ဘာဆာ ကို စာရင်းပေးမသွင်းတဲ့ လာလီဂါ ၊ အာဆင်နယ် အဖွင့်လှပြီး ဂိုးမိုးရွာတဲ့ ဘိုင်ယန် ၊ နောက်ဆုံးရ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

အင်္ဂလန် ပရီးမီးယားလိဂ် ၊ ဂျာမန် ဘွန်ဒစ်လီဂါ ၊ ပြင်သစ် လီဂူး တို့ရဲ့ ရာသီသစ်ပွဲစဉ်တွေကို မနေ့ညက စတင် ယှဉ်ပြိုင် ကစားသွားခဲ့ ကြပါတယ် ။

အဆိုပါ ပွဲတွေမှာ အာဆင်နယ် က ပဲလေ့စ် ကို ၂-၀ ၊ ဘိုင်ယန်မြုးနစ် က ဖရန့်ဖွတ် ကို ၆-၁ ၊ လိုင်ယွန် က အော်ဇေး အသင်းကို ၂-၁ တို့ နဲ့ အသီးသီး အနိုင် ရရှိ သွားခဲ့ကြပါတယ် ။

ဘိုင်ယန်တိုက်စစ်မှူးသစ် မာနေး ဟာ သူ့ရဲ့ အသင်းသစ် အတွက် ပထမဆုံး တရားဝင် သွင်းဂိုး ကို ရရှိခဲ့သလို လိုင်ယွန် အတွက် ပင်နယ်တီ ကနေ ဂိုးသွင်းပေး ခဲ့တဲ့ တိုက်စစ်မှူး လာကာဇက် ကလည်း သူ့အတွက် ၁၀၁ ဂိုးမြောက် ပြင်သစ်လိဂ် သွင်းဂိုး ကို ရရှိ စေခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ မနေ့က ရောဘတ် လီဝန်ဒေါ့စကီး ကို မီဒီယာတွေ နဲ့ မိတ်ဆက်ပွဲ ပြုလုပ် ပေးခဲ့ပြီး ကျောနံပါတ် ၉ ကို ဝတ်ဆင်မယ့် အကြောင်းလည်း အသိပေးခဲ့ ပါတယ် ။

အဆိုပါ နံပါတ် ဟာ လက်ရှိ မမ်းဖစ် ဒီပိုင်း ဝတ်ဆင်နေတဲ့ နံပါတ် ဖြစ်တာကြောင့် ပရိသတ်တွေ အကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒါပေမယ့် ကတ်တလန် သတင်းစာတွေကတော့ ဘာစီလိုနာ ဟာ ယမန်နေ့ နံနက်ပိုင်း က ဒီပိုင်း ဆီ ဆက်သွယ်ပြီး နံပါတ် ၉ ကို လီဝန်ဒေါ့စကီး ထံ ပေးအပ်မယ်ဆိုတဲ့ အကြောင်းကို အသိပေးခဲ့ပြီး ဘာဆာ ကနေ ထွက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တဲ့ မမ်းဖစ် ဘက်ကလည်း အဆိုပါ ကိစ္စ အပေါ် ဘယ်လိုမှ မခံစားခဲ့ရဘူးလို့ ရေးသား ဖော်ပြလာခဲ့ပါတယ် ။

ဘာစီလိုနာ ဟာ ရာသီသစ် အတွက် ကျောနံပါတ်တွေ ထုတ်ပြန်ရာမှာ မာတင် ဘရိသ်ဝိတ် ၊ ဆင်မြူရယ် အမ်တီတီ ၊ မီယာလန် ပီယာနစ် နဲ့ ဂိုးသမား နီတို တို့ကို နံပါတ်တွေ မထုတ်ပေးဘဲ ချန်လှပ် ထားခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဘာစီလိုနာ ဟာ ဘဏ္ဍာရေးမြှင့်တင်မှု ၃ ကြိမ် အထိ ပြုလုပ်ထားပေမယ့်လည်း သူတို့ရဲ့ ငွေကြေး ဟန်ချက်ညီမှု ၊ တည်ငြိမ်မှုတွေဟာ လုံလောက်တဲ့ အနေအထားမှာ မရှိသေးတာကြောင့် လာလီဂါ ဘောလုံး အဖွဲ့ချုပ်ဟာ ကစားသမားသစ်တွေ နဲ့ စာချုပ်သစ် ပြန်ချုပ်ထားတဲ့ ဒမ်ဘီလီ တို့ကို ဘာဆာ အသင်းသားတွေ အဖြစ် စာရင်းသွင်းခွင့် မပြုခဲ့ဘူးလို့လည်း သိရှိရ ပါတယ် ။

ပြင်သစ် ဘောလုံး အဖွဲ့ချုပ် ကလည်း PSG နည်းပြသစ် ဂယ်လ်တီယာ ကို UEFA Pro ဒီပလိုမာ လိုင်စင် ကို သက်တမ်း မတိုးမှုကြောင့် ပြင်သစ် ကလပ် နဲ့ စာချုပ် ချုပ်ဆိုမှု ကို အတည်မပြု ပေးထားဘူးလို့ သိရပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ ဘော်ဒေါက် အသင်းဟာ ဂရိစ် ကလပ် အေအီးကေ အေသင် မှာ ကစားနေတဲ့ ပြင်သစ် ညာနောက်ခံလူ ကလီမန့် မီချီလင် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာ က ဝီစလေ ဖိုဖာနာ နဲ့ ဂျိမ်းစ် မက်ဒီဆင် တို့ဟာ ရောင်းထုတ်ရမယ့် ကစားသမားတွေ မဟုတ်ပါဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ ပါတယ် ။

ဒါပေမယ့် အာဆင်နယ် က စိတ်ဝင်စားနေတဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ် အတွက် ကိုတော့ ထည့်သွင်း မှတ်ချက် မပေးသွားခဲ့ ပါဘူး ။

ရိုးမား အသင်းဟာ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကို အငှား + သတ်မှတ်အချက် ပြည့်မီက အပြီးသတ်ဝယ်ယူခွင့် တို့နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

ဝိုင်နယ်ဒမ် ဟာ ရိုးမား မှာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင် ကစားသွားမှာပဲ ဖြစ်ပါတယ် ။

ရိုးမား ရဲ့ ပြင်သစ် ကွင်းလယ်လူ ဂျော်ဒန် ဗာရီတော့တ် ကတော့ မာဆေး အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရပါတယ် ။

ပြင်သစ် ကလပ် နိုက်စ် အသင်းဟာ ကစားသမားသစ်တွေ ဖြစ်ကြတဲ့ ကက်စပါ ရှမိုက်ကယ် နဲ့ အာရွန်ရမ်ဆေး တို့ကို မနေ့က မိတ်ဆက်ပွဲ ပြုလုပ် ပေးသွားခဲ့ပါတယ် ။

အဲဗာတန် အသင်းဟာ လိုင်လီ အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် အမာဒူ အိုနာနာ ကို ခေါ်ယူ နိုင်တော့မှာ ဖြစ်ပါတယ် ။ ဝက်စ်ဟမ်း ဘက်က လိုင်လီ ကို ဦးစွာ ကမ်းလှမ်းခဲ့ ပေမယ့် ကစားသမား က အဲဗာတန် နည်းပြ လမ်းပတ် နဲ့ ပြောဆို အပြီးမှာ မာဆေးဆိုက် ကလပ် ကို ရွေးချယ် ခဲ့တာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

ဝက်စ်ဟမ်း ကတော့ ဘန်လေ ရဲ့ မက်ဝဲလ် ကော်နတ် ကို ပေါင် ၁၇.၅ သန်း နဲ့ ခေါ်ယူကာ ၅ နှစ် စာချုပ် ချုပ်ဆို လိုက်ပြီလို့ သိရပါတယ် ။

နာပိုလီ အသင်း နဲ့ စာချုပ်ပြည့် သွားတဲ့ တိုက်စစ်မှူး ဒရိုင်းစ် မာတင် ကို တူရကီ ကလပ် ဂါလာတာစာရေး က ကမ်းလှမ်းထားပြီး တနှစ် ကို လုပ်ခ ယူရို ၄ သန်း နဲ့ အပိုဆုကြေးတွေ ပေးချေမယ်လို့ သိရပါတယ် ။

ဝိန်းရွန်းနီ ကိုင်တွယ် နေတဲ့ မေဂျာလိဂ် ကလပ် ဒီစီ ယူနိုက်တက် ဟာ ပဲလေ့စ် တိုက်စစ်မှူး ခရစ်ရှန် ဘန်တီကီ ကို ခေါ်ယူ နိုင်ခဲ့ပြီလို့ ကြေညာသွားခဲ့ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် အသင်းကလည်း ဝုဗ် ကစားသမား မော်ဂန် ဂစ်ဘ်ဝှိုက် အတွက် ပေါင် ၂၅ သန်း + ၁၀ သန်း အပိုဆုကြေးတို့နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် ဝုဗ် ဘက်က ငြင်းဆို ခဲ့ပြီး ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှု ကို တောင်းဆို လိုက်သလို အစားထိုးမယ့် ကစားသမား ရှာဖွေ မရခင်အထိ ပြောင်းရွှေ့မှု ကို လက်ခံဖွယ် မရှိဘူးလို့ ကြားသိရ ပါတယ် ။

ဖောရက်စ် ဟာ ဂျာမန် ကလပ် လိုက်ပ်ဇစ် မှာ ကစားနေတဲ့ မန်စီးတီး ဘယ်နောက်ခံလူဟောင်း အန်ဟဲလီနို ကို ခေါ်ယူဖို့ လည်း စတင် ကြိုးစားနေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး လူငယ်လေး လီဗီ ကိုဝဲလ် ကတော့ ဘရိုက်တန် အသင်းဆီ တရာသီ အငှားနဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ အူဒီနီးစ် ကစားသမား ဒက်စတနီ ယူဒိုဂျီ ကို အခု အပတ်ထဲမှာ ခေါ်ယူမှု ပြီးမြောက်ဖို့ အတွက် အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

တရုတ် စူပါလိဂ် ကနေ ထွက်ခွာလာတဲ့ ဘရာဇီး ကွင်းလယ်လူ အော်စကာ ဟာ ဘရာဇီး ပြည်တွင်း ကလပ် ဖလာမင်ဂို အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရကာ မကြာခင် မှာ အပြီးသတ် ကြေညာသွားဖို့ ရှိနေပါတယ် ခင်ဗျာ . . . . ။

SPORTS MYANMAR