ဒီရာသီမှာ မန်ယူနိုက်တက် နဲ့ အာဆင်နယ် ဘယ်အသင်းက အဆင့် ရပ်တည်မှု ပိုကောင်းမလဲ ဆိုတာ ဆွေးနွေးငြင်းခုန်ခဲ့ကြတဲ့ ရွိုင်ကိန်း နဲ့ ဂယ်ရီနဗီးလ်

ရွိုင်ကိန်း နဲ့ ဂယ်ရီနဗီးလ် တို့ဟာ ဒီရာသီမှာ မန်ယူနိုက်တက် နဲ့ အာဆင်နယ် နှစ်သင်းတွင် ဘယ်အသင်းက အဆင့် ရပ်တည်မှု ပိုမို မြင့်မား ကောင်းမွန် မလဲ ဆိုတာ သုံးသပ် ဆွေးနွေး သွားကြပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက မန်ယူနိုက်တက် ထက် ၁၁ မှတ် အသာ ရပြီး အဆင့် ၅ နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ရော မန်ယူနိုက်တက် ရောဟာ ချန်ပီယံလိဂ် ကစားခွင့် နဲ့ လွဲချော် ခဲ့ရပြီး ဒီရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲသာ ကစားရမှာ ဖြစ်ပါတယ် ။

နှစ်သင်းစလုံးဟာ ဒီနွေရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိဖို့ နဲ့ ဖလား အောင်မြင်မှု ရရှိဖို့ရာ ကစားသမား အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ထားကြပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ဂျေးဇု ၊ ဇင်ချန်ကို ၊ ဗီအဲရာ ၊တာနာ ၊ မာကွင်ဟိုစ့် တို့အတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြု ထားပါတယ် ။

မန်ယူနိုက်တက် အသင်းဟာလည်း အဲရစ်ဆင် ၊ မာတီနက်ဇ် ၊ မာလာစီယာ တို့ကို ခေါ်ယူ ထားပါတယ် ။အာဆင်နယ် နဲ့ မန်ယူနိုက်တက် ဒီရာသီ ဘယ်အသင်းက အဆင့် ရပ်တည်မှု ပိုကောင်းမလဲဆိုတဲ့ မေးခွန်းကို ဂယ်ရီနဗီးလ် ​က Sky Sports မှာ ” အာဆင်နယ် အသင်း တည်ဆောက်ထားပုံက ပိုမို သာလွန် ကောင်းမွန်နေတာ အမှန်ပါပဲ ။ ”

” မန်ယူနိုက်တက် က ဒီဂျောင် ကို ခေါ်ယူနိုင်ရေးလည်း လုပ်ရဦးမယ် ၊ ရိုနယ်ဒို ရဲ့ အခြေအနေကလည်း သူတို့အတွက် စိတ်ရှုပ်ထွေး စရာပါပဲ ၊ သတင်းစာ ရှင်းလင်းပွဲမှာလည်း နည်းပြ က အဲ့အကြောင်း နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ဆက်တိုက်မေးခံရ နှောင့်ယှက် ခံနေရတာပါ ။ ရာသီကြိုမှာ နည်းပြ တည်ဆောက်နေတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ထိခိုက်သွားခဲ့ပါတယ် ။ ”

” ယူနိုက်တက် နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေလည်း ရှိပါသေးတယ် ၊ အခုထက်ထိ သူတို့ ကစားသမား ဝယ်ယူမှု ကောင်းကောင်း မလုပ်ထားနိုင်သေးပါဘူး ၊ သူတို့ရဲ့ စတား ပလေယာတွေကလည်း ထွက်မယ့်ပုံ ရှိနေပါတယ် ၊ အခု အချိန်မှာတော့ အာဆင်နယ် က အဆင့်ရပ်တည်မှု ပိုကောင်းလိမ့်မယ်လို့ ပြောရမှာပါပဲ ။ ”

ရွိုင်ကိန်း ကတော့ ” မန်ယူနိုက်တက် ရော အာဆင်နယ် ရော မနှစ်က လူငယ် ကစားသမားတွေ အသုံးပြုတာနဲ့ ပတ်သက်ပြီး ချီးကျူး ခံခဲ့ရပါတယ် ၊ အဆင့်ကောင်းမှာ ရပ်တည် နေပြီးခါမှ ခြေချော် သွားခဲ့ပါတယ် ၊ ယူနိုက်တက် က အခုထက်ထိ လိုအပ်ချက်တွေ ရှိနေဆဲပါ ။ ”

” ဒါပေမယ့် ဘောလုံး အမြင်အရပြောရမယ်ဆိုရင် လာမယ့် ရက်သတ္တပတ်တွေ အတွင်း မန်ယူနိုက်တက် ကစားသမား ၁ ဦး ၂ ဦးလောက် ထပ်ခေါ်နိုင်လိုက်ရင် အသင့်အတင့် ကောင်းသွားပါလိမ့်မယ် ၊မန်ချက်စတာယူနိုက်တက်အနေနဲ့ အာဆင်နယ်၊ ချဲလ်ဆီး၊ စပါးအသင်းတို့နဲ့ ယှဉ်ပြိုင်နိုင်သင့်ပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM