ချဲလ်ဆီးတို့ ကူကူရယ်လာအား ခေါ်ယူခဲ့ခြင်းကို ‘ အဓိပ္ပာယ်မရှိတဲ့ panic buying ‘ အဖြစ် ခေါင်းစဉ်တပ်ရင်း ၊ ခြင်္သေ့ပြာတို့ ဒီရာသီမှာ Top 4 မဝင်နိုင်ဘူးလို့ ခန့်မှန်းလိုက်တဲ့ မာတင်ကီအွန်

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ဘရိုက်တန် အသင်းထံကနေ စပိန် ကြယ်ပွင့် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း ( အပိုဆုကြေး ပေါင် ၇သန်း ) နဲ့ ခေါ်ယူနိုင်ခဲ့ကာ ၊ ၆နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။ ဒါဟာ ဘယ်နောက်ခံလူတွေထဲမှာ ကြေးအများဆုံး ပေးချေရတဲ့ ခေါ်ယူမှု ဖြစ်ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းမှာ ဘယ် wing-back ကစားနိုင်တဲ့ ကစားသမား အများအပြား ရှိနေတာကြောင့် ကူကူရယ်လာကို ကြေးကြီးပေး ခေါ်ယူခဲ့ခြင်းဟာ အချို့လူတွေကို ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ် ။ တကယ်တမ်းမှာ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ရာသီဝက်ကျော် နားခဲ့ရတာကြောင့် ၊ အတော်လေး ဒုက္ခရောက်ခဲ့တဲ့ အချက်ကို ထည့်မတွက်ကြတာ များပါတယ် ။

ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ လက်တကမ်း အကွာကို ရောက်လာတဲ့ မားကို့စ် အလွန်ဆို ၊ ဘယ် wing-back နေရာ ကစားပေးနိုင်မယ့် ယုံကြည် အားထားရနိုင်မယ့် ခြေစွမ်းမျိုး မရှိတဲ့ အီမာဆင် ၊ ကနေဒီတို့ကြောင့်လည်း ကူကူရယ်လာကို အခုလို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးတို့ ခေါ်ယူခဲ့ပုံ ရပါတယ် ။

ဒီမတိုင်ခင် က လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းဟာ ကူကူရယ်လာကို အရင်ဆုံး ပေါင်သန်း ၄၀နဲ့ စတင် ကမ်းလှမ်းခဲ့ပြီး ၊ ဘရိုက်တန်က ပေါင်သန်း ၅၀ အထိ တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ ညှိနှိုင်းမှု အဆင်မပြေခဲ့ပါဘူး ။ ဒီနေရာမှာ ချဲလ်ဆီး ဟာ ဘရိုက်တန်ဖက်က တောင်းတဲ့ကြေးကို ပေးချေဖို့ အသင့်ရှိခဲ့ပါတယ် ။

ကနဦးမှာ အကယ်ဒမီထွက် ဆယ်ကျော်သက် ကြယ်ပွင့် ခံစစ်မှူး လီဗိုင်း ကိုဝဲလ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ လုပ်ခဲ့ပေမယ့် ၊ အဆုံးမှာ ၂ဖက် သဘောတူညီမှု အရ တရာသီ အငှားသာ ချဖြစ်ခဲ့ပြီး ၊ ဒီအတွက်ကြောင့်လည်း ပြောင်းရွှေ့ကြေးက နဂို တောင်းဆိုတဲ့ ပေါင်သန်း ၅၀ထက် ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ် တခုမှာ အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း မာတင် ကီအွန်ကတော့ ကူကူရယ်လာကို ချဲလ်ဆီးတို့ မတန်တဆကြေးမျိုး ပေးပြီး ခေါ်ယူခဲ့ခြင်းဟာ မလိုအပ်တဲ့ အဓိပ္ပာယ်မရှိတဲ့ panic buying နဲ့ တူကြောင်း အခုလိုပဲ ခေါင်းစဉ်တပ် ဝေဖန်သွားခဲ့ပါတယ် ။

ကီအွန် က ” ချဲလ်ဆီးဟာ ကူကူရယ်လာကို ပေါင်သန်း ၆၀ပေးပြီး ခေါ်ယူခဲ့တာ မှန်ပေမယ့် ကျွန်တော်ကတော့ ဒါက အဓိပ္ပာယ်မရှိတဲ့ ခေါ်ယူမှုလို့ပဲ ယူဆပါတယ် ။ ဒီ ပြောင်းရွှေ့ကြေး ပမာဏ ဟာ အရမ်းများလွန်းတယ်လို့ ထင်ပါတယ် ။ သူ့လောက်ကောင်းတဲ့ ကစားသမားတွေ ၊ သူ့ထက်ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပါသေးတယ် ။ ”

” ဘန်ချေဝဲလ် ၊ မားကို့စ် အလွန်ဆိုတို့လည်း ရှိနေတာကြောင့် ဒီလို ငွေကြေးမျိုးနဲ့ ကစားသမား တယောက်ကို ခေါ်ယူခဲ့တယ် ဆိုတာ ကျွန်တော့ အမြင်မှာတော့ panic buying ဖြစ်တယ်လို့ပဲ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းကပဲ ချဲလ်ဆီးဟာ ဒီရာသီ Top 4 ဝင်မှာ မဟုတ်ဘူးလို့လည်း ထင်ကြေးပေးသွားခဲ့ပြန်ပါတယ် ။

ကီအွန် က ” ပြီးခဲ့တဲ့ ရာသီက ထိပ်ဆုံး ၄ နေရာ ရခဲ့တဲ့ အသင်းတွေထဲကနေ ဒီနှစ်ရာသီမှာ ဘယ်အသင်းက နေရာဖယ်ပေးရမလဲလို့ ကျွန်တော့ကို မေးလာခဲ့ရင် ၊ ချဲလ်ဆီးလို့ပဲ ဖြေရမှာပါ ။ သောမတ်စ် တူချယ် ဟာ ထူးချွန်ထက်မြက်တဲ့ မန်နေဂျာ တယောက် ဖြစ်ပေမယ့် ၊ သူ့ကို ထောက်ခံမှု အပြည့်အဝ ပေးခဲ့တဲ့ ဘုတ်အဖွဲ့ကြီး ပျောက်ကွယ်သွားပါပြီ ။ ”

” ဒီတော့ ကလပ် စီမံခန့်ခွဲမှု အပိုင်းမှာ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ် ။ ချဲလ်ဆီးကို ရောက်လာတဲ့ ပိုင်ရှင်သစ် ဟာ ထူးခြားမှု တခုခု ဖြစ်အောင် လုပ်ပြချင်နေပါတယ် ။ ဘောလုံးရာသီသစ် တခု စတင်တဲ့ ပထမဆုံးနေ့မှာပဲ သူဟာ ဒီခေါ်ယူမှုမျိုးနဲ့ statement တခု ထုတ်ပြခဲ့ပါတယ် ။ ဒါက လိုတာထက် ပိုပြီး ငွေသုံးစွဲခြင်းလား ? ကျွန်တော်တော့ ဒီလိုပဲ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR