မြို့ခံပြိုင် အေတီကို အနိုင်ယူပြီး အမှတ်ပေးဇယား ကို ဦးဆောင်လိုက်တဲ့ ရီးရဲ မက်ဒရစ်

ဒီနှစ် ဘောလုံးရာသီမှာ ပထမဆုံး ထိပ်တိုက်တွေ့ဆုံတဲ့ မက်ဒရစ် ဒါဘီ ပွဲစဉ်ကို ရီးရဲ မက်ဒရစ် က စိုးမိုးပြသွားခဲ့ပါတယ်။

အေတီကို မက်ဒရစ် ဟာ အိမ်ကွင်းမှာ ကစားရတယ် ဆိုတဲ့ အားသာချက်က လွဲရင် ဥရောပ ချန်ပီယံကြီးကို ဘယ်လိုမှ မယှဉ်နိုင်ပဲ အရှုံးပေးလိုက်ရပါတယ်။ ဧည့်သည်အတွက် သွင်းဂိုးတွေ ကို ပထမပိုင်းမှာပဲ ရိုဒရီဂို နဲ့ ဗယ်ဗာဒီ တို့က သွင်းယူပေးခဲ့တာပါ။

 

 

လက်ရှိ ဥရောပ မီဒီယာလောကမှာ စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေကြတဲ့ ပြင်သစ် ကွင်းလယ်လူ ချူအာမီနီ ဟာ ဒီပွဲမှာလဲ ခြေစွမ်းပြ ကစားသွားသလို ၊ အဖွင့်ဂိုး ရယူဖို့ အတွက်လဲ သူကပဲ ဖန်တီးပေးသွားခဲ့တ ဖြစ်ပါတယ်။ 18 ကိုက်ထဲ ကို ပြေးဝင်သွားတဲ့ ရိုဒရီဂို ရဲ့ ပြေးလမ်းကြောင်းထဲကို သူက ဧရိယာထိပ် ကနေ အသာလေး မ တင်ပေးလိုက်ရာ ၊ ရိုဒရီဂို က လုံး၀ မြေမကျပဲ ကန်သွင်းပြသွားတာကြောင့် အော့ဘလက် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။

လူမျိုးရေး ဆိုင်ရာ ခွဲခြားခံရမှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ ဗီနီစီးယပ် ဟာ ရိုဒရီဂီု ဂိုးသွင်းအပြီးမှာတော့ သူ့ရဲ့ ထုံးစံအတိုင်း အကတွေနဲ့ အောင်ပွဲခံပြခဲ့ပါတယ်။

ရီးရဲ မက်ဒရစ် ရဲ့ ဒုတိယ သွင်းဂိုးက ပိုတောင် လှတယ် ထင်ပါတယ်။ ဗီနီစီးယပ် နဲ့ လူကာမိုဒရစ် တို့ ဝမ်းတူး ရိုတ်ပြီး ထွက်သွားတဲ့ ပုံစံက တကယ်ကို အဆင့်မြင့် တိကျလွန်းသလို ၊ ဘရာဇီး ချာတိတ်ရဲ့ ကန်ချက်ဟာ ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့ပေမယ့် နောက်ကနေ လိုက်ပါလာတဲ့ ဗယ်ဗာဒီ က သပ်သပ်ရပ်ရပ် ပိတ်သွင်းပြသွားလို့ ပွဲကို 2-0 နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဗယ်ဗာဒီဟာ နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲ မှာ အသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပြနိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

မီးနစ် 80 ရောက်တဲ့ အထိ အေတီကို ဟာ ရီးရဲ မက်ဒရစ် ကို အသာစီး ရယူနိုင်ခြင်း မရှိသလို ၊ အနီးကပ် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်ခြင်း မရှိလို့ အဝေးကန်ချက်တွေ နဲ့သာ ဂိုးရဖို့ ကြိုးစားနေခဲ့ရပါတယ်။ 83 မီးနစ် အရောက်မှာတော့ ဟာမိုဆို က ထောင့်ကန်ဘောကနေ ချေပဂိုး တစ်ဂိုး သွင်းပေးခဲ့ပေမယ့် ၊ နာကျင် အချိန်ပို အရောက်မှာ နှစ်ဝါ တစ်နီ နဲ့ ဆက်ပြီး ထုတ်ပယ်ခံလိုက်ရပါတယ်။

ရီးရဲ မက်ဒရစ်ဟာ ဒီပွဲကို ဆက်ပြီး အနိုင်ရရှိလိုက်တာကြောင့် ဒီရာသီ လာလီဂါ ပြိုင်ပွဲရဲ့ 100% အနိုင်ရလာဒ် ကို ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ၊ စုစုပေါင်း ရမှတ် 18 မှတ် နဲ့ အမှတ်ပေးဇယား ထိပ်ကို ပြန်လည် ရယူသွားခဲ့ ပါတယ်။

ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲ ပေါင်းစုံ စုစုပေါင်း ကစားထားတဲ့ 9 ပွဲ မှာ 9 ပွဲ စလုံး အနိုင်ရရှိထားသလို ၊ စုစုပေါင်း သွင်းဂိုး က 24 ဂိုး အထိ ရှိကာ ၊ ပေးဂိုး 6 ဂိုးသာ ပြန်လည် ခွင့်ပြုထားရပါတယ်။ လာလီဂါ အမှတ်ပေးဇယား အပြင် ချန်ပီယံလိဂ် အုပ်စုထိပ်ဆုံးမှာပါ ရှိနေတာကြောင့် နည်းပြ အန်ဆယ်လော့တီ တည်ဆောက်ထားတဲ့ အသင်းဟာ လူငယ်တွေ ရဲ့ စွမ်းဆောင်ရည်တွေ နဲ့ အတူ အမြင့်ဆုံး အထိ နောက်တစ်ကြိမ် ပျံသန်းပြဖို့ အားယူနေပြီ ဖြစ်ပါတယ်။

စွမ်းဆောင်မှုပိုင်း ဆိုင်ရာအချက်အလက်တွေ အရတော့ ဥရောပ ထိပ်သီးလိဂ် ပြိုင်ပွဲတွေ မှာ ဒီရာသီ 100% နိုင်ပွဲ ရယူထားနိုင်တာ ဆိုလို့ ရီးရဲ မက်ဒရစ် တစ်သင်းသာ ကျန်တော့တယ်လို့ သိရပါတယ်။

SM