ရိုးမား ကစားသမားတွေ အနေနဲ့ နောက်ဆို ပင်နယ်တီ ရဖို့ ဒိုင်ဗင်ထိုးပြသင့်ကြောင်း ပြောလိုက်တဲ့ မော်ရင်ဟို

မနေ့ညက အိုလံပီကိုကွင်းမှာ ကစားခဲ့တဲ့ စီးရီအေပွဲမှာ ရိုးမား အသင်းဟာ အတ္တလန်တာ အသင်းကို ပထမပိုင်းပြီးခါနီးမှာ ပေးခဲ့ရတဲ့ ဂျော်ဂျီယို စကယ်လ်ဗန်နီရဲ့ သွင်းဂိုးကြောင့် ၀ – ၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဂိုးပေးခဲ့ရပြီးတဲ့ နောက်ပိုင်း ရိုးမားဟာ ပွဲကို တဖက်သက် ဖိကစားနိုင်ခဲ့ပြီး ၊ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် အငြင်းပွားဖွယ်ရာ ပင်နယ်တီ ရနိုင်ခြေ အနေအထား ၂ကြိမ် ကြုံခဲ့ရပြီး ၊ ၂ကြိမ်လုံးမှာ ကွင်းလယ်ဒိုင် က ရိုးမားဖက်ကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ယင်းအခြေအနေ ၂ကြိမ်မှာ ရိုးမား ကွင်းလယ်လူ နီကိုလို ဇန်နီယိုလို ပါဝင် ပတ်သက်ခဲ့ပါတယ် ။

 

သို့ပေမယ့် အခြေအနေ ၂ရပ်လုံးမှာ ဇန်နီယိုလို က ပြိုင်ဖက် ကစားသမားကို အင်္ကျီ စဆွဲခဲ့ဟန် ပေါ်ပြီး ၊ ကွင်းလယ်ဒိုင်က ဒါတွေကို ပင်နယ်တီ အဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်နိုင်ပါတယ် ။ ဒါ့အပြင် ၄င်းဟာ တွန်းတွန်းတိုက်တိုက် ဖြစ်နေတဲ့အချိန် ၊ ပင်နယ်တီ ဧရိယာထဲ တန်းမလှဲချခဲ့တာကိုလည်း တွေ့ရပါတယ် ။

ပထမ အဖြစ်အပျက်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တုန့်နှေးနေတာကို ကွင်းဘေးကြီး ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုက အားမလိုအားမရ ဖြစ်ခဲ့ရာ ၊ ကွင်းထဲသို့ စည်းကျော် ဝင်ရောက်ခဲ့တာကြောင့် ၊ တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရပါတယ် ။ ဒီအတွက်ကြောင့် လက်ကျန် ပွဲချိန်တွေကို ပရိသတ် ခုံတန်းကနေပဲ မော်ရင်ဟို တယောက် ကြည့်ခွင့်ရခဲ့ပါတယ် ။

ပွဲအပြီး Sky Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျုးမှာတော့ မော်ရင်ဟို က ၄င်းရဲ့ အသင်းသားတွေ အနေနဲ့ နောက်ဆိုရင် ပင်နယ်တီ ရဖို့ အတွက် ဒိုင်ဗင်ထိုးသင့်ကြောင်း မျက်နှာပြောင်တိုက်ကာ တိုက်တွန်းရင်း ၊ အသင်းသားတွေရဲ့ ကြိုးစား အားထုတ်မှု အပေါ်လည်း အခုလိုပဲ ချီးကျူးသွားပါတယ် ။

မော်ရင်ဟို က ” ဒါဟာ ပင်နယ်တီ ဆိုတာ ရှင်းနေပါတယ် ။ ကျွန်တော် ပွဲအပြီး ကွင်းလယ်ဒိုင်ကို မေးကြည့်တော့ ၊ သူက ဇန်နီယိုလို ဟာ ထိထိချင်း ပင်နယ်တီ ဧရိယာထဲ လဲမကျခဲ့တာကြောင့်လို့ ဖြေပါတယ် ။ ဒီတော့ ကျွန်တော့ အနေနဲ့ ကစားသမားတွေကို ပြစ်ဒဏ် ကျူးလွန်ခံရတိုင်း အနာခံပြီး ဆက်မကစားနေပါနဲ့ ၊ ရေကူးကန်ထဲမှာ ဒိုင်ဗင်ထိုးသလို ၊ မျက်နှာပြောင်တိုက်ပြီး လှဲချပါလို့ပဲ အကြံပြုချင်ပါတယ် ။ ”

” ဒါမှပဲ ကျွန်တော်တို့ ပင်နယ်တီ ရမှာပါ ။ ဒီနေ့ ကစားပုံ က အရမ်း မဆိုးပါဘူး ။ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော်တို့ လွယ်လွယ်ကူကူနဲ့ နိုင်သင့်တဲ့ပွဲ ဖြစ်ပြီးမှ ၊ ရှုံးနိမ့်ခဲ့လို့ပါ ။ ပေါ်လိုသာ ပါခဲ့ရင် ၊ ဂိုးပေးရပြီး နောက်ပိုင်း ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေနဲ့ဆို ပွဲရလဒ်က တမျိုး ဖြစ်နိုင်တယ် ဆိုတာ ခင်ဗျားတို့ မှန်းကြည့်လို့ ရပါတယ် ။ ”

” ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ လွယ်လွယ်ကူကူနဲ့ အနိုင်ရဖို့ကောင်းတဲ့ အထိ ကစားပြနိုင်ခဲ့ပါတယ် ။ ကံဆိုးစွာနဲ့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။ ဒါကြောင့် ကျွန်တော်တို့ ရှုံးခဲ့တာပါ ။ လက်ဗလာနဲ့ ပွဲက ထွက်ခွာလာရတာက ဘယ်တော့မှ မကောင်းပါဘူး ။ ဒါပေမယ့် ဒါက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ မွန်ဇာ ၊ ခရီမိုးနီးစ် အသင်းတွေကို တဖက်သက် မကစားနိုင်ခဲ့ပေမယ့် ၊ ဒီနေ့မှာ အတ္တလန်တာကို ပွဲချိန်ပြည့် လွှမ်းမိုးနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ရိုးမား တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ တန်ပြန်တိုက်စစ် တကြိမ်ကနေ ဂိုးသမားနဲ့ one vs one အနေအထားကနေ အပိုင် တကြိမ် ကန်ခွင့် ရခဲ့ပါတယ် ။

သို့ပေမယ့် အေဘရာဟမ် ဟာ တခါတည်း တန်းကန်ဖို့ မစဉ်းစားပဲ ၊ အတ္တလန်တာ ဂိုးသမား စပေါ်တီယယ်လိုကို လိမ်ခေါက်ဖို့ ကြိုးစားရင်း ၊ ဘောလုံးက ကွင်းဘေးစည်း ကျော်သွားခဲ့ပါတယ် ။ မော်ရင်ဟို ကတော့ အေဘရာဟမ်ရဲ့ ခြေစွမ်း အပေါ် အပြစ်မတင်ခဲ့ပဲ ၊ အခုလို ကာကွယ်သွားခဲ့ပါတယ် ။

မော်ရင်ဟို က ” တမ်မီ ဟာ အသင်း အတွက် အမြဲတမ်း ဂိုးသွင်းပေးချင်တဲ့ တိုက်စစ်မှူး တဦးပါ ။ ခြေစွမ်းမပြနိုင်တဲ့အခါတော့ သူ ကိုယ့်ကိုယ်ကို စိတ်ပျက်တတ်ပါတယ် ။ သူ ဒဏ်ရာ အသေးစား ရပြီးကတည်းက ၊ ပွဲအချို့မှာ သူ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ။ ဒါဟာ သူ့အတွက် အခိုက်အတန့်ကောင်းတော့ မဟုတ်ပါဘူး ။ ”

” တိုက်စစ်မှူးတွေဟာ တခါတလေ ဒါမျိုးတွေ ကြုံတွေ့ရတတ်ပါတယ် ။ ဒါပေမယ့် ဘာမှ ဝေဖန်စရာ မလိုပါဘူး ။ သူဟာ ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ် တဦး ဖြစ်ဖို့ ရှေ့ဆက် ကြိုးစားမှာ ဖြစ်သလို ၊ သူဟာ အားလပ်ရက် ခရီးရောက်နေတာလည်း မဟုတ်ပါဘူး ။ သူဟာ ဆက်လက် တိုးတက်ဖို့ အတွက် သင်ယူနေဆဲပါ ။ မကြာခင် သူ ဖြစ်ထွန်းလာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR