ပရီးမီးယားလိဂ် မှာ ဒဏ်ရာပြသနာ အများဆုံး အသင်းဖြစ်နေပေမယ့် ကစားသမားသစ် ခေါ်ယူမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားဆဲ ဖြစ်တဲ့ ကလော့ပ်

ပရီးမီးယားလိဂ် ဘောလုံးရာသီတောင် မစတင်ရသေးပေမယ့် လီဗာပူး ရဲ့ ဒဏ်ရာရ ကစားသမားစာရင်းဟာ စုစုပေါင်း 8 ယောက် အထိ ရှိနေပါတယ်။ လက်စတာ က သူတို့ထက် ဒဏ်ရာရ ကစားသမား အရေအတွက် တစ်ယောက်ပိုများပေမယ့် ၊ စီနီယာ ကစားသမား ပါဝင်မှု အနေနဲ့ ကြည့်မယ် ဆိုရင် လီဗာပူး က ပိုများပါတယ်။

လီဗာပူး ရဲ့ လက်ရှိ ဒဏ်ရာရ ကစားသမား စာရင်း –

ချန်ဘာလိန် (တံကောက်ကြော) – 8 ပတ် နဲ့ အထက်
ဂျော်တာ (ပေါင်ခြံ) – ပြန်ကစားနိုင်မယ့်ရက် မသိရသေး
ကာတစ်ဂျုံး (ခြေသလုံး) – 4 ပတ် နဲ့ အထက်
ကယ်လာဟာ (ပေါင်ခြံ) – ပြန်ကစားနိုင်မယ့်ရက် မသိရသေး
စီမီကတ် (ထိခိုက်မိ ဒဏ်ရာ) – အခြေအနေ သိပ်မပြင်း
ကီတာ (နေမကောင်းဖြစ်)
ကိုနာတေး (ဒူး) – ပြန်ကစားနိုင်မယ့်ရက် မသိရသေး
ရမ်ဆေး (ဘယ်လို ဒဏ်ရာမျိုးလဲ ထုတ်ပြန်ကြေငြာခြင်း မရှိ) – ပြန်မကစားနိုင်သေး

လီဗာပူး ဟာ ရာသီသစ် မစတင်ခင် ကတည်းက အဲဒီလောက် ဒဏ်ရာပြသနာ များပြားနေတဲ့ အကြားက ကစားသမားသစ် ခေါ်ယူအားဖြည့်ဖို့ အစီအစဉ် မရှိတဲ့ အကြောင်းကို ကလော့ပ် က အခုလို အခိုင်အမာ ဆိုသွားခဲ့ ပါတယ်။

“ ကျနော်တို့ မှာ ဒဏ်ရာပြသနာတွေ များလွန်းနေပါတယ်။ ဒါက ပကတိ အမှန်တရားပါပဲ။ ဒါပေမယ့် လက်ရှိ အခြေအနေအရတော့ ဘာမှ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါဘူး (အပြောင်းအရွှေ့နဲ့ ပတ်သက်လို့)။ ဒါတွေ အားလုံးက ကံမကောင်းလို့ ဖြစ်သွားတာတွေ ချည်းပါပဲ။

ကယ်လာဟာ နဲ့ ဒီယိုဂို တို့ကနေ စလိုက်တာပါ။ တစ်ယောက် က နဂို ကတည်းက ဒဏ်ရာကြီးနဲ့ ဖြစ်သလို ၊ နောက်တစ်ယောက် က ဒဏ်ရာဟောင်းက ပြန်ရသွားတာလေ။

နောက်ထပ် ရသတ္တပတ် အနည်းငယ် အတွင်းမှာ သူတို့အားလုံး ပြန်ကောင်းလာမှာပါ။ ဒါပေမယ့် ရာသီအကြို ပြင်ဆင်မှုတွေ လွဲသွားတာတော့ သိပ်တော့ မကောင်းဘူးပေါ့ဗျာ။ အီဘူး ဟာ စထွှာဘု နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဘောလုံး ယှဉ်လုရင်းဖြစ်သွားတာပါ။ အခုတော့ သူ ဘယ်လောက်အထိ အနားယူရမလဲ စောင့်ကြည့်ရပါတယ် ၊ ဒါပေမယ့် သေချာတာတော့ တခဏတာ အနားယူရဦးမှာပါ။

ကျနော် တို့ကတော့ 4 ပတ်လောက် ကြာမယ့် ပြသနာမျိုးကို အပြောင်းအရွှေ့ ကိစ္စတွေနဲ့ မဖြေရှင်းနိုင်ပါဘူး။ ဒါက လောလောဆယ်မှာ အဓိပ္ပါယ်လဲ မရှိဘူးလေ။ အပြောင်းအရွှေ့ကာလ က ဖွင့်ထားနေဆဲမို့ ၊ စောင့်တော့ ကြည့်ကြတာပေါ့။ ဒါပေမယ့် ဦးတည်ချက်က အဲဒီဘက်ကို မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ကလော့ပ် ဟာ မူလ က နက် ဖီးလစ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် အငှားစေလွှတ်တာပဲဖြစ်ဖြစ် ၊ ရောင်းထုတ်တာမျိုးတွေ ဖြစ်ဖြစ် လုပ်ဆောင်ဖို့ စိတ်ကူးခဲ့ပေမယ့် ၊ လက်ရှိမှာတော့ ကိုနာတေး ဒဏ်ရာရနေတာကြောင့် ကစားသမားကို အသင်းမှာပဲ ဆက်ပြီး ထိန်းသွားဖွယ် ရှိနေတယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကွန်မြူနတီဒိုင်း ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အလီဆွန် ကလဲ ဖူဟမ် နဲ့ ပွဲကို ပါဝင် ကစားဖို့ အသင့်ဖြစ်နေပါပြီ။ ဆက်လက်ပြီး တိုက်စစ်မှုး ဒါဝင် နူနက်လဲ အသင့်ဖြစ်နေတဲ့ အကြောင်းကို အခုလို ပြောပြသွားခဲ့ပါတယ်။

“ ဒါဝင် က အသင့်ဖြစ်နေပါပြီ။ ဒါက သူဟာ ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်လာတော့မှာလား ဆိုတာတော့ ကျနော်လဲ မသိပါဘူး။ ပြောချင်တာ က အဲဒီလို အကြောင်းရာမျိုး မဟုတ်ပါဘူး။ ကျနော်တို့မှာ တခြား သုံးလို့ရတဲ့ ရွေးချယ်စရာတွေ ရှိနေဆဲပါ။

ဒါဝင် အနေနဲ့ အခြားသော အကြောင်းအရင်းတွေ နဲ့ အသားကျဖို့ အချိန်တွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အထောက်ပံ့တွေတော့ အများကြီး လုပ်ပြနိုင်ပြီးပါပြီ။ ပထမဆုံး ကစားတဲ့ ကွန်မြူနတီဒိုင်း ပွဲ ဆိုရင် တော်တော်ကို သိသာခဲ့တာပါ။

ဒါကလဲ သူ့ကြောင့်ချည်းတော့ မဟုတ်ပါဘူး ၊ ကျနော်တို့ကလဲ သူ့ဆီကိုပဲ ဘောလုံးတွေ ခဏခဏ ပေးနေလို့ ဖြစ်ပါတယ်။ ပြောရရင် သင့်တော်တဲ့ ရာသီအကြို ပြင်ဆင်မှု သူ ရရှိခဲ့ပါတယ်။ အခုတော့ လုံးဝကို အသင်းနဲ့ ဟန်ချက်ညီအောင် ကြိုးစားရမယ့် အချိန်မျိုးပေါ့” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM