စာချုပ်သစ် အတွက် ဘာစီလိုနာ ကို တမုန်းတောင်းဆိုခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ် မက်ဆီ ရဲ့ ဘာစီလိုနာ အသင်းက ထွက်ခွာရမှု ဟာ ဘောလုံး ပရိသတ်တွေရဲ့ ရင်ကို မချမ်းမြေ့ စေခဲ့ပါဘူး ။

အာဂျင်တီးနား တိုက်စစ်မှူးဟာ သူ့ဘ၀ တလျောက်လုံးကို ဘာစီလိုနာ မှာ ဖြတ်သန်း ကုန်ဆုံး စေခဲ့ပြီး ဘယ်သူမှ မရနိုင်တဲ့ အောင်မြင်မှုတွေ ကိုလည်း ရယူနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာတော့ မက်ဆီ ဟာ ဘာစီလိုနာ နဲ့ စာချုပ်ကုန် သွားခဲ့ပြီး အချိန်မီ သက်တမ်း မတိုးနိုင် ခဲ့တာကြောင့် ကတ်တလန် ကလပ် နဲ့ လမ်းခွဲ ခဲ့ရကာ PSG အသင်းထံ ပြောင်းရွှေ့ သွားခဲ့ရ ပါတယ် ။

 

ယမန်နေ့ မှာတော့ လီယွန်နယ် မက်ဆီ နဲ့ ဘာစီလိုနာ တို့ ဆွေးနွေး ညှိနှိုင်း ခဲ့ကြတဲ့ စာချုပ်သစ်ပါ အကြောင်းအရာ အချို့ ဟာ မီဒီယာ ထက်ကနေ ပေါက်ကြားလာခဲ့ပါတယ် ။

ဒီသတင်းကို စတင် ဖြန့်ချီသူကတော့ ကတ်တလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Mundo ပါပဲ ။

အယ်လ် မွန်ဒို ဟာ မက်ဆီ ရဲ့ ဖခင်/အေးဂျင့် ဖြစ်သူ ဟော်ဟေး နဲ့ ရှေ့နေ တို့ အကြားပေးပို့တဲ့ မေးလ်တွေ ၊ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ နဲ့ ဆက်သွယ်ခဲ့မှုတွေ ၊ အသင်း CEO နဲ့ မေးလ်ပေးပို့မှုတွေကို ရရှိခဲ့ပြီး မက်ဆီ နဲ့ ဘာစီလိုနာ တို့ ဘာတွေ ညှိနှိုင်းခဲ့ကြတယ် ၊ ဘယ်လိုတွေ ဖြစ်ခဲ့ကြတယ် ဆိုတာကို ထုတ်ဖော် ဖွင့်ချ သွားခဲ့ ပါတယ် ။

စာချုပ်သစ် အတွက် မက်ဆီရဲ့ တောင်းဆိုမှုတွေ ထဲမှာ သူ နဲ့ လူးဝစ် ဆွာရက် တို့ရဲ့ မိသားစုတွေ အတွက် နူးကမ့် ကွင်းထဲမှာ သီးသန့် အခန်း ( ပွဲကြည့်ဖို့ ၊ အနားယူဖို့ ) ထားရှိပေးဖို့ ဆိုတဲ့ အချက် ပါဝင်ခဲ့ ပါတယ် ။

ဒါ့အပြင် ခရစ္စမတ်လို အားလပ်ရက် မျိုးမှာ သူတို့ မိသားစုဝင် အားလုံးကို သီးသန့် ဂျက်လေယာဉ် နဲ့ အာဂျင်တီးနား ကို ပို့ဆောင်ပေးဖို့ ၊ စာချုပ်သစ် ချုပ်ဆိုခ ( လက်မှတ်ထိုးကြေး ) အဖြစ် ယူရို ၁၀ သန်း ပေးချေဖို့တွေ ပါရှိခဲ့ပါတယ် ။

စိတ်ဝင်စားစရာ အချက် ၂ ခု ကတော့ မက်ဆီ ဘက်က သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကို ယူရို သန်း ၇၀၀ ကနေ ယူရို ၁ သောင်း ( ၁၀၀၀၀ ) အထိ ချပစ်ဖို့ တောင်းဆိုခဲ့တာ နဲ့ ကိုဗစ် ကာလတုန်းက လျော့ယူပေးထားတဲ့ လစာ ကို အတိုး ၃% နဲ့ ပြန်ပေါင်းထည့်ပေးဖို့ တောင်းဆို ခဲ့တာတွေပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် စာချုပ်သစ်မှာ ၂၀၂၀ အောက်တိုဘာ ကနေ ၂၀၂၁ ဇူလိုင် ကာလ အတွက် သစ္စာရှိ အပိုဆုကြေးလည်း ပေါင်းထည့် ပေးချေဖို့ ပါရှိခဲ့တယ်လို့ ကြားသိရ ပါတယ် ။

မက်ဆီ ဟာ ကိုဗစ် ကာလ အတွင်းက လုပ်ခရဲ့ ၂၀% ကို လျော့ယူပေးထားခဲ့ပြီး စာချုပ်သစ် ချုပ်ဆို အပြီးမှာ အဆိုပါ ပမာဏ အတွက် အတိုး ၃% ပြန်ပေါင်းကာ အလိုရှိခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီအနေအထားအရ ဘာစီလိုနာ ဟာ မက်ဆီ ကို တနှစ်အတွက် ယူရို သန်း ၁၂၀ ကျော် ပေးချေရဖို့ ဖြစ်သွားရ စေနိုင်ပါတယ် ။

ကလပ် အသင်းဟာ မက်ဆီ ရဲ့ တောင်းဆိုမှု အတော်များများကို လက်ခံ ခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းကြေး ကိစ္စ နဲ့ အတိုးနှုန်း ကိစ္စတွေ မှာတော့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့ကာ စာချုပ်သစ် ချုပ်ဆိုရေး ကြန့်ကြာခဲ့ကြ ပါတယ် ။

နောက်ဆုံးမှာတော့ အားလုံး သိကြတဲ့ အတိုင်း မက်ဆီ ဟာ ဘာစီလိုနာ ကနေ လက်ပြနှုတ်ဆက် ထွက်ခွာ ခဲ့ရပါတယ် ။

အခု နောက်ဆုံး ကြားသိရတဲ့ သတင်းမှာတော့ ဘာစီလိုနာ ဟာ ဒီသတင်းတွေ ပေါက်ကြားထုတ်ဖော် ခဲ့မှုကို စိတ်ဆိုး ဒေါသထွက်နေပြီး အသင်းရဲ့ ပုံရိပ် ကို ကာကွယ်ဖို့ အတွက် မွန်ဒို သတင်းစာကို ဥပဒေ လမ်းကြောင်းအရ ရင်ဆိုင် သွားဖို့ ပြင်ဆင်နေပြီလို့ ထုတ်ပြန်သွားခဲ့ ပါတယ် ။

မက်ဆီ ရဲ့ စာချုပ်သစ် အတွက် တောင်းဆိုခဲ့တဲ့ အချက်အလက်အချို့ –

၁ ။ လက်မှတ်ထိုးကြေး ယူရို ၁၀ သန်း

၂ ။ ယူရို ၁၀၀၀၀ တန် စာချုပ်ဖျက်သိမ်းကြေး

၃ ။ စာချုပ်သက်တမ်း ၃ နှစ် + ထပ်မံ သက်တမ်းတိုးခွင့်

၄ ။ သူ နဲ့ ဆွာရက် ရဲ့ မိသားစုအတွက် နူးကမ့်ကွင်း အတွင်း သီးသန့်ခန်း ထားရှိပေးရန်

၅ ။ ၂၀၂၁-၂၂ ရာသီမှာ လစာ ၁၀% နှုန် ၊ ၂၂-၂၃ ရာသီမှာ တနှစ်လုပ်ခရဲ့ ၃% အပိုပေးချေဖို့

၆ ။ ခရစ္စမတ်တိုင်း မိသားစုဝင် အားလုံးကို သီးသန့် ဂျက်လေယာဉ် နဲ့ အာဂျင်တီးနားကို ပြန်ပို့ပေးဖို့

SPORTS MYANMAR