Fantasy Premier League ကို စတင်ကစားလိုသူများအတွက် လမ်းညွှန်

Fantasy Premier League ကို စတင်ကစားလိုသူများအတွက် လမ်းညွှန်

Fantasy Premier League ဂိမ်းဟာ ကမ္ဘာတဝှမ်းက ဘောလုံး ဝါသနာရှင် သန်းချီပြီး ပါဝင် ကစားနေတဲ့ မန်နေဂျာဂိမ်း တခုပါ ။

နာမည်ကျော် ဘောလုံးသမားတွေ ၊ နည်းပြတွေ ၊ Celebrity တွေပါ ပါဝင် ကစားနေကြပါတယ် ။

ကျွန်တော်တို့ရဲ့ Sports Myanmar ကလည်း အခုရာသီက စပြီး Fantasy Premier League ပြိုင်ပွဲကို စတင် ကျင်းပပေးခဲ့ပါပြီ ။

SM ရဲ့ Dream League 2022 ကို မနေ့က စတင် ကြေညာခဲ့ပြီး အခုချိန်ထိ ပြိုင်ပွဲဝင်ပေါင်း ၁၅၀၀ နီးပါး ပါဝင် ယှဉ်ပြိုင်လို့ နေကြပြီ ဖြစ်ပါတယ် ။

ဒါပေမယ့် အချို့သော ပရိသတ်တွေကတော့ ဒီဂိမ်း နဲ့ အကျွမ်းတဝင် မရှိတာတွေ ၊ ဂိမ်းအကောင့် အဖွင့်နိုင်တာတွေ ၊ ဘယ်လို ကစားရမယ်ဆိုတာကို မသိတာတွေကြောင့် ပါဝင်ချင်ပေမယ့် မပါဝင်ရဘူး ဆိုတဲ့ မှတ်ချက်တွေကို ပြန်ကြားခဲ့ရပါတယ် ။

ဒါကြောင့် Fantasy Premier League ကို ဘယ်လို ပါဝင်ရမယ် ၊ ဘာတွေ လိုအပ်တယ် ၊ ဘယ်လို ကစားရမယ် ၊ ဘယ်လို စည်းမျဉ်းတွေ နဲ့ ဘယ်လို အမှတ်ပေးပုံစံတွေ ရှိတယ်ဆိုတာတွေကို Beginner Guide အဖြစ် ဖော်ပြပေးလိုက်ပါတယ် ။

Fantasy Premier League Beginner Guide

၁ ။ ဘယ်လို ပါဝင်ရမလဲ

ဒီဂိမ်း ကစားဖို့ အတွက် လိုအပ်ချက် ၂ ခုပဲ ရှိပါတယ် ။

ဂိမ်း App သို့ Link နဲ့ E-mail တို့ပါပဲ ။

ဂိမ်း App ကို Playstroe ကနေ အလွယ်တကူ ရယူနိုင်ပါတယ် ။ E-mail ကလည်း ဖွင့်ရလွယ်ကူပါတယ် ( တချို့ဆိုရင် အကောင့် ၄-၅ ခု နဲ့တောင် ကစားနေကြတာပါ )

၂ ။ ဘယ်လို အကောင့်ဖွင့်ရမလဲ

Fantasy Premier League App ထဲကို ဝင်ပါ ။

E-mail နဲ့ Password ပေးပြီး အကောင့်ဖွင့်ပါ ။

ပြီးရင် အသင်းစရွေးလို့ရပါပြီ ။

၃ ။ ဘယ်လို ကစားရမလဲ

အသင်းတသင်းစီတိုင်း အတွက် စစချင်းမှာ ပေါင် သန်း ၁၀၀ ပေးထားပါတယ် ( တကယ့် မန်နေဂျာတွေ ဈေးကွက်ထဲ အဝယ်ထွက်သလိုပါပဲ )

အဲ့ဒိ သန်း ၁၀၀ နဲ့ ပရိသတ်ကြီးတို့ စိတ်ကြိုက် အသင်းကို တည်ဆောက်ရမှာပါ ။

ကစားသမားတိုင်းမှာ သူတို့ရဲ့ FPL တန်ကြေးတွေ ပါရှိပါတယ် ( ဂိမ်းထဲ ရောက်သွားတာနဲ့ တွေ့ရမှာပါ )

သန်း ၁၀၀ အတွင်း လွတ်လွတ်လပ်လပ် ဝယ်လို့ရပါတယ် ။ ဒါပေမယ့် သတ်မှတ်ချက်လေး နည်းနည်းတော့ ရှိပါတယ် ။

အသင်းတသင်းမှာ ကစားသမား ၁၅ ယောက်ပဲ အများဆုံး ပေးပါတယ် ။

ဂိုးသမား ၂ ယောက် ၊ နောက်တန်း ၅ ယောက် ၊ ကွင်းလယ် ၅ ယောက် နဲ့ ရှေ့တန်း ၃ ယောက်ပါ ။

တသင်းတည်းကနေ ကစားသမား ၃ ယောက်ထပ် ပိုဝယ်လို့မရပါဘူး ( ဥပမာ အာဆင်နယ် ကနေ ဂျေဆု ၊ ဆာကာ ၊ မာတင်နယ်လီ တို့ကို ဝယ်ထားပြီးပြီ ဆိုရင် ဇင်ချန်ကို ကို ထပ်ဝယ်လို့ မရတော့ပါဘူး )

ကစားသမား ၁၅ ယောက် ဝယ်လို့ ပြီးသွားပြီ ဆိုရင်တော့ ပြိုင်ပွဲဝင်နိုင်ပါပြီ ။

League ဆိုတဲ့ နေရာမှာ SM Dream League 2022 ဆိုတာကို လိုက်ရှာပြီး Join Code နေရာမှာ e1qc9f  ကို ရိုက်ထည့်လိုက်ရုံပါပဲ ။

ကစားတဲ့ သူ အနေနဲ့ အပတ်စဉ်တိုင်း ( Gameweek ) မှာ ဝယ်ယူထားတဲ့ ကစားသမား ၁၅ ယောက်ထဲကနေ ပွဲထွက်မယ့် ၁၁ ယောက် ကို ရွေးချယ်ပေးရပါတယ် ။

စိတ်ကြိုက် Formation ကို သုံးနိုင်ပေမယ့် ဂိုးသမား ကတော့ မပါလို့ မရပါဘူး ။ နောက်ခံလူလည်း အနည်းဆုံး ၃ ယောက် ၊ ကွင်းလယ်လူ လည်း အနည်းဆုံး ၂ ယောက် ၊ ရှေ့တန်းလူက အနည်းဆုံး ၁ ယောက်တော့ ပါပေးဖို့လိုပါတယ် ။

အပတ်စဉ် ( Gameweek ) တိုင်းမှာ Deadline ဆိုတာ ရှိပါတယ် ။ ပထမဆုံး ပွဲ မစတင်ခင်ရဲ့ မိနစ် ၉၀ အလိုမှာ ပါ ။

Gameweek 1 ရဲ့ Deadline က မနေ့ညက ပိတ်သွားခဲ့ပါပြီ ။

ဒါကြောင့် အခုမှ အကောင့်သစ်ဖွင့်ပြီး စကစားမယ့် သူတွေ အတွက်တော့ Gameweek 2 ကနေ သာ စတင် ယှဉ်ပြိုင်ရတော့မှာပါ ။

ဒါပေမယ့် စိတ်ဓါတ်ကျစရာ မရှိပါဘူး ။ ဘယ်လို စထွက်တယ်ဆိုတာထက် ဘယ်လို ပန်းဝင်တယ် ဆိုတာကပဲ အဓိက ကျတာပါ ။ ကြားထဲမှာ လိုက်မီသွားနိုင်သလို ရာသီကုန် ဆုတွေ မရခဲ့ရင်တောင်မှ ရာသီဝက်ဆု ၊ လ အလိုက်ဆု ၊ Gameweak အလိုက် ဆုတွေကို ရနိုင်ချေ ရှိပါသေးတယ် ။

သတိပြုရမှာက ကျွန်တော်တို့ SM Dream League 2022 ရဲ့ ယှဉ်ပြိုင်သူ စာရင်းပိတ်ချိန် ကတော့ အခု ညနေ မြန်မာစံတော်ချိန် ၄:၄၅ နာရီ ပဲ ဖြစ်ပါတယ် ။ အဆိုပါ အချိန်မတိုင်ခင် အချိန်မီ အကောင့်ဖွင့်ပြီး ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ အခုအကြောင်းအရာကို ရေးသား ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

ဆက်ကြရအောင်ဗျာ . . . . .

၄ ။ အမှတ်ပေးစနစ် နဲ့ လူရွေးချယ်မှု အပိုင်း

ရိုးရှင်းပေမယ့် ပညာသားပါတဲ့ နေရာကတော့ Fantasy League ရဲ့ အမှတ်ပေး စနစ် နဲ့ လူရွေးချယ်မှု အပိုင်းပါပဲ ။

FPL မှာ အမှတ်ပေးတဲ့ စနစ်ဟာ ( ၁ ) သွင်းဂိုး ( ၂ ) ဖန်တီးမှု ( ၃ ) ကာကွယ်မှု ( ၄ ) Clean Sheet စတဲ့ အချက် ၄ ချက်နဲ့ အမှတ်ပေးပါတယ် ။

ဒါ့အပြင် ကိုယ့်ရဲ့ ကစားသမားဟာ Bonus Points System ( BPS ) လို့ ခေါ်တဲ့ အထဲမှာ ပါဝင်သွားခဲ့မယ် ဆိုရင်တော့ အမှတ်ပိုတွေ ရရှိဦးမှာပါ ။ ( ဒီအကြောင်းကိုတော့ နောက်မှပဲ ပြန်ရှင်းပြပါတော့မယ် )

Gameweak တခုချင်းစီတိုင်းရဲ့ အမှတ်ပေါင်းဟာ ကိုယ် ခင်းကျင်းထားတဲ့ ပွဲထွက် ကစားသမား ၁၁ ယောက် ရတဲ့ စုစုပေါင်း အမှတ်ပါပဲ ။

အရန်လူတွေ အတွက် အမှတ်တော့ မရပါဘူး ။

ဒါပေမယ့် တခု ရှိပါတယ် ၊ တကယ်လို့ ကိုယ့်ရဲ့ ပွဲထွက် ၁၁ ယောက် ထဲမှာ ပွဲမကစားခဲ့ရတဲ့သူ ရှိနေခဲ့တယ်ဆိုရင်တော့ အရန်ခုံက ပထမဆုံး ကစားသမား ဟာ အဲ့ဒိလူရဲ့ နေရာ အတွက် အစားဝင်ပြီး အဆိုပါ အရန်လူရဲ့ အမှတ်ကို အစားပေါင်းထည့်ပေးသွားမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် အရန်လူတွေကို စီတဲ့ အခါမှာ ဘယ်သူ့ကို ပထမဆုံး ဦးစားပေး အဖြစ် ရွေးချယ်မယ်ဆိုတာက အရေးကြီးလာခဲ့ပါတယ် ။

အပေါ်က ပြောခဲ့သလိုမျိုး ကိုယ့် ပွဲထွက် ၁၁ ယောက်ထဲက ကစားသမား ၃-၄ ယောက်လောက် ပွဲမကစားခဲ့ ကြရဘူး ဆိုရင်လည်း အရန်လူတွေ ထဲက ( ကိုယ်စီထားတဲ့ နံပါတ်စဉ် အတိုင်း ) ကစားသမားတွေရဲ့ အမှတ်တွေကို ပေါင်းထည့် ပေးသွားမှာပါ ။

နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အသင်းခေါင်းဆောင် နဲ့ ဒုတိယ အသင်းခေါင်းဆောင် ရွေးချယ်မှု ပါပဲ ။

ကစားသူ အနေနဲ့ ကိုယ့်အသင်းသားတွေထဲမှာ အသင်းခေါင်းဆောင် ၁ ယောက် နဲ့ ဒုတိယ အသင်းခေါင်းဆောင် ၁ ယောက်ကို ရွေးချယ် နိုင်ပါတယ် ။

အသင်းခေါင်းဆောင် ဟာ အမှတ် ၂ ဆု ရရှိမှာပါ ။ ဒါကြောင့် သေချာလေး ရွေးဖို့ လိုပါတယ် ။

တကယ်လို့ အသင်းခေါင်းဆောင် က အဆိုပါ ရက်သတ္တပတ်မှာ ဝင် ကစားခဲ့ဘူး ဆိုရင်တော့ ဒုတိယ အသင်းခေါင်းဆောင် ရဲ့ ရမှတ်ကို ၂ ဆ ရယူပေးသွားမှာပဲ ဖြစ်ပါတယ် ။

၅ ။ လူပြောင်းလူဝယ် ပြုလုပ်ခြင်း ( Making Transfer )

ရာသီသစ် မစခင် မှာတော့ အသင်းတိုင်းက စိတ်ကြိုက် လူပြောင်းလူဝယ် လုပ်လို့ရပါတယ် ။ ရာသီသစ် စပြီးရင်တော့ တပတ် ကို အလွတ်အပြောင်းအရွှေ့ ( Free Transfer ) တကြိမ်သာ ပြုလုပ် နိုင်တော့မှာပါ ။

ဒါတောင်မှ ကိုယ့် အသင်းမှာ ရှိနေတဲ့ လက်ကျန် ဘက်ဂျက် နဲ့ ကိုင်ညီမှု ရှိတဲ့ ကစားသမားကိုသာ ခေါ်ယူနိုင်မှာပါ ။

လက်ထဲမှာ ပေါင် ၁ သန်း သာ ကျန်ပြီး ၁၂ သန်း လောက်ရှိတဲ့ ကစားသမားကို သွားခေါ်လို့ မရပါဘူး ။

တခုတော့ ရှိပါတယ် ။ ကစားသူ အနေနဲ့ ၁ ယောက်ထပ် ပိုခေါ်ချင်တယ် ဆိုရင်တော့ ကစားသမား ၁ ယောက် ထပ်ခေါ်တိုင်းမှာ အမှတ် ၄ မှတ် လျော့ခံမှာပဲ ဖြစ်ပါတယ် ။

နောက် တနည်း ကတော့ Free Transfer လုပ်ခွင့်ကို စု ထားတာပါပဲ ။ အခု Gameweak မှာ အပြောင်းအရွေ့ မလုပ်ခဲ့ဘူး ဆိုရင် နောက် Gameweak မှာ လူပြောင်းလူလဲ လုပ်ခွင့် ၂ ခါ ရရှိမှာ ဖြစ်ပါတယ် ။

ဒါပေမယ့် ၂ ခါ ထက်တော့ ပိုရမှာ မဟုတ်ပါဘူး ။

၆ ။ ဘက်ဂျက် အတိုးအလျော့ ပြုလုပ်ခြင်း

ကိုယ့်အသင်းက ကစားသမားကို ပြန်ရောင်းထုတ်လို့ရပါတယ် ။ ဒီလို လုပ်ခြင်းအားဖြင့် ပြန်ခေါ်ချင်တဲ့ ကစားသမားရဲ့ ဘက်ဂျက် ကို ကာမိအောင် ပြုလုပ် နိုင်မှာပါ ။

ဘောလုံးရာသီ အတွင်းမှာ ကစားသမားတွေရဲ့ ဈေးကွက် တန်ဖိုး ဟာ အပြောင်းအလဲ ရှိနိုင်ပါတယ် ။

တကယ်လို့ ကိုယ်ဝယ်ထားတဲ့ သူရဲ့ တန်ကြေး မြင့်လာရင် ပြန်ရောက်ထုတ်ရာမှာ အမြတ် အစွန်း ရရှိမှာပါ ။ ဒါပေမယ့် ဂိမ်းက အခွန်ဖြတ်ပါတယ် ၊ တက်ဈေးရဲ့ အပြည့်ကိုတော့ ပြန်မရပါဘူး ၊ ဝယ်တုန်းကထက်တော့ ပိုရပါတယ် ။

၇ ။ လက်နက်ပုန်းများ

Fantasy Premier League မှာ ကစားသမားတွေ သုံးလို့ရတဲ့ Chip တွေ ရှိပါတယ် ။ အဲ့ဒါတွေ ကတော့ –

၁ ။ Wildcard – တသင်းလုံးကို လဲပစ်လို့ရပါတယ် ၊ အမှတ်လျော့ မခံရပါဘူး ၊ တရာသီ ကို ၂ ခါပဲ လုပ်လို့ရ ပါတယ် ။

၂ ။ Triple Captain – ကိုယ့် အသင်းခေါင်းဆောင်ရဲ့ ရမှတ် ကို ၃ ဆ အထိ တိုးစေတာပါ ။

၃ ။ Bench Boost – အရန်ခုံက လူတွေရဲ့ ရမှတ်ကို ပိုရအောင် လုပ်လို့ရပါတယ် ။

၄ ။ Free Hit – ကိုယ့် လူစာရင်း ကို တပတ်စာ ခဏ ပြောင်းလဲတာပါ ( တပတ်ပဲ ရပါတယ် ၊ ပြီးရင် အရင် အသင်း ပြန်ဖြစ်သွားမှာပါ )

ဒီအကြောင်းတွေကိုတော့ နောက်မှ ထပ်ပြီး ရှင်းပြပါဦးမယ် ။

ဒီနေ့တော့ ဒီလောက်ပါပဲ ။

အကောင့်မဖွင့်ရသေးတဲ့ ကစားချင်သူတွေ အတွက် ညနေ ၄:၄၅ မတိုင်ခင် အမြန်ဆုံး ပါဝင်ဖို့ ထပ်မံ ဖိတ်ခေါ် အပ်ပါတယ် ။

အရမ်း ကောင်းမွန်တဲ့ ဆုတွေ က ပရိသတ်ကြီးတို့ကို စောင့်ကြိုနေမှာပါ ။

ဆုမရလည်း ပျော်ဖို့ကောင်းမှာတော့ အသေအချာပါပဲ ။

နောက်ထပ်လည်း ပြိုင်ပွဲတွေ လုပ်ပေးဦးမှာပါ ။

ညနေ ၄:၄၅ မတိုင်ခင် အမြန်ဆုံး ပါဝင်လိုက်ကြပါစို့ဗျာ . . . . .

#smdl2022

SPORTS MYANMAR