ရော်နယ်ဒို နဲ့ ပတ်သက်လို့ ဘယ်အရာတွေကို မကျေမနပ် ဖြစ်မိသလဲဆိုတာ ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

ယူနိုက်တက် ဂန္တှဝင် ဂယ်ရီ နဗီးလ် ကတော့ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့တဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ တုန့်ပြန်မှုတွေကို မကျေမနပ် ဖြစ်မိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ ယူရိုပါလိဂ် ကစားရမယ့် ကိစ္စနဲ့ စျေးကွက်ထဲ ကစားသမား ဝယ််ယူမှု အပိုင်းတွေမှာ လက်နှေးနေခဲ့တဲ့ အသင်းရဲ့ လုပ်ရက်တွေအပေါ် စိတ်ပျက်နေခဲ့ပြီး ခေါ်ယူလိုတဲ့ အသင်းရှိပါက ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် သူဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေမှာ မပူးပေါင်းခဲ့သလို ရာသီကြို ပွဲစဥ်တွေမှာလည်း အသင်းအတွက် 5 ပွဲ ဆက်တိုက် မကစားပေးနိုင်ခဲ့ပါဘူး ။ အဲ့ဒီနောက် သူက အေးဂျင့် ဂျော့ချ် မန်ဒက်စ် နဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းဆီ ရောက်လာခဲ့ပါတယ် ။

အဲ့ဒီနေ့မှာပဲ ယူနိုက်တက် ဂန္တဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် နဲ့ CEO ရစ်ချက် အာနိုး တို့လည်း အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ လာရောက်ခဲ့ကြပြီးနောက် ရော်နယ်ဒို ဟာ ဗယ်လက်ကာနို အသင်းနဲ့ ပွဲစဥ်မှာ အသင်းအတွက်် ပြန်လည် ကစားပေးလိမ့်မယ်လို့ သိခဲ့ရပါတယ် ။

အဲ့ဒီနောက်မှာတော့ သူဟာ ဗယ်လက်ကာနို အသင်းနဲ့ ပွဲစဥ်မှာ 45 မိနစ်သာ ကစားခဲ့ရပြီး ပွဲမပြီးခင်မှာပဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ် ။ ဒါ့ကြောင့် သူ့အပေါ် ဝေဖန််မှုတွေ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး နည်းပြ တန်ဟတ်ကလည်း ဒါမျိုး လက်မခံကြောင်း ပြောခဲ့ပါတယ် ။

အခုတော့ သူနဲ့ နည်းပြ တန်ဟတ် အကြား အဆင်မပြေမှုတွေ ရှိနေပြီဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာခဲ့ပါတယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် ဂန္တဝင် နဗီးလ် က ရော်နယ်ဒို ကို အသင်းမှာ ရှိစေလိုပေမဲ့ မကျေနပ်ချက်လည်း ရှိကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” အကယ်လို့ သူအံဝင် ကြံ့ခိုင်ရင် ခင်ဗျား သူ့ကို ပွဲထွက်ခွင့်ပေးမှာပါပဲ ။ သူ ဆက်နေပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ကျွန်တော် သူ့အပေါ် နည်းနည်းတော့ မကျေမနပ် ဖြစ်မိပါတယ် ။ အခုတော့ သူဟာ နည်းပြကို မီဒီယာ အရှေ့မှာ စကားတွေ ပြောစေချင်သလို ဖြစ်နေပါပြီ ”

” ခရစ္စတီယာနို ဟာ အရွယ် ကောင်းပါသေးတယ် ။ သူဟာ လွန်ခဲ့တဲ့ 10 နှစ်ကျော် အတွင်း မက်ဆီ နဲ့ အပြိုင် ကမ္ဘာ့အကောင်းဆုံး ဖြစ်နိုင်ခဲ့ပါတယ် ။ သူက အတွေ့အကြုံ အားလုံး ပိုင်ဆိုင်ပြီးသားပါ ။ ဒီလိုအချိန်မှာ သူ ဘာတွေးနေသလဲ၊ အရာရာကို ရှင်းလင်းအောင် ​မီဒီယာတွေအရှေ့ ပြောဖို့ တောင်းဆိုတာက မများပါဘူး ”

” စီနီယာ ကစားသမား တစ်ဦးကို အဲ့လို မေးတာက များနေလား ? တနင်္ဂနွေနေ့ ပွဲပြီးရင် ဒါမှမဟုတ် နောက် 3 ပါတ်လောက် အထိ သူဟာ သတင်းထောက်တွေနဲ့ မတွေ့ဖို့ ဆုံးဖြတ်ထားလား ? ကျွန်တော်တို့ သူ့ဆီက ရှင်းလင်းတဲ့ အဖြေ တစ်ခု မရတဲ့ အတွက် မကျေမနပ် ဖြစ်မိပါတယ် ”

” အခုတော့ တန်ဟတ်ဟာ ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွေမှာ လှီးလွှဲဖြေနေရပါပြီ။ သူကတော့ ကျွန်တော်တို့ကို အမှန်တရား မပြောသေးပါဘူး ၊ မပြောနိုင်သေးလို့လဲ ဖြစ််ကောင်း ဖြစ်ပါလိမ့်မယ် ။ အကယ်လို့ ချန်ပီယံလိဂ် ပြိုင််ပွဲ ကစားရတဲ့ အသင်း တစ်သင်းက သူ့ကို ကမ်းလှမ်းလို့ ဆိုရင်လဲ ကျွန်တော်တို့ နားလည်ပေးလို့ ရနိုင်ပါတယ် ”

” ဒီသတင်းတွေထွက်တာ ကြာလှပါပြီ ။ ဒါပေမဲ့ အခုထိ သူ့ကို ဘယ်သူမှ ခေါ်ဖို့ ရောက်မလာသေးကြပါဘူး ။ ဒါ့ကြောင့်လည်း အသင်းက သူ့ကို ဆက်နေမယ်လို့ ပြောနေခဲ့တာပါ ။ ခေါ်မယ့်သူ ရှိနေလို့ သူသွားမယ်ဆိုရင်လည်း နားလည်ပေးလို့ ရနိုင်သေးတယ်လေ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့ရဲ့ စတား တိုက်စစ်မှူး ထွက်မလား မထွက်မလား သိဖို့ 2 ပါတ်အထိ စောင့်ရဦးမှာလား? နှစ်ပါတ်လောက် စောင့်ပြီးမှ သူထွက်သွားရင် အသင်းက ချက်ချင်း အစားထိုးဖို့ လွယ်မလား ? အဲ့တာက ကျွန်တော့်ကို စိတ်ရှုပ်စေပါတယ် ” လို့ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar