ပဲလေစ့်ကို အနိုင်ရခဲ့တဲ့ပွဲက အာဆင်နယ် ကစားသမား နှစ်ဦးကို အထူး ချီးကျူးလိုက်တဲ့ အာတေတာ

အာဆင်နယ် အသင်း နည်းပြ အာတေတာ ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေစ့် အသင်းကို အနိုင် ရရှိ ခဲ့ပြီးနောက် ဂိုးသမား အာရွန် ရမ်စ်ဒေးလ် နှင့် နောက်ခံလူ ဆလီဘာ တို့ကို အထူး ချီးကျူး လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန် မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေစ့် အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ ဆာကာ နှင့် ပဲလေစ့် နောက်ခံလူ ဂတ်ဟေးလ် ကိုယ့်ဂိုးကိုယ် သွင်းရာကနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ မနှစ်က ပဲလေစ့် အိမ်ကွင်းမှာ သုံးဂိုးပြတ် အရေးနိမ့် ခဲ့ပေမယ့် ဒီနှစ်မှာတော့ Clean-Sheet နဲ့ အတူ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့တာပါ ။ ပဲလေစ့် နဲ့ ပွဲမှာ အာဆင်နယ် အတွက် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူကတော့ နောက်ခံလူ ဆလီဘာ ပါ ။

အာဆင်နယ် ကို ရောက်ရှိလာခဲ့တဲ့ ၃ နှစ်တာကာလ အတွင်းမှာ ဆလီဘာ ဟာ ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲထွက် ကစားခွင့် ရရှိ ခဲ့တာ ဖြစ်ပြီး သူ့ရဲ့တရားဝင် ပြိုင်ပွဲ Debut မှာတင် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိ သွားခဲ့တာ ဖြစ်ပါတယ် ။

ဆလီဘာ အပြင် အာဆင်နယ် အသင်းရဲ့နိုင်ပွဲမှာ နောက်ထပ် အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦးကတော့ ဂိုးသမား အာရွန်ရမ်စ်ဒေးလ်ပါ ။ရမ်စ်ဒေးလ် ဟာ ပထမပိုင်းမှာအားနည်းချက် တစ်ချို့ ရှိခဲ့ပေမယ့် ပြိုင်ဘက် အသင်းရဲ့အပိုင် ဂိုးပေါက်ကန်သွင်းမှုတွေကို လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ က ပွဲအပြီးမှာ ” သူ(ဆလီဘာ) က Man of the match ကို ထိုက်ထိုက်တန်တန် ရသွားတာပါ ၊ သူ့ရဲ့ခြေစွမ်းက ထိပ်တန်းပါပဲ ၊ တကယ် ကောင်းခဲ့တာပါ ။ ဂါဘရီယဲလ် နဲ့ သူ့ကြားက ဆက်ဆံရေး ၊ နောက်တန်း ၄ ယောက်နဲ့ သူ့ရဲ့နားလည်မှု ၊ ပဲလေစ့် ရဲ့အိမ်ကွင်းမှာသူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကို အကောင်းဆုံး ကစားနိုင်ခဲ့တဲ့အပေါ် ကျွန်တော် အသိအမှတ်ပြု ချီးကျူး ပါတယ် ။ ”

” သူ့မှာ ကြီးမားတဲ့ ပွဲအပေါ် နားလည် သဘောပေါက်နိုင်စွမ်း နှင့် အေးဆေး တည်ငြိမ်မှု ရှိပါတယ် ။ ကျွန်တော်တို့ ပွဲကို စတင်ခဲ့ပုံ ပထမပိုင်း ကစားပုံက အတော်လေး ကောင်းမွန်ခဲ့ပါတယ် ၊ ကျွန်တော်တို့ ပထမပိုင်းမှာ တစ်ဂိုးထက် ပိုသွင်း နိုင်ခဲ့သင့်ပါတယ် ။ ”

” ဒီလိုနေရာမှာ အနိုင်ရဖို့ အတွက် ရုန်းကန် ကြိုးစားဖို့တော့ လိုအပ်ပါတယ် ၊ ကျွန်တော်တို့ အနိုင်ရအောင်လည်း လုပ်နိုင် ခဲ့ပါတယ် ၊ ဒီလိုနေရာကို လာရောက် ပြီး အနိုင်ရအောင် ကစားဖို့က ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ စိတ်ဓတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုပါပဲ ။ ”

” အရေးအကြီးဆုံးအရာက ပထမပွဲမှာ နိုင်ပွဲ ရယူပြီး ယုံကြည်မှု နဲ့ အရှိန်အဟုန် တစ်ခု တည်ဆောက် နိုင်ဖို့ပါပဲ ။ ကျွန်တော်တို့မှာ တိုးတက်ဖို့ လိုအပ်နေတဲ့ အရာ တစ်ချို့ ရှိနေတယ်ဆိုတာ အရိုးသားဆုံး ဝန်ခံပါတယ် ။ ”

” အာရွန် ရမ်စ်ဒေးလ် ကလည်း အကောင်းဆုံး စွမ်းဆောင်ပြ သွားခဲ့ပါတယ် ၊ တစ်ယောက်ချင်း အနေအထားမှာ လက်စွမ်းပြပြီး ကျွန်တော်တို့ အနိုင်ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ၊ သူ ဒီနေ့ တစ်မူ ထူးခြား ကောင်းမွန် နေခဲ့ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM