ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ဖို့ ချဲလ်ဆီးတို့ ကစားသမားသစ် ဘယ်နှဦး ထပ်ခေါ်ဖို့ လိုသေးလဲဆိုတာ သုံးသပ်လိုက်တဲ့ အလန်ရှီးရား

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို လွန်ခဲ့တဲ့ ၅နှစ် ၊ ၂၀၁၆ – ၂၀၁၇ ဘောလုံးရာသီမှာ နောက်ဆုံး ဆွတ်ခူးခဲ့ပြီး ၊ ထိုနောက်ပိုင်းမှာ ချန်ပီယံဆုနဲ့ တကြိမ်မှ နီးစပ်နိုင်ခဲ့ခြင်း မရှိပဲ ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် တိုက်ပွဲဝင်ရင်းနဲ့ပဲ အချိန်တွေ ကျော်ဖြတ်ခဲ့ရပါတယ် ။

ယခုနှစ် ဘောလုံးရာသီ အတွက်လည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးဖို့ ရေပန်း အစားဆုံး အသင်း ၂သင်း က လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ၄င်းတို့ကို ဘတပြန် ကျားတပြန် ပြိုင်ဆိုင်ခဲ့တဲ့ လီဗာပူးတို့ပဲ ဖြစ်ပါတယ် ။ ချဲလ်ဆီး ဟာ ဒီ ၂သင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်လောက် အထိ ဖိအား ပေးခဲ့ပေမယ့် ၊ ထိုနောက်ပိုင်း အခက်အခဲ ပြဿနာ အမျိုးမျိုးကြောင့် ရမှတ်များစွာ ပြတ်ကျန်ခဲ့ရပါတယ် ။

ဒီရာသီမှာ ချဲလ်ဆီး အသင်း အတွင်း ကလပ်ရဲ့ ခေါင်းကြီးပိုင်း ဖြစ်တဲ့ ပိုင်ရှင် ၊ ဘုတ်အဖွဲ့က စလို့ ၊ ကစားသမားတွေ အထိ အပြောင်းအလဲ ၊ အဝင်အထွက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ် ။ ဒါ့အပြင် အမေရိကန် ရာသီကြို ခရီးစဉ်က ရလဒ်ပိုင်း အရရော ၊ ခြေစွမ်းပိုင်း အရပါ စိတ်ပျက်ဖွယ်ကောင်းခဲ့တာကြောင့် အချို့က ၄င်းတို့ကို ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ပါ ပျောက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးဟာ လက်ရှိ နွေရာသီ စျေးကွက် အတွင်း ရာဟင်း စတာလင် ၊ ကာလီဒူ ကူလီဘာလီ ၊ ဂါဘရီရယ် ဆလိုနီနာ ၊ ကာနီ ချူကွီမက်ကာ ၊ မာ့ခ်ကူကူရယ်လာတို့ကို အသားတင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၇၀နီးပါး သုံးစွဲကာ ခေါ်ယူထားပြီး ဖြစ်ပါတယ် ။

ဒီ ကစားသမားသစ် ၅ဦးနဲ့တင် ချဲလ်ဆီးတို့ ရပ်တန့်သွားမယ့်ပုံ မပေါ်သေးပဲ ၊ နောက်ထပ် ပစ်မှတ်တွေ ဖြစ်ကြတဲ့ ဝက်စ်လေ ဖိုဖာနာ ၊ ဖရန်ကီ ဒီယွန် ၊ ပီယာ အမ်းမရစ် အူဘားမီးယန်းတို့ကိုပါ အရ ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတာကို တွေ့ရပါတယ် ။

ဒါကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ ချဲလ်ဆီး အတွက် ဘယ်လောက်ထိ မျှော်မှန်းထားသလဲ ဆိုတာ သုံးသပ်ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ဟာ ယနေ့ညမှာ ရာသီသစ် အဖွင့်ပွဲစဉ် အဖြစ် အဲဗာတန် အသင်းကို ဂွတ်ဒီဆင်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးရားကတော့ ပရီးမီးယားလိဂ် ဖလားကို ပြန်လည် စိန်ခေါ်ဖို့ဆိုရင် ချဲလ်ဆီးတို့ နောက်ထပ် အရည်အသွေးမြင့် ကစားသမား ၃ ၊ ၄ဦး ခေါ်ယူဖို့ လိုသေးကြောင်း ထင်မြင်ချက်ပေးရင်း ၊ အထောင်တိုက်စစ် တနေရာကိုတော့ မဖြစ်မနေ ဖြည့်တင်းသင့်တယ်လို့ တိုက်တွန်းသွားပါတယ် ။

BBC Sports နဲ့ တွေ့ဆုံခဲ့ရာမှာ အလန်ရှီးရား က ” လက်ရှိ ချဲလ်ဆီး အသင်းမှာ မနှစ်က ဒီလိုအချိန် မျှော်မှန်းခဲ့တဲ့ တိုက်စစ် အငွေ့အသက်မျိုး မရှိတော့ပါဘူး ။ ပြီးခဲ့တဲ့ ရာသီတုန်းက သူတို့ဟာ အမှန်တကယ် စိတ်ပျက်ဖို့ကောင်းခဲ့ပါတယ် ။ အထူးသဖြင့် ရိုမီလူ လူကာကူကို သူတို့ရဲ့ ကြေးအမြင့်ဆုံး ကစားသမား အဖြစ် အင်အား ဖြည့်တင်းခဲ့အပြီးမှာပေါ့ ။ ”

” အခုတော့ လူကာကူ ဟာ အင်တာမီလန်ဆီ တရာသီ အငှားနဲ့ ပြန်သွားပါပြီ ။ ဒါပေမယ့်လည်း ရာဟင်း စတာလင် ဟာ ကောင်းမွန်တဲ့ ခေါ်ယူမှု တရပ် ဖြစ်ပြီး ၊ ကာနီ ချူကွီမက်ကာဟာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အနာဂတ် ကြယ်ပွင့်တပွင့် ဖြစ်ပါတယ် ။ ”

” ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်ဖို့ ဆိုရင်တော့ သူတို့ အနေနဲ့ နောက်ထပ် ကစားသမားသစ် ၃ ၊ ၄ဦးလောက် ထပ်ဖြည့်ဖို့ လိုပါသေးတယ် ။ အပြောင်းအရွှေ့ စျေးကွက် ပိတ်သိမ်းဖို့ ရက်သတ္တပတ် ၃ပတ်ပဲ လိုတော့တဲ့ အချိန်မှာ သူတို့ အမှန်တကယ် လိုအပ်နေတဲ့ နေရာက အထောင်တိုက်စစ် ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR