ဂယ်ရီနဗီးလ် ရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ တူချယ်

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက Sky Sports ရဲ့ ပင်တိုင် ဝေဖန်သုံးသပ်သူ နှစ်ယောက် ဖြစ်တဲ့ ဂျေမီ ကာရေဂါ နဲ့ ဂယ်ရီ နဗီးလ် တို့ဟာ အင်္ဂလန် က ဘောလုံး ဖန်ပေ့ချ် ပရိသတ်တွေ နဲ့ တွေ့ဆုံပြီး ရာသီသစ် အတွက် ကြိုတင် သုံးသပ်ချက် ဆွေးနွေးပွဲမျိုး လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီပွဲမှာပဲ ဂယ်ရီ နဗီးလ် က “ မန်စီးတီး ဟာ ပြိုင်ဘက်တွေ အားလုံးကို ကျော်ပြီး အမှတ်ပြတ် နဲ့ ပရီးမီးယားလိဂ် ဗိုလ်စွဲခဲ့ရင် အံ့အားသင့်စရာ မဟုတ်ဘူး” လို့ ခန့်မှန်းခဲ့သလို ၊ လက်ရှိ ချဲဆီး ရဲ့ အပြောင်းအရွှေ့ လုပ်ကိုင်ပုံ နဲ့ ပတ်သက်ပြီး “Football Manager” ဂိမ်း ကစားနေသလိုပဲ လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ချဲဆီး ဟာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်ပိုင်း ၊ ယခင် အသင်းကို ဦးဆောင် လည်ပတ်ခဲ့တဲ့ ရာထူးကြီး ဝန်ထမ်းတွေ အားလုံး နဲ့ လမ်းခွဲခဲ့ကာ ၊ ပူးတွဲ ပိုင်ရှင် ဘိုလီ က ဦးဆောင် မောင်းနှင်ခဲ့ပါတယ်။

သို့သော် ဘောလုံးလောကထဲမှာ ကနဦး ဝင်ရောက်လာခါစ အချိန်မျိုး ဖြစ်တာကြောင့် အပြောင်းအရွှေ့ လုပ်ကိုင်တဲ့ အပိုင်းတွေမှာလဲ အလှည့်အပြောင်းတွေက အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။

လိဒ် ယူနိုက်တက် တောင်ပံ ကစားသမာ ရာဖင်ဟာ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးမှ ဘာစီလိုနာ ဆီ လက်လွှတ် ဆုံးရှုံးလိုက်ရသလို ၊ ဆီဗီလာ ကစားသမား ကွန်ဒေး ကို ခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီးမှလဲ ဘာစီလိုနာဆီ ပါသွားခဲ့ပြန်ပါတယ်။

အဲဒီနောက် ခံစစ်ကို အားဖြည့်ဖို့ မန်စီးတီး က အကီ ၊ အင်တာ မီလန် က ဒမ်းဖရီး ၊ ပီအက်စ်ဂျီ က ကင်ပမ်ဘီ တို့ကို ချိတ်ဆက်ခဲ့သည့်တိုင်အောင် အဆင်ပြေခဲ့ခြင်း မရှိလို့ နောက်ပိုင်းမှာ နပိုလီ က ကူလီဘယ်လီ ကို ရအောင် ခေါ်ယူလိုက်ပါတယ်။

ဒါ့အပြင် မကြာခင်ကလဲ အက်တွန် ဗီလာ နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ချူကွီမက္ကာ ၊ ဘရိုတ်တန်က ဘယ်နောက်ခံလူ ကူကူရယ်လာ တို့ကိုပါ ခေါ်ယူနိုင်ခဲ့ပါတယ်။

ဂယ်ရီ နဗီးလ် ကတော့ ချဲဆီး ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားတဲ့ ပုံစံက ကျစ်လစ်မှု မရှိတဲ့ အပေါ် ထောက်ပြ ဝေဖန်ခဲ့တာ ဖြစ်ပေမယ့် ၊ သောမတ် တူချယ်ကလဲ ပိုင်ရှင်သစ်တွေ အပေါ် အပြည့်အ၀ ကာကွယ်ကာ အခုလို တုန့်ပြန်သွားခဲ့ ပါတယ်။

“ စိုးရိမ် ကြောင့်ကြမှုတွေ နဲ့ ဝယ်တာမျိုးလား ဆိုတော့ လုံး၀ မဟုတ်ပါဘူး။ ကျနော် ကတော့ အလုပ်ကို အရမ်းကြိုးစားတယ်လို့ သုံးနှုန်းချင်သလို ၊ လုပ်ငန်းသစ်မှာ သင်ယူရင်း လုပ်ကိုင်နေတယ်လို့ ပြောချင်ပါတယ်။

အပြောင်းအရွှေ့ ကိစ္စတွေ လုပ်ဆောင်ရတာ ဘောလုံးနယ်ပယ် ပြင်ပက ဝင်ရောက်လာသူတွေ အတွက် အခက်ခဲဆုံး လုပ်ငန်းမျိုးပါ။ အဲဒီတော့ ကျနော့်မှာ ဘာမှ ဝေဖန်စရာ မရှိပါဘူး ဒါပေမယ့် ချီးကျူးစရာတွေပဲ ရှိပါတယ်။ ဘိုလီ နဲ့ ပတ်သက်လာရင် လေးစားမှု အများကြီး ထားရှိပါတယ်။

သူတို့ဆိုရင် ဘယ်အချိန် အိပ်လဲတောင် ကျနော် မသိပါဘူး။ အိပ်တောင် မအိပ်ကြဘူး ထင်ပါတယ်။ ကျနော်တို့ အကြားမှာ ရိုးသားပွင့်လင်းပြီး ၊ တိုက်ရိုတ် ဆက်ဆံရေးလမ်းကြောင်းတွေ ရှိပါတယ်။ အပြောင်းအရွှေ့တွေက အချိန်တန်ရင် စကားပြောလာမှာပါ။

တစ်ချို့ ကိစ္စတွေမှာ ကြန့်ကြာနေတာမျိုးတွေ ရှိပါတယ် ၊ ဒါပေမယ့် အဲဒီ အတွက် ဘယ်သူ့မှ အပြစ်တင်စရာ မရှိပါဘူး ဘာလို့လဲ ဆိုတော့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲရှိခဲ့တယ်လေ။ အဲဒီ အကြောင်းအရင်းတွေကြောင့် အဓိက ကစားသမား တစ်ချို့ကိုလဲ လက်လွှတ်လိုက်ရပါတယ်။ ဒါပေမယ့် ပိုင်ရှင် နှစ်ယောက် စလုံးဟာ အသင်းရဲ့ နေ့စဉ် လုပ်ငန်း ဆောင်တာတွေ အားလုံးမှာ ပါဝင် ပတ်သက်ရင်း အကောင်းဆုံး လုပ်ကိုင်နေကြတာပါ” လို့ တုန့်ပြန် ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ချဲဆီးဟာ ဒီနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်ပါ့မလားလို့ မေးမြန်းရာမှာတော့ –

“ လက်ရှိ အချိန်မှာ ကျနော်တို့ ရဲ့ မျှော်လင့်ချက်တွေ နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ မထားချင်ပါဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုလဲ ဖိအားတွေ ဖြစ်အောင် မလုပ်ချင်ပါဘူး။ ဒါတွေက အသင်းပေါ် ကူညီနိုင်မယ် မထင်ဘူးလေ။

ကျနော် ယုံကြည်ထားတာက အသင်းဟာ Transition ကာလ တစ်ခုကို ဖြတ်ကျော်နေတာပါ။ တစ်ချိန်တည်းမှာ ကန့်သတ်ချက်တွေလဲ မထားချင်သလို ၊ ထားလို့လဲ မဖြစ်နိုင်ပါဘူး။

ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ဘယ်သူ ကြိုသိလို့လဲ။ အနေအထားက လမ်းကြောင်း နှစ်ခုစလုံးလဲ ဖြစ်နိုင်တာပါပဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကို နှိမ့်ချနေရင်း ၊ အကောင်းဆုံး ပုံစံတွေ ရအောင် ကြိုးစားရမှာပါ။ ကျနော်တို့မှာ ပွဲတွေ အနိုင်ရဖို့ ၊ နိုင်ပွဲဆက် မှတ်တမ်းတွေ ယူပြဖို့ စွမ်းဆောင်ရည်မျိုးတွေ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM