ဆလီဘာ အကောင်းဆုံး ဖြစ်ခဲ့ပြီး အိုဒီဂတ် အညံ့ဆုံး ဖြစ်ခဲ့တဲ့ ခရစ္စတယ်ပဲလေစ့် ၀-၂ အာဆင်နယ် ပွဲမှ အာဆင်နယ် ကစားသမားတွေရဲ့ rating များ

ယနေ့ နံနက် မြန်မာစံတော်ချိန် ၁ နာရီ ခွဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁) ရဲ့ အစောဆုံး ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် ခရစ္စတယ်ပဲလေစ့် အသင်းကို ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင် ကစားပြီး အဖွင့်လှ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပဲလေစ့် နဲ့ ပွဲမှာ ဆီဗီးလား ၊ ချဲလ်ဆီး တို့နဲ့ ပွဲက ပွဲထွက် လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက် ခဲ့တာ ဖြစ်ပါတယ် ။ ဂျေးဇု ၊ ဇင်ချန်ကို နဲ့ ဆလီဘာတို့ အတွက်တော့ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ဖြစ်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းအတွက် ဦးဆောင်ဂိုးဟာ ပထမပိုင်း ပွဲချိန် အတွင်း ရရှိ ခဲ့တာ ဖြစ်ပြီး ထောင့်ကန်ဘောကနေ ဇင်ချန်ကို ခေါင်းတိုက်ချပေးတာကို မာတင်နယ်လီ က ထပ်ဆင့် ခေါင်းတိုက်ပြီး သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။

ဒုတိယဂိုးကတော့ ဒုတိယပိုင်းမှာ ဆာကာ ရဲ့ ကန်ချက် ပဲလေစ့် နောက်ခံလူ မတ်ဂေးလ် နဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင် သွားခဲ့တာပါ ။ အာဆင်နယ် အသင်း ဟာ ဒီနေ့ နိုင်ပွဲကြောင့် တခြား အသင်းတွေ မကန်ရသေးခင် အမှတ်ပေး ဇယားကို ယာယီ ဦးဆောင် ထားနိုင်ပါတယ် ။

ခရစ္စတယ်ပဲလေစ့် ၀-၂ အာဆင်နယ် ပွဲမှ အာဆင်နယ် ကစားသမားတွေရဲ့ rating တွေကတော့

ရမ်စ်ဒေးလ်(၈) – ပထမပိုင်း ပွဲချိန်အတွင်း ဘောလုံးကိုင်ကစားရာမှာ လျော့တိလျော့ရဲ နိုင်ခဲ့ပေမယ့် Edouard နဲ့ Eze တို့ရဲ့ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပါတယ် ။

ဘန်ဝှိုက်(၆) – ဇာဟာ နဲ့ တစ်ပွဲလုံး တောက်လျှောက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲခဲ့ရပြီး ဇာဟာ ရဲ့ မြန်နှုန်းမြင့် ပြေးအားဟာ သူ့ကို ဒုက္ခ ပေးနိုင်ခဲ့ပါတယ် ၊ အဆုံးသတ်မှာတော့ အသင်းအတွက် ဂိုးမပေးရအောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဇာဟာ ကို ထိန်းချုပ်ရင်း အဝါကဒ်လည်း ထိသွားခဲ့ပါတယ် ။

ဆလီဘာ(၉) – ဒီနေ့ပွဲမှာ အာဆင်နယ် အသင်းရဲ့အကောင်းဆုံး ကစားသမားပါ ၊ ဘောလုံး ဖျက်ထုတ်မှု ဂိုးပေါက်ကန်သွင်းမှုကို ပိတ်ဆို့ ဟန့်တားမှု နှစ်ကြိမ်ထက် မနည်း လုပ်နိုင်ခဲ့သလို နောက်တန်းမှာ တည်တည်ငြိမ်ငြိမ် နဲ့ ကစားပြသွားပါတယ် ၊ ဒီနေ့ပွဲရဲ့ Man of the match ကို ထိုက်ထိုက်တန်တန် ရရှိ သွားခဲ့သူပါ ။

ဂါဘရီယဲလ်(၆) – ကောင်းမွန်တဲ့ ဘောလုံး ရှင်းထုတ်မှုတွေ လုပ်နိုင် ခဲ့ပါတယ် ၊ ဒါပေမယ့် အရင်တုန်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းမျိုးတော့ ပြသ နိုင်ခြင်း မရှိခဲ့ပါဘူး ။ နောက်တစ်ပတ် လက်စတာ နဲ့ ပွဲမှာ ဒီထက်ပိုတိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်ပါတယ် ။

ဇင်ချန်ကို(၇) – မာတင်နယ်လီ ရဲ့ သွင်းဂိုးကို ခေါင်းတိုက် ပေးပို့ကာ ဖန်တီး ပေးခဲ့ပြီး ပွဲဦးထွက် ကောင်းမွန် ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ။

အိုဒီဂတ်(၅) – ဒီနေ့ပွဲမှာ ပုံမှန် ခြေစွမ်းအောက် သိသိသာသာ ရောက်နေခဲ့ပြီး အလွဲလွဲ အချော်ချော်တွေ ဖြစ်နေခဲ့ပါတယ် ။ အထူးသဖြင့် အပိုင်ဂိုးသွင်းခွင့် ရချိန်မှာ မကန်ဘဲ ပေးပို့ဖို့ လုပ်ပြီး အခွင့်အရေးကောင်းကို ဖြုန်းတီး ပစ်ခဲ့ပါတယ် ။

ပါတေး(၇) – လှောင်ပြောင်မှုတွေ ခံနေရတဲ့ကြားက ကျစ်လစ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသ နိုင်ခဲ့ပြီး သူ့အလုပ်သူ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ။

ရှာကာ(၇) – နေရာယူပုံတွေ ကောင်းမွန်ခဲ့သလို အရေးပါတဲ့ ဘောလုံးဖျက်ထုတ်မှု အချို့လည်း လုပ်နိုင် ခဲ့ပါတယ် ။ ဒါပေမယ့် ဒိုင်ဗင်ပစ်တယ်ဆိုပြီး အဝါကဒ် ပြခံ ခဲ့ရပါတယ် ။

ဆာကာ(၇) – သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ရတဲ့ ပွဲတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့် ဇာဟာ ကို ထိန်းချုပ်ရ ခက်နေတဲ့ ဘန်ဝှိုက် ကို နောက်အထိ ဆင်းပြီး ကူညီ ပေးခဲ့ပါတယ် ၊ အာဆင်နယ် အသင်းရဲ့ ဒုတိယဂိုးကလည်း သူ့ရဲ့ ကန်ချက်ကနေ ရရှိ ခဲ့တာပါ ။

​ဂျေးဇု(၇) – အာဆင်နယ် အသင်းရဲ့တိုက်စစ်ကို အားအင်အပြည့်နဲ့ ဦးဆောင် ကစားခဲ့ပြီး အသင်းဖော်တွေ နဲ့ ကောင်းကောင်း ချိတ်ဆက် ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

မာတင်နယ်လီ(၇) – ပွဲအစမှာ အပိုင် အခွင့်အရေး တစ်ကြိမ် လွဲချော် ခဲ့ပါတယ် ၊ ဒါပေမယ့် အသင်း ဂိုးလိုအပ် နေချိန်မှာ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချ နိုင်ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ

တီယာနေး(-) ၊ အန်ကတ်တီးယား(-) ၊ လိုကွန်ဂါ (-)

SM