ဖရန်ကီ ဒီယွန် ချဲလ်ဆီးကိုပဲ ပြောင်းချင်နေတယ်လို့ အခိုင်အမာ ဖွင့်ဆိုလိုက်တဲ့ ဟယ်ရီရက်ဒ်နပ်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီး အသင်းထံသို့ နယ်သာလန် လက်ရွေးစင် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ မမ်းဖစ် ဒီပိုင်း ၊ ဖရန်ကီ ဒီယွန်နဲ့ ဂါဘွန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ပီယာ အမ်းမရစ် အူဘားမီးယန်းတို့ကို လာရောက် ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း ကောလဟလတွေ ထွက်ပေါ်ခဲ့ပါတယ် ။

နာမည်ကြီး The Athletic သတင်းဌာနရဲ့ အပြောင်းအရွှေ့ ဂျာနယ်လစ် ဒေးဗစ် အွန်းစတိန်းကလည်း ချဲလ်ဆီးဟာ ကာလရှည်ကြာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ဖရန်ကီ ဒီယွန်ကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ အမှန်တကယ် ကြိုးပမ်း ဆောင်ရွက်မှုတွေ လုပ်နေကြောင်း ဆိုပါတယ် ။

ဘာစီလိုနာ ဟာ ဒီယွန် အတွက် မန်ယူနိုက်တက်မှ ကမ်းလှမ်းထားတဲ့ ယူရို ၈၅သန်းကို သဘောတူ လက်ခံထားပြီး ဖြစ်ပေမယ့် ၊ ကစားသမားဖက်က ယူရိုပါလိဂ်ဝင်ခွင့်သာ ရထားတဲ့ ယင်းမန်ချက်စတာကလပ်သို့ ပြောင်းရွှေ့လိုခြင်း မရှိတာကြောင့် ၊ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့က ကြာသထက် ကြာနေဆဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ဒီယွန် အတွက် ပေးချေရမယ့် လစာ ယူရို ၁၇သန်း အထိ ကျန်နေသေးကြောင်းလည်း ဥရောပ မီဒီယာ အများအပြားက ဖော်ပြခဲ့ကြပြီး ၊ ဒီအချက်ဟာလည်း ဘာဆာတို့ ဒီယွန်ကို တခြား ကလပ် တသင်းသင်းဆီသို့ အမြန်ဆုံး ရောင်းချဖို့ ဆန္ဒရှိနေခြင်းနဲ့ အနည်းနဲ့ အများ သက်ဆိုင်နိုင်ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ မနေ့ကပဲ ဒီရာသီ ပဉ္စမမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် ဘာဆာ အကယ်ဒမီထွက် ၊ ဘရိုက်တန် နောက်ခံလူဟောင်း မာ့ခ်ကူကူရယ်လာကို ပေါင် ၆၂သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ် ။ ဒီကနေတဆင့် ချဲလ်ဆီး ဟာ ဒီယွန် ၊ အူဘားမီးယန်းတို့ကို ခေါ်ယူဖို့ ကြိုးစားနိုင်တယ်လို့ ယူဆတာတွေလည်း ရှိနေပါတယ် ။

တော့တင်ဟမ် နည်းပြဟောင်း ဟယ်ရီ ရက်ဒ်နပ်ကတော့ သူ ကြားသိရတဲ့ အတွင်း သတင်း အရ ဒီယွန်ဟာ ချန်ပီယံလိဂ် ကစားခွင့် မရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းမှာ မဟုတ်ပဲ ၊ ချဲလ်ဆီးသို့သာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိတဲ့အကြောင်း အခိုင်အမာ ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

The Byline Podcast နဲ့ တွေ့ဆုံခဲ့ရာမှာ ဟယ်ရီ ရက်ဒ်နပ် က ” လက်ရှိ အခြေအနေကို ကြည့်ရသလောက်တော့ ဒီယွန်ဟာ ချဲလ်ဆီးကို ပြောင်းချင်နေတဲ့ပုံ ပေါ်ပါတယ် ။ ကျွန်တော် အတွင်း သတင်း တခု အနေနဲ့ သိရသလောက်တော့ သူဟာ ချဲလ်ဆီးကို ပြောင်းချင်နေပါတယ် ။ မန်ယူနိုက်တက်ဟာ ဒီယွန်ကို ခေါ်နိုင်မှာ မဟုတ်ပါဘူး ။ ”

” ဒါကိုလည်း မန်ယူနိုက်တက်နဲ့ ပတ်သက်ရင် တကယ် ထိပ်တန်းကျတဲ့ သတင်း အရင်းအမြစ် တခုကနေ ကျွန်တော် ကြားသိထားရတာပါ ။ သူဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အတွက် စိတ်ပိုင်းဖြတ်ထားပြီးပါပြီ ။ တကယ်လည်း သူဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ ဆန္ဒ ပြင်းပြနေတာပါ ။ ”

” အကယ်၍ သူ ချဲလ်ဆီးကို ပြောင်းပြီး ၊ မန်ယူနိုက်တက်က သူ့ကို မရခဲ့ဘူးဆိုရင် ၊ သူတို့ ဘယ်ကို သွားမလဲ ၊ ဘယ်ကို ရွေ့မလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ချဲလ်ဆီးသာ ဒီယွန်ကို ရခဲ့ရင်တော့ ၊ သူဟာ ချဲလ်ဆီး အတွက် တကယ့် အံ့သြဖွယ် ခေါ်ယူမှု ဖြစ်စေမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR