ဆန်ချို နဲ့ ရက်ဖိုဒ့် တယောက်တော့ ကမ္ဘာ့ဖလားမှာ ပါသင့်တယ်လို့ ဆိုတဲ့ ပေါလ်မာဆန်

 

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ အခု နိုင်ငံတကာ ပွဲကာလ အတွင် ကစားမယ့် နေးရှင်းလိဂ် ပွဲတွေ အတွက် ကစားသမား ၂၈ ယောက် စာရင်းကို ရွေးထုတ်ခဲ့ ပါတယ် ။

အဲ့ဒိ စာရင်းမှာ မန်ချက်စတာ ယူနိုက်တက် က ဟယ်ရီ မက်ဂွဲယား ပါဝင်ခဲ့ ပေမယ့် ဂျေဒန် ဆန်ချို နဲ့ မားကပ် ရက်ဖိုဒ့် တို့ ပါဝင် မလာခဲ့ကြပါဘူး ။

 

ဒီလို ကျန်ရစ်မှုကြောင့် ရက်ဖို့ နဲ့ ဆန်ချို တို့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်တွေဟာ စိတ်ပူစရာ ကောင်းလာခဲ့ကြ ပါတယ် ။

သူတို့ ၂ ဦး ဟာ ပြီးခဲ့တဲ့ ယူရို မှာကတည်းက ကြံ့ခိုင်မှု မပြည့်ခဲ့ကြသလို အီတလီ နဲ့ ဗိုလ်လုပွဲ မှာလည်း ပင်နယ်တီတွေ လွဲခဲ့ကြပါတယ် ။

ယူရို အပြီး ၂၀၂၁-၂၂ တရာသီလုံးမှာလည်း ရက်ဖိုဒ့် ရော ဆန်ချို ပါ စိတ်ကျေနပ်လောက်စရာ ခြေစွမ်းကို မပြသ နိုင်ခဲ့ကြပါဘူး ။

အခု ရာသီ အစမှာတော့ ဆန်ချို က မနှစ်ကထက် တိုးတက် လာခဲ့သလို ရက်ဖိုဒ့် ကလည်း ပွဲအချို့မှာ ဂိုးပြန်သွင်း နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဆောက်ဂိတ် ကတော့ မနှစ်က တနှစ်လုံးနီးပါး ချန်လှပ် ခဲ့သလိုပဲ အခု နေးရှင်းလိဂ် အတွက် လူရွေးရာမှာ ဆန်ချို နဲ့ ရက်ဖိုဒ့် တို့ကို ချန်လှပ် သွားခဲ့ကြပါတယ် ။

အင်္ဂလန် နဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆန် ကတော့ မားကပ် ရက်ဖိုဒ့် ဟာ အင်္ဂလန် အသင်းနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင် သွားသင့်ပြီး သူ့ရဲ့ အရည်အသွေး နဲ့ အတွေ့အကြုံဟာ အသင်းကို အကူအညီ ပေးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ ပါတယ် ။

ဒါပေမယ့် အခြား ယူနိုက်တက် အသင်းဖော်တွေ ဖြစ်ကြတဲ့ မက်ဂွဲယား ၊ လုခ်ရှော နဲ့ ဂျေဒန်ဆန်ချို တို့ကတော့ ဆောက်ဂိတ် ရဲ့ အသင်းမှာ ပါဝင်ဖို့ မသင့်ဘူးလို့ မာဆန် က သုံးသပ် ပြောဆိုသွားခဲ့ ပါတယ် ။

“ဟယ်ရီ မက်ဂွဲယား က အခုရာသီမှာ ယူရိုပါလိဂ် ပွဲတွေပဲ ကစားရမယ့်ပုံ ရှိပါတယ် ။ ဒီလိုလူ ကို ဆောက်ဂိတ် က ခေါ်ပြီး ဘာလုပ်မှာလဲ ၊ အခု သူ မက်ဂွဲယား နဲ့ လုခ်ရှော တို့ကို ရွေးထားတဲ့ အကြောင်းကို ကျွန်တော် သိပါတယ် ။ ပွဲကစားချိန်တွေ ရလာဖို့ပါ ။ ဒါပေမယ့် အခု သူတို့ ကစားရမှာက အီတလီ ၊ ဂျာမနီ နဲ့ပါ”

“ကျွန်တော် ကတော့ လုခ်ရှော ကို ကမ္ဘာ့ဖလားဆီ ခေါ်သွားဖို့ မသင့်ဘူးလို့ ထင်ပါတယ် ။ မက်ဂွဲယား တောင်မှ ပါခဲ့ရင်တောင် အရန်ပဲ ဖြစ်သင့်တာပါ ။ အသင်းမှာ သူတို့ထက် ပိုကောင်းတဲ့ ၊ ပိုပြီ ပုံစံမှန်တဲ့ ခံစစ်သမားတွေ ရှိနေပါတယ် ။

အင်္ဂလန် မှာက နောက်ခံအစွန်လူတွေ အရမ်းများပါတယ် ၊ ရှော မပါရင်တောင် အာနိုး ၊ ဝေါ်ကာ ၊ ရစ်ဆီ ဂျိမ်းစ် ၊ ချီဝဲလ် ၊ ထရစ်ပီယာ တို့တွေ ရှိပြီးသားပါ ။ အားလုံးက လက်ရှိမှာ ရှောထက် အပြတ်အသတ် သာပါတယ်”

 

“ဒါပေမယ့် ရက်ဖိုဒ့် ကိုတော့ ကျွန်တော် ရွေးစေချင် ပါတယ် ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေ ကလို သူ ဆက်ပြီး ကစားပြ နိုင်မယ် ၊ ဒဏ်ရာလည်း မရှိဘူး ဆိုရင်ပေါ့ ။ အဆုံးသတ် ၂၆ ယောက် စာရင်းထဲမှာ သူပါဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်”

“တကယ်လို့ အိုင်ဗန် တိုနီ သာ အခု လာမယ့် နေးရှင်းလိဂ် ပွဲတွေမှာ ပုံစံကောင်း ပြခဲ့မယ် ၊ ပရီးမီးယားလိဂ် မှာလည်း ဆက်ပြီး ဂိုးတွေ သွင်းနေမယ်ဆိုရင်တော့ ရက်ဖိုဒ့် အတွက် ခက်ခဲ နိုင်ပါတယ် ။ ဆန်ချို ကို ချန်ထားလို့ လူတွေ ပြောနေကြပါတယ် ။ ဒါပေမယ့် သူက ၂ ဂိုးပဲ သွင်းသေးတာပါ ၊ ဖန်တီးမှုတောင် လုံး၀ မရှိသေးပါဘူး ။ ဒါက လုံလောက်တယ်လို့ ဆိုချင်တာလား”

“ကျွန်တော်တို့ က အီရန် နဲ့ စဖွင့်ရမှာပါ ( ကမ္ဘာ့ဖလား အုပ်စု ) ။ ပူပြင်းတဲ့ ရာသီနဲ့ အသားကျပြီးသား အသင်း တသင်းက ကျွန်တော်တို့ကို အခက်တွေ့စေ ပါလိမ့်မယ် ။ အဖွင့်ပွဲ ဆိုတာ အုပ်စု နောက်ဆုံးပွဲလို မဟုတ်ပါဘူး ၊ အသင်းတိုင်း ခြေကုန်ထုတ်ကြတာပါ ။ ဒါကြောင့်လည်း အဖွင့်ပွဲတွေမှာ အံ့သြစရာ ရလဒ်တွေ တပြုံကြီး ဖြစ်ခဲ့ကြတာ ပါပဲ”

“ဒီလို ပွဲမျိုး မှာ ရလဒ် ကောင်းချင်တယ်ဆိုရင် ရက်ဖိုဒ့် လို အတွေ့ အကြုံ နဲ့ လျှင်မြန်တဲ့ ကစားပုံ ရှိတဲ့ တိုက်စစ်သမားမျိုး ဆောက်ဂိတ် လိုအပ်ပါတယ် ။ ဆန်ချို နဲ့ မတူတာက ရက်ဖိုဒ့် မှာ လှစ်ခနဲ ပြေးထွက် နိုင်ပြီး တယောက်ချင်း အဆုံးသတ်တဲ့ နေရာမှာ စိတ်ချ ရတာပါ ။ ကျွန်တော် ကတော့ မားကပ် ရက်ဖိုဒ့် ဟာ အင်္ဂလန် လူစာရင်းမှာ ပွဲထွက်သင့်တဲ့ တယောက်တည်းသော မန်ချက်စတာ ယူနိုက်တက် ကစားသမားလို့ ထင်ပါတယ်” လို့ ပေါလ်မာဆန် က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

ပေါလ်မာဆန် ရွေးချယ် ပေးတဲ့ အင်္ဂလန် အသင်းရဲ့ ပွဲထွက် လူစာရင်း –

ပစ်ဖိုဒ့်

အာနိုး ၊ ဝေါ်ကာ ၊ စတုန်း ၊ ထရစ်ပီယာ

ဖိုဒန် ၊ ရိုက်စ် ၊ မောင့်

စတာလင် ၊ ကိန်း ၊ ရက်ဖိုဒ့်

SPORTS MYANMAR