ချဲလ်ဆီး နည်းပြ ရာထူးကနေ အထုတ်ခံခဲ့ရတာ ၂ပတ်သာ ရှိသေးပေမယ့် ၊ အခြား အသင်းကြီး ၂သင်းနဲ့ သတင်းတွေ ထွက်လာတဲ့ တူချယ်

ဂျာမန်လူမျိုး နည်းပြ သောမတ်စ် တူချယ် ဟာ လွန်ခဲ့တဲ့ ၂ပတ်က ဒိုင်နမိုဇာဂရက် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲကို အရေးနိမ့်ခဲ့အပြီး ၊ နောက်တရက်မှာ ချဲလ်ဆီး နည်းပြ ရာထူးကနေ အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရပါတယ် ။

တူချယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယပိုင်းမှာ sanction ပြဿနာ များစွာ ရှိခဲ့တဲ့ ချဲလ်ဆီး အသင်း အပေါ် အပြည့်အဝ သစ္စာ ရှိခဲ့တာကြောင့် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဘာစီလိုနာတို့ရဲ့ စိတ်ဝင်စားမှု ၊ ချိတ်ဆက်မှု ရရှိခဲ့သည့်တိုင် ၊ ချဲလ်ဆီးမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

 

သို့ပေမယ့် ကံအကြောင်း မတိုက်ဆိုင်စွာပဲ ၊ ပိုင်ရှင်သစ်တွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီနဲ့ အမေရိကန် စီးပွားရှင်တွေဟာ တူချယ်နဲ့ ဘောလုံး အမြင် ၊ အသင်း အတွက် မျှော်မှန်းထားတဲ့ အနာဂတ် အစီအစဉ်တွေမှာ သဘောထား မတူညီခဲ့တဲ့ အပြင် ၊ အပြောင်းအရွှေ့ လှုပ်ရှားမှု ဆိုင်ရာ ကဏ္ဍတွေမှာလည်း တူချယ်က လုံလောက်တဲ့ ကူညီမှုတွေ မပေးခဲ့ဘူးလို့ သိရပါတယ် ။

ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၃ပွဲဆက် အရေးနိမ့်ခဲ့ခြင်း ဟာ တူချယ်ကို ထုတ်ပယ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပေမယ့် ၊ အသင်းနဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်ခဲ့ခြင်းကြောင့်သာ ၂ဦး ၂ဖက် လမ်းခွဲခဲ့ရခြင်း ဖြစ်ကြောင်း တော့ဒ်ဘိုလီက ကွန်းဖရန့် တခုမှာ ရှင်းလင်းခဲ့ပါတယ် ။

တူချယ် တယောက် အသင်း လက်မဲ့ ဖြစ်နေတာ ၁၀ရက်ကျော်သာ ရှိသေးပေမယ့် ၊ ဥရောပ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ယူဗင်တပ်စ် အသင်းတွေနဲ့ ကောလဟလတွေ ရှိနေကြောင်း Metro သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။

ဒီ ၂သင်းဟာ ယခုနှစ် ရာသီ ပြည်တွင်းလိဂ်တွေမှာ ထင်သလောက် အခြေအနေ မဟန်နေတာကို တွေ့ထားရပါတယ် ။ ဘိုင်ယန်မြူးနစ်ဆိုရင် ချန်ပီယံလိဂ် အုပ်စုတွင်း ၂ပွဲမှာသာ အင်တာမီလန် ၊ ဘာစီလိုနာတို့ကို ၂ဂိုးပြတ် ရလဒ်တွေနဲ့ နိုင်ထားပေမယ့် ၊ ဘွန်ဒက်စ်လီဂါမှာတော့ နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲ ပျောက်နေပါတယ် ။

လောလောဆယ်မှာ ဘိုင်ယန်တို့ အဆင့် ၅ နေရာကို ရောက်နေပြီး ၊ အမှတ်ပေးဇယားထိပ်က ယူနီယံဘာလင်နဲ့ ၅မှတ် အထိ ကွာဟလျက်ရှိပါတယ် ။ သို့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ စီအီးအို ဖြစ်သူ အိုလီဗာခမ်းကတော့ နည်းပြ ယူလီယမ် နာဂယ်စ်မန်း အပေါ် ထောက်ခံမှု အပြည့်အဝ ပေးထားပါတယ် ။

Sport 1 နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အိုလီဗာခမ်း က ” ကျွန်တော်တို့ဟာ ယူလီယမ် အပေါ် အပြည့်အဝ ယုံကြည်ပြီးသားပါ ။ ဟုတ်ပါတယ် ။ လတ်တလော ရလဒ်တွေ အပေါ် သူလည်း စိုးရိမ်နေတာပါပဲ ။ ကျွန်တော်တို့ရဲ့ အခြေအနေက မကောင်းနေပါဘူး ။ ”

” တချို့သော ကစားသမားတွေဟာ ဘွန်ဒက်စ်လီဂါကို ဒုတိယ ဦးစားပေး ပြိုင်ပွဲ အနေနဲ့ သဘောထားနေကြပါတယ် ။ ဒီလို လုပ်လို့ မရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဘိုင်ယန်လိုပဲ အခြား အင်အားကြီး ကလပ် ဖြစ်တဲ့ ယူဗင်တပ်စ်ဟာလည်း စီးရီးအေမှာရော ၊ ချန်ပီယံလိဂ်မှာ အခြေအနေ ဆိုးနေတာကို တွေ့ရပါတယ် ။

အိုးလေဒီတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၈ပွဲမှာ တပွဲပဲ အနိုင်ရထားပြီး ၊ ဒါဟာ ပရိသတ် အချို့ အတွက် လက်ခံနိုင်စရာ မရှိတဲ့ ရလဒ်တွေ ဖြစ်တယ်လို့ အီတလီ သတင်းတွေက ဖော်ပြထားပါတယ် ။ တချို့ကတော့ လက်ရှိ နည်းပြ မက်စီမီလီယာမို အယ်လီဂရီ အစား တူချယ်နဲ့ အစားထိုးဖို့ အလိုရှိနေကြပါတယ် ။

ယူဗင်တပ်စ်ဖက်ကတော့ ရလဒ်တွေ ဆိုးရွားနေသည့်တိုင် ၊ အယ်လီဂရီကို ထုတ်ပယ်ဖို့ အလျင်လိုမှာ မဟုတ်သလို ၊ ၄င်းတို့ဟာ တော့တင်ဟမ် နည်းပြ ဖြစ်တဲ့ အန်တိုနီယို ကွန်တီကို စောင့်ဆိုင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

SPORTS MYANMAR