ဖူဟမ်နဲ့ပွဲစဉ်မှာ အလီဆွန် ၀င်ကစားနိုင်လိမ့်မယ်လို့ အတည်ပြုလိုက်ပေမယ့် အဆိုပါပွဲကို လွဲချော်သွားမယ့် ကစားသမားတွေကို ထုတ်ဖော်လိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မနက်ဖြန် ဖူဟမ်နဲ့ ကစားသွားရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်မီ လီဗာပူး အသင်းသားတွေရဲ့ ဒဏ်ရာ ပြသနာတွေ ကြံ့ခိုင်မှု အခြေအနေတွေကို ပြောပြသွားခဲ့ကာ အလီဆွန်ဘက်ကာ အနေနဲ့ ကြံ့ခိုင်မှု အပြည့်အ၀ ပြန်ရလာပြီ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဘရာဇီး ဂိုးသမားဟာ ဒဏ်ရာပြသာနာကြောင့် မန်စီးတီးကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လွဲချော်ခဲ့ရပေမယ့်လည်း ဒီတစ်ပတ်မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အပြည့်အ၀ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ ခရေဗင်ကော့တစ်ခ်ျမှာ ကစားသွားရမယ့် ပွဲစဉ်မှာ ကာတစ်ဂျုံး အောက်စလိတ်ချိန်ဘာလိန်း ကော့စတပ်ဆီမီကတ်စ် နဲ့ အေဗရာဟီမာကိုနာတေး တို့ကို လက်လွှတ်သွားရမှာ ဖြစ်ပြီး နာဘီကီတာရဲ့ အဖျားဝေဒနာ ကိုတော့ ပွဲချိန်နီးတဲ့အထိ စောင့်ကြည့်အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။

ဖူဟမ်နဲ့ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ကလော့က “အလီဆွန်က အိုကေပါတယ်။ ကာတစ်ရဲ့ ဒဏ်ရာကို ကျွန်တော်တို့ အချိန်ကိုက် စစ်ဆေးကုသမှု လုပ်နိုင်ခဲ့တယ်လို့ မျှော်လင့်မိပါတယ်။ လူငယ် ကစားသမားတွေ ကတော့ ဒီလိုပဲ ဖြစ်တက်ပါတယ်။ တစ်ခါတစ်ရံ သူတို့မှာ stress ကြောင့် ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ရှိတက်ကြပြီး အကယ်၍ သူတို့ဟာ သတ်မှတ်ထားတဲ့ limit ထက် ပိုပြီး လေ့ကျင့်မှု ပြုလုပ်လိုက်တဲ့ အခါ ဒီလို ဖြစ်တက်ပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုကို ရခဲ့တာ မဟုတ်ပေမယ့် တစ်ခါတစ်ရံ ပြင်းထန်တဲ့ ဒဏ်ရာ ဖြစ်သွားတက်ပါတယ်။

ကျွန်တော်တို့ သူ့ရဲ့ ဒဏ်ရာကို စောစော တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂရုစိုက်သွားဖို့တော့ လိုအပ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာက ဒီလို ဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် ဒီပွဲမှာ သူပါနိုင်မှာ မဟုတ်ပါဘူး။ နာဘီကတော့ ဖျားနေခဲ့တာပါ။ ဒါပေမယ့် သူဟာ ဒီနေ့မှာ ပထမဦးဆုံး အကြိမ် လေ့ကျင့်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အဖျားဝေဒနာကို ကျွန်တော် လျော့တွက်မိခဲ့ပြီး ခဏလေး ပြန်ကောင်းသွားမယ် ဆိုပြီး ပြောခဲ့ပါတယ်။ သူ မနေ့က ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ဆီမှာ လက္ခဏာ တစ်ချို့ ရှိနေဆဲပါ။ ကိုဗစ် မဟုတ်ပါဘူး။ ဒါပေမယ့် သိပ်ပြီးတော့ မအိုကေလှပါဘူး။ သူ ဒီနေ့ ပြန်လာနိုင်မယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။

ကော့စတပ် ကတော့ လေ့ကျင့်ရေးကွင်းမှာ ကံဆိုးပြီး ဒဏ်ရာ ရခဲ့တာပါ။ ကျွန်တော် အခုလေးတင် သူနဲ့ တွေ့လာခဲ့ပါတယ်။ သူ ကွင်းထဲကိုတော့ သွားနိုင်ပါပြီ။ ကျွန်တော့် အမြင်ကတော့ သူ လာမည့် အပတ်မှာ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ အသင့် ဖြစ်နေလောက်ပါတယ်။ ဒါဟာ အကူအညီ ဖြစ်စေပါတယ်။ အီဘူ (ကိုနာတေး) ကတော့ စထရပ်စ်ဘော့နဲ့ ပွဲမှာ ဖျက်ထုတ်မှုကို လုပ်ခဲ့ရင်းနဲ့ ဒဏ်ရာရခဲ့တာပါ။ သူ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဒါပေမယ့် သူဟာ အချိန်တစ်ခုတော့ ကြာနိုင်ပါတယ်။ အောက်စလိတ် လည်း ပါ၀င်မှာ မဟုတ်ပါဘူး။” လို့ ပြောသွားပါတယ်။

လီဗာပူးဟာ လန်ဒန်မှာ သွားရောက် ကစားရမယ့် ပွဲစဉ်မှာ ဒီယိုဂိုဂျိုတာ နဲ့ ကယ်လီဟာ တို့ကို လက်လွှတ်သွားရမှာ ဖြစ်ပြီး အဆိုပါ ကစားသမား ၂ ဦးဟာ နွေရာသီ ကာလအတွင်း နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းစဉ် ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ပြန်လည် နလန်ထမှုတွေ လုပ်ဆောင်နေပါတယ်။

ကလော့က “ကယ်လီဟာ ကတော့ ရက်သတ္တပတ် အနည်းငယ် လိုနေပါသေးတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာပြသနာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ကံမကောင်းတဲ အခြေအနေတွေ အများကြီး ရှိခဲ့ပါတယ်။ ကယ်လီဟာ နဲ့ ဒီယိုဂို တို့ ဆိုရင်လည်း တစ်ယောက် ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး နောက်တစ်ယောက် ဒဏ်ရာ ပြန်ရခဲ့တာပါ။ ဝေဖန်တာ မဟုတ်ပေမယ့် သူတို့ဟာ လက်ရွေးစင် အသင်းတွေနဲ့ ပူးပေါင်းနေစဉ် ဒဏ်ရာ ရခဲ့တာပါ။ သူတို့ အခုဆိုရင် အိုကေနေပါပြီ။ ရက်သတ္တပတ် အနည်းငယ်နေရင် သူတို့ ပြန်လာကြမှာပါ။

ဒီလို အရာတွေက သိပ်တော့ မကောင်းလှပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို အပြောင်းအရွေ့ စျေးကွက်ထဲ ၀င်ပြီး ဖြေရှင်းသွားလို့ မရပါဘူး။ ဒါဟာ အဓိပ္ပာယ် မရှိပါဘူး။ ဒါပေမယ့် အပြောင်းအရွေ့ စျေးကွက်ဟာ ဖွင့်လှစ်နေဆဲပါ။ ဒါပေမယ့် အစီအစဉ် ကတော့ ဒီထဲ၀င်ဖို့ ဦးတည်နေခြင်း မရှိပါဘူး။”

ဆက်လက်ပြီး ကလော့က ကိုနာတေးရဲ့ ဒဏ်ရာ ပြသနာကြောင့် ဗဟို နောက်ခံလူ နက်ဖီးလစ်ကို ရောင်းချသွားမယ့် ကိစ္စကို ပြန်လည် စဉ်းစားကာ အနည်းဆုံး ဇန်နဝါရီထိ အသင်းမှာ ဆက်ထိန်းသွားဖို့ အခြေအနေ ရှိနေတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

SM