ဒီရာသီ ပရီးမီးယားလိဂ် Top 4 နဲ့ ချန်ပီယံ ဖြစ်မယ့်အသင်းကို ခန့်မှန်းပေးလိုက်တဲ့ ဂျမိန်းဂျီးနက်စ်

နယူးကာဆယ် နဲ့ စပါး ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျမိန်းဂျီးနက်စ်က ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့သာ အဓိက ပြိုင်ဆိုင်သွားရလိမ့်မယ်လို့ ဆိုလိုက်ပြီး ရာသီကုန်မှာ ယာဂန်ကလော့ရဲ့ အသင်း ချန်ပီယံ ဖြစ်သွားလ်ိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျီးနက်က လက်ကျန် top 4 နေရာ ကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲ ဆိုတာကိုလည်း သုံးသပ်သွားခဲ့ပါသေးတယ်။

ဂျီးနက်က “တာထွက်ကောင်းမွန်မှုဟာ ဒီရာသီမှာ အတော်လေးကို အရေးပါတဲ့ အရာ ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့ဖလားဟာ ပြိုင်ပွဲ သွားကစားရမယ့် ကစားသမားတွေ နဲ့ သွားကစားရမယ့် သူတွေ အပေါ် ဘယ်လို သက်ရောက်မှု ရှိလာနိုင်သလဲဆိုတာ ကျွန်တော်တို့ မသိရသေးလို့ပါ။ မန်စီးတီးဟာ ဖာနန်ဒင်ညို ထွက်ခွာသွားချိန်မှာ အ၀တ်လဲခန်း အတွင်း ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးသွားခဲ့ပါတယ်။ သူတို့ဟာ လီဗာပူး ထက်ပိုပြီး မရေရာမှုတွေ ပိုရှိနေပါတယ်။

စီးတီး အနေနဲ့ အသင်းအတွက် ဘာမှ မလုပ်ပေးသေးတဲ့ ကစားသမားတွေ အပေါ် မှီခိုသွားရမှာ ဖြစ်ပါတယ်။ သမိုင်းကြောင်းတွေအရ သူတို့ဟာ အသင်းနဲ့ အံ၀င်ဖို့ အတွက် အချိန်တစ်ခုတော့ စောင့်သွားရမှာပါ။ ဟာလန်း နဲ့ အယ်ဗာရက်စ် တို့အနေနဲ့ စတားလင်း ဂျီဆု တို့ရဲ့ နေရာကို ချက်ချင်း ဖြည့်တင်းပေးသွားဖို့ လိုအပ်ပါတယ်။ ဂရီလစ်ခ်ျ ကလည်း ဒီရာသီမှာ မနှစ်ကထက် ပိုပြီး လုပ်ပြသွားပါမယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ မာနေးကို လက်လွှတ်ထားခဲ့ရပြီး ဒါဟာ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါပေမယ့် နူးနက်နဲ့ ပြန်လည် အားဖြည့်ခဲ့တာကြောင့် အသင်းကို လတ်ဆတ်မှု ရှိသွားစေခဲ့ပြီး လက်ရှိ တိုက်စစ်အင်အား အရ သူတို့အတွက် စိတ်ပူစရာ မရှိပါဘူး။

လီဗာပူး လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ အယ်လီယော့ နဲ့ ကာတစ်ဂျုံး တို့ဟာ ဒီရာသီမှာ အသင်းကို ပိုမို အကျိုးပြုပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူတို့ဆီမှာ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူ ရှိနေပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက တအားကောင်းခဲ့ပေမယ့်လည်း ရာသီကုန်ချိန်မှာတော့ ဖလား ၂ လုံး လက်လွှတ်ခဲ့ရကာ နာကျင်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒီလို အရာမျိုးတွေဟာ ရာသီသစ် အတွက် တွန်းအားဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၈-၁၉ တုန်းကလည်း စီးတီးကို ကပ်ပြီး အရေးနိမ့်ခဲ့ပေမယ့် နောက်တစ်နှစ်မှာ လုံး၀ကို တောက်ပခဲ့ပါတယ်။ ကစားသမားတွေရဲ့ စိတ်ထဲမှာ အမှတ်ပေးဖလား နဲ့ ချန်ပီယံလိဂ် ဖလား တို့ကို ကပ်ပြီး လွဲချော်ခဲ့တယ် ဆိုတဲ့ memory တွေက ရှိနေမှာပါ။ ဒါဟာ သူတို့ဟာ ဒီရာသီမှာ ချန်ပီယံ ဖြစ်သွားစေနိုင်မယ့် တွန်းအားတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဂျီးနက်က တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့ဟာ အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ကို ကျော်ဖြတ်ကာ top 4 နေရာတွေကို ရရှိသွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

Top 4 ရဲ့ လက်ကျန် ၂ နေရာ အတွက် ခန့်မှန်းရာမှာတော့ ဂျီးနက်က “ကွန်တီရဲ့ ကစားသမားခေါ်ယူမှုတွေဟာ သူတို့ရဲ့ level ကို မြင့်သွားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရစ်သမ်နဲ့ form ကို သူတို့ ပြန်ရှာနိုင်မလား ဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် စပါးတို့ ဒီရာသီမှာ အဆင့် ၃ နေရာကို သက်တောင့်သက်သာ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းထားပါတယ်။ သူတို့ကို title race ထဲ မထည့်ထားတဲ့ အကြောင်းကတော့ သူတို့ဟာ မန်စီးတီး နဲ့ လီဗာပူး တို့လို ၁၂ ပွဲ ၁၃ ပွဲလောက် ဆက်တိုက် အနိ်ုင်ရအောင် ကစားနိုင်လိမ့်မယ်ဆိုတာ မသေချာလို့ပါပဲ။ သူတို့ အကြာကြီး မရှုံးအောင် လုပ်နိုင်လောက်ပေမယ့် ဒီလိုမျိုး နိုင်ပွဲ ဆက်တိုက် ရယူတာကိုတော့ လုပ်ပြနိုင်မယ် မထင်ပါဘူး။

ချဲလ်ဆီးကိုတော့ top 4 မ၀င်ဘူးလို့ ပြောဖို့ ခက်ပါတယ်။ မေးခွန်းထုတ်စရာတွေ ရှိနေဆဲ ဖြစ်ပေမယ့် သူတို့သာ ဒီဂျောင်းကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် လုံး၀ကို ခြားနားသွားမှာပါ။ ဘယ်သူတွေပဲ ထပ်ပြီး ရောက်လာသည် ဖြစ်စေ တူချယ်ကတော့ သူ လိုချင်တဲ့ ပုံစံအတိုင်း ကစားခိုင်းသွားမှာပါ။” လို့ ပြောသွားပါတယ်။

SM