ဒီရာသီ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရမယ့် အသင်း ၃ သင်းကို ခန့်မှန်းခဲ့ကြတဲ့ ဂယ်ရီနဗီး နဲ့ ကာရေဂါ

ဂယ်ရီနဗီး နဲ့ ကာရေဂါ တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ အတွက် ခန့်မှန်းချက် အမျိုးမျိုးကို လုပ်သွားခဲ့ပြီး ထုံးစံအတိုင်းပဲ နှစ်ဦးသား အမြင်မတူတာတွေက ရှိနေခဲ့ပါတယ်။ မန်ယူနိုက်တက် နောက်ခံလူဟောင်း နဗီးက တန်းတက်ကလပ်တွေ ဖြစ်ကြတဲ့ ဖူဟမ် ဘုန်းမောက် နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ ချန်ပီယံရှစ်ကို ချက်ချင်း ပြန်ဆင်းရလိမ့်မယ်လို့ ခန့်မှန်းမှု လုပ်သွားခဲ့ ပါတယ်။ ဒါပေမယ့်လည်း ဂျေမီကာရေဂါ ကတော့ သူ့ရဲ့ Skysports လုပ်ဖော်ကိုင်ဖက်ရဲ့ ခန့်မှန်းချက် အပေါ် အပြည့်အ၀ သဘောတူညီခဲ့ခြင်း မရှိခဲ့ပါဘူး။

ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ပက်သက်ပြီး နဗီးက “တန်းတက်လာခဲ့တဲ့ အသင်း ၃ သင်းစလုံး တန်းပြန်ဆင်းသွားနိုင်ပါတယ်။ အခု ပရီးမီးယားလိဂ်မှာ ဖြစ်နေတဲ့ ပုံစံက ပြီးခဲ့တဲ့ တစ်ရာသီကျော်က တန်းဆင်းခဲ့ရတဲ့ အသင်းတွေဟာ တန်းပြန်တက်လာခဲ့ပြီး အဲဒီရာသီ မတိုင်မီက အသင်းတွေဟာ တန်းဆင်းသွားခဲ့ကြပါတယ်။ နှစ်တိုင်းနှစ်တိုင်း ခန့်မှန်းရတာ ပိုမို လွယ်ကူလာပါတယ်။ ပရီးမီးယားလိဂ် ဘက်ကတော့ ခင်ဗျားတို့ကို ဒီလို ပြောသွားမှာ မဟုတ်ပါဘူး။

တန်းတက်လာခဲ့တဲ့ ၃ သင်းစလုံး တန်းပြန်ဆင်းခဲ့ရတာ တစ်ကြိမ်သာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဒီလို ဖြစ်နိုင်ခြေ မြင့်မားနေပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် ဝေးနေတာ ကြာနေပါပြီ။ ချန်ပီယံရှစ် ကနေ တန်းတက်လာခဲ့တဲ့ အသင်း အတွက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲတစ်ပွဲရခဲ့ခြင်းဟာ တကယ့်ကို ပွဲပါပဲ။ ပြီးခဲ့တဲ့ရာသီ ဘရန်ဖို့ဒ်တို့ တစ်ပွဲ အနိုင်ရခဲ့တဲ့ အချိန်တိုင်း အုံးအုံးကြွက်ကြွက် ဖြစ်နေတာကို မြင်ခဲ့ရမှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ စိတ်သက်သာရာ ရသွားလို့ ဖြစ်ပါတယ်။

ဘန်လေ ဆိုရင်လည်း မနှစ်က တန်းမဆင်းခင်အထိ ၇ နှစ် ၈ နှစ်လောက် ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ ဘန်လေ တို့ အနိုင်ရခဲ့တဲ့ အချိန်တိုင်း သူတို့ ပရိတ်သတ်တွေ အားလုံး မယုံနိုင်စရာ ခံစားချက်တွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ ဒါဟာ ခက်ခဲသထက် ခက်ခဲလာတာကြောင့်လို့ ကျွန်တော် ခံစားမိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ကာရေဂါက နဗီးရဲ့ မှတ်ချက်အပေါ် သဘောမတူခဲ့ဘဲ “ဘရန်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဒုတိယရာသီ၀က်မှာ ၁၀ ပွဲ ၁၂ ပွဲလောက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ တန်းတက်လာတဲ့ အခါမှာ ဒါမျိုး ဖြစ်တက်ပါတယ်။ ကျွန်တော်ကတော့ အဲရစ်ဆင်ဟာ အပြောင်းအလဲ ဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် မှားယွင်းဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူတို့ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိစေချင်လို့ပါ။ ဒါပေမယ့် ဘရန့်ဖို့ဒ်ကို ကြည့်ရင်း ရှက်ဖီးယူနိုက်တက်ရဲ့ အကြောင်းဟာ ကျွန်တော့် ခေါင်းထဲ ၀င်လာခဲ့ပါတယ်။

ဒါ့ကြောင့် ဘုန်းမောက် နဲ့ ဘရန့်ဖို့ဒ် တို့ကို တန်းဆင်းရမယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် ဖောရက်စ်ကို ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မလွယ်ကူလောက်ပါဘူး။ မာကိုဆေးလ်ဗား ကတော့ အသင်းတွေကို ခက်ခဲအောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဖူဟမ်ကတော့ ကျန်ရစ်ခဲ့မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဖောရက်စ် ဘုန်းမောက် နဲ့ ဘရန့်ဖို့ဒ် တို့ကို ရွေးချယ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM