ။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကမှ အာဆင်နယ် အသင်းကနေ အူဘာမီယန်း ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ စာချုပ်ချုပ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။အူဘာမီယန်း ဟာ အာဆင်နယ် အသင်းမှာ လေးနှစ်ကြာ ကစားခဲ့ပြီး ၁၆၃ ပွဲ ကစားကာ သွင်းဂိုး ၉၂ ဂိုး အထိ သွင်းယူ ပေးခဲ့သူ ဖြစ်ပါတယ် ။

 

အူဘာမီယန်း ဟာ အာဆင်နယ် က မထွက်ခင် အချိန်မှာ စည်းကမ်း ချိုးဖောက်မှုတွေကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံရပြီး ပွဲထွက်လူစာရင်း ကနေ တောက်လျှောက် ချန်လှပ် ခံခဲ့ရပါတယ် ။ အဲ့ဒီနောက်မှာတော့ အာဆင်နယ် နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းပြီး ဂါဘွန်သားကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် ကနေ ထွက်ခွာပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ ပရီးမီးယားလိဂ် ရဲ့လန်ဒန်ကလပ် ချဲလ်ဆီး အသင်းကို ပြန်လည် ရောက်ရှိ လာခဲ့တာပါ ။ ဂန်းနား ဂန္တဝင် ဝင်တာဘန်း ကတော့ အူဘာမီယန်း ချဲလ်ဆီး အသင်းမှာ ရုန်းကန်ရဖို့ မျှော်လင့်ထားတယ်လို့ ဆိုလိုက်ပါတယ် ။

” သူ ချဲလ်ဆီး အသင်းကို ပြောင်းလာတာနဲ့ ပတ်သက်ပြီး ကျွန်တော် မအံ့အားသင့်မိပါဘူး ။ အာဆင်နယ် မှာ သူ ပြဿနာတက်ခဲ့ပြီး အသင်းက သူ့ကို ထွက်ခွာခွင့် ပြုလိုက်ပါတယ် ၊ အခု မထင်မှတ်ဘဲ ရုတ်တရက် သူ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့ပါပြီ ။”

” သူ ဘာစီလိုနာ အသင်း လုံလောက်တဲ့ ပွဲကစားခွင့် မရနိုင်တာကြောင့် ပြန်ပြောင်းလာတာ ဖြစ်နိုင်သလို ဘာစီလိုနာ အသင်းကလည်း အသင်းမှာ နေရာလွတ်တွေ ရချင်တာကြောင့် သူ့ကို ရောင်းထုတ်တာလည်း ဖြစ်နိုင်ပါတယ် ။ ဆိုတော့ သူ အခု ပရီးမီးယားလိဂ်က ချဲလ်ဆီးကို ပြန်ရောက်နေပြီပေါ့ဗျာ ။ ”

” သူ အရင်က ကစားခဲ့ဖူးတဲ့ နည်းပြဆီကို ပြန်ပြောင်းလာတာက အဓိပ္ပာယ် ရှိပါတယ် ၊ ဒါပေမယ့် အဲ့ဒီ နည်းပြက ရုတ်တရက် ထုတ်ပယ် ခံရလိုက်ရပါတယ် ၊ အခု သူ နည်းပြသစ် လက်အောက်မှာ ကစားရပါတော့မယ် ။ သူက အာဆင်နယ် မှာ အစကောင်းခဲ့ပေမယ့် အဆုံးသတ်ကတော့ မကောင်းခဲ့ပါဘူး ၊ ဒါပေမယ့် သူ အခု ချဲလ်ဆီး ကို ပြန်လာတာက သူ့ပုံရိပ်ကို ပြန်လည် တည်ဆောက်ချင်တာကြောင့်ပါ ။ ”

” စောင့်ကြည့်ရမယ့် အရာတစ်ခုက သူ အာဆင်နယ်မှာတုန်းကလိုမျိုး တစ်ရာသီ ဂိုး ၂၀ လောက် ချဲလ်ဆီးမှာ သွင်းနိုင်မလား ဆိုတာပါပဲ ။ အဲ့ဒီအရေအတွက်က သူရော ချဲလ်ဆီးပါ လိုချင်ကြမယ့်ဂိုးအရေအတွက်ပါ ၊ ကျွန်တော်ကတော့ ရှင်းရှင်းပြောရရင် သူ့ကို အဲ့ဒီလောက် ဂိုးမရစေချင်ပါဘူး ၊ အူဘာ သာ အဲ့လောက် ပမာဏ သွင်းရင် ချဲလ်ဆီး​က အမှတ်ပေး ဇယား အပေါ် ရောက်လာပါလိမ့်မယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

SM