ဗယ်ဗာဒီ ၁၀ ဂိုးမကျော်ရင် နည်းပြအလုပ်က ထွက်မယ်ဆိုတဲ့ အန်ဆယ်လော့တီ

ရီးရဲမက်ဒရစ် အသင်းရဲ့ နည်းပြကြီး ကာလို အန်ဆယ်လော့တီ ဟာ ယမန်နေ့ ညက ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်း အတွက် ပုံစံကောင်း ပြသပြီး ဂိုးသွင်းယူ ခဲ့တဲ့ ဖက်ဒရီကို ဗယ်ဗာဒီ ကို ချီးကျုး စကား ပြောဆိုရင်း ဗယ်ဗာဒီ နဲ့ ပတ်သက်ပြီး သတိပေး ပြောဆိုခဲ့ဖူးပုံ ကို ဟာသလုပ်ကာ ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

ရီးရဲ ဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ဗယ်ဗာဒီ ၊ အဆန်စီရို တို့ရဲ့ ဂိုးတွေ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

 

ချန်ပီယံလိဂ် ရဲ့ လက်ရှိ ချန်ပီယံလည်းဖြစ် ဖလား ၁၄ ကြိမ် နဲ့ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်တဲ့ ရီးရဲ မက်ဒရစ် ဟာ မနေ့ညက ပွဲမှာ ဂျာမန် ကလပ် ဘက်ကို ဂိုးရဖို့ ခက်ခဲ ခဲ့ပြီး ၇၉ မိနစ်မှသာ ဗယ်ဗာဒီ က အဖွင့်ဂိုး စတင် သွင်းယူပေး နိုင်ခဲ့ ပါတယ် ။

အဲ့ဒိ နောက်မှာတော့ နာကျင် အချိန်ပိုမှာ အဆန်စီရို က ဒုတိယမြောက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။ ၂ ဂိုးစလုံးကို ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပြီး လှပတဲ့ ဂိုးတွေ ဖြစ်ခဲ့ပါတယ် ။

ဗယ်ဗာဒီ ဟာု အခု ရာသီမှာ ရီးရဲမက်ဒရစ် အတွက် ပုံစံကောင်းတွေ ပြသနေပြီး မနှစ်တုန်းက ဝေဖန်မှုတွေကို တိတ်ဆိတ် စေခဲ့ပါတယ် ။

၂၀၂၁-၂၂ ရာသီတုန်းက တရာသီလုံး ၁ ဂိုးသာ သွင်းနိုင်ခဲ့တဲ့ ဗယ်ဗာဒီ ဟာ အခုရာသီမှာတော့ စက်တင်ဘာ လဝက် အရောက်မှာတင် မက်ဒရစ် ကလပ် အတွက် ၃ ဂိုး သွင်းယူပေးထား ခဲ့ပြီ ဖြစ်ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာ ယူရဂွိုင်း ကြယ်ပွင့် နဲ့ပတ်သက်ပြီး မေးမြန်း ခံရချိန်မှာတော့ အန်ဆယ်လော့တီက ” ဘာက ထူးဆန်းတာလဲ ဆိုတော့ မနှစ်တုန်းက သူ ၁ ဂိုးပဲ သွင်းနိုင်ခဲ့တာ ပါပဲ ။ စူပါဖလားပွဲ ဖြစ်မယ်လို့ ထင်ပါတယ်”

“ဒီလို ကစားသမားမျိုး ဆီကနေ တရာသီ ဆယ်ဂိုးလောက်မှ မရနိုင်ဘူး ဆိုရင်တော့ ကိုယ့်ရဲ့ နည်းပြ လိုင်စင်ကို ဆွဲဖြဲပြီး အနားယူလိုက်တာ အကောင်းဆုံး ပါပဲ”

“ဘာလို့လည်းဆိုတော့ သူ့မှာ တကယ်မိုက်တဲ့ ကန်ချက်တွေ ရှိလို့ပါ ။ ခုပွဲမှာ ဘယ်ခြေနဲ့ သူ လုပ်ပြခဲ့ ပါပြီ ။ သူ ဘယ်ခြေနဲ့ ဒါမျိုး ကန်တာ မမြင်ဖူးပါဘူး ၊ ဒါက သူ ယုံကြည်မှုတွေ ပိုအားကောင်း လာတာကို ပြလိုက်တာ ပါပဲ”

“သူ့မှာ စွမ်းရည်တွေ အများကြီး ရှိပါတယ် ။ သူ ကစားတဲ့ နေရာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်လာဖို့ ကတော့ အချိန် နည်းနည်းလောက် စောင့်ရဦးမှာပါ” လို့ အန်ဆယ်လော့တီ က ချီးကျူးပြောဆို သွားခဲ့ပါတယ် ။

ရီးရဲ ဟာ အခုရာသီ ပြိုင်ပွဲ အရပ်ရပ်မှာ အရှုံး ၊ သရေ ရလဒ်တွေ လုံးဝ မရှိသေးဘဲ ကစားပွဲ ၈ ပွဲ ( UEFA Super Cup အပါအဝင် ) လုံးကို အနိုင် ကစားထားခဲ့ ပါတယ် ။

လာမယ့် ပိတ်ရက်မှာတော့ ရီးရဲ ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကို နဲ့ မက်ဒရစ် ဒါဘီပွဲကို ကစားသွားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR