ချဲလ်ဆီး ကစားသမားသစ် ဖြစ်လာတဲ့ ကူကူရယ်လာရဲ့ အားသာချက်တွေကို ထုတ်ဖော်ရင်း ၊ ၄င်းကို ကလပ် ဂန္တဝင် တဦးနဲ့ ခိုင်းနှိုင်းသွားတဲ့ တူချယ်

 

ချဲလ်ဆီး အသင်းဟာ ယနေ့မှာပဲ ဘရိုက်တန် အသင်းကနေ အသက် ၂၄နှစ် အရွယ်ရှိ စပိန်လူမျိုး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာကို ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း ( ထပ်ဆောင်း ပြောင်းရွှေ့ကြေး ပေါင် ၇သန်း ) ၊ ၆နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။

 

ကူကူရယ်လာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘရိုက်တန် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ အခြေချခဲ့တာ ဖြစ်ပေမယ့် ၊ ရောက်ရောက်ချင်းနှစ်မှာပဲ တန်းပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၊ ချဲလ်ဆီးမတိုင်ခင် လက်ရှိ ချန်ပီယံ မန်စီးတီးဆီက စိတ်ဝင်စားမှု ကြီးကြီးမားမား ရရှိခဲ့ပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းမှာ ဘယ် wing-back နေရာ ကစားနိုင်တဲ့ ကစားသမား ၄ဦး အထိ ရှိပေမယ့် ၊ မားကို့စ် အလွန်ဆို ၊ အီမာဆင် ၊ ကနေဒီတို့ဟာ ကလပ်မှာ ဆက်ရှိဖို့ မသေချာတော့တာကြောင့် ၊ ၄င်းဟာ ဘန်ချေဝဲလ်ရဲ့ back-up အနေနဲ့ရော ၊ ဘယ်ခံစစ်မှူး နေရာ အတွက်ပါ ကစားပေးသွားဖို့ ရှိပါတယ် ။

 

ယနေ့ညနေက ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ကူကူရယ်လာ ဟာ wing-back နဲ့ ခံစစ်မှူး နေရာကို ကစားပေးနိုင်တာကြောင့် ၊ မနေ့ကမှ အသင်းနဲ့ စာချုပ် ၂နှစ် ထပ်တိုးနိုင်ခဲ့တဲ ကလပ် ဂန္တဝင် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာနဲ့ ဆင်တူကြောင်း အခုလိုပဲ ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ် ။

တူချယ် က ” မာ့ခ်ဟာ အံ့သြဖွယ်ကောင်းတဲ့ ၊ ငယ်ရွယ်တဲ့ ၊ အောင်မြင်မှုတွေကို ဆာလောင်တဲ့ ၊ သွက်လက်ထက်မြက်တဲ့ ကစားသမား တယောက်ပါ ။ သူဟာ ကျွန်တော်တို့ရဲ့ ကစားကွက် စနစ်မှာ နေရာစုံ ကစားပေးနိုင်ပါတယ် ။ နောက်ပြီး သူ ကျွန်တော်တို့ဆီ ရောက်လာခြင်းဟာ အသင်းရဲ့ ကစားသမား အင်အားကို ပိုပြီး တောင့်တင်းသွားစေပါတယ် ။ ”

 

” အထူးသဖြင့် ‘ အသင်းက ငါ့ကို လုံးဝတဲ့အတွက် ငါမဖြစ်မနေ ခြေစွမ်းပြနိုင်ရမယ် ‘ ဆိုတဲ့ ဖိအားအောက် ချီလီ အတွက် ဖိအား တချို့တဝက် လျှော့ချပေးသလို ဖြစ်စေပါတယ် ။ ဟုတ်ပါတယ် ။ ကျွန်တော်တို့မှာ ဘယ် wing-back နေရာ အတွက် မားကို့စ် ( အလွန်ဆို ) ၊ အီမာဆင် ၊ ကနေဒီတို့ ရှိနေပေမယ့် ၊ မာ့ခ်ဟာ အခု ကျွန်တော်တို့ အတွက် ရွေးချယ်စရာ တရပ် ဖြစ်လာစေပါတယ် ။ ”

 

” ဒါပေမယ့် သူဟာ ၃ယောက်တန်း ခံစစ်ရဲ့ ဘယ်ခံစစ်မှူး နေရာကလည်း ကစားပေးနိုင်ပါတယ် ။ သူဟာ အက်ဇ်ပီနဲ့ ကစားပေါက်ချင်း တူပါတယ် ။ ဒါပေမယ့် သူက ဘယ်သန် ဖြစ်တာတော့ ကွာတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ကျောနံပါတ် ၃၂ကို ဝတ်ဆင်မယ့် ကူကူရယ်လာ က ချဲလ်ဆီးသို့ ပြောင်းရွှေ့ခွင့်ရလို့ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကူကူရယ်လာ က ” ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့လာနိုင်ခဲ့လို့ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ဒါဟာ ကျွန်တော့ အတွက် ကမ္ဘာ့ အကောင်းဆုံး ကလပ် တသင်းမှာ ကစားဖို့ မဟာ အခွင့်အရေး တရပ်ပါပဲ ။ ချဲလ်ဆီး အသင်းနဲ့ အသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီ ကလည်း ကူကူရယ်လာကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတဲ့ အနေနဲ့ ” မာ့ခ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ထိပ်တန်းအဆင့် နောက်ခံလူ တဦး ဖြစ်ပြီး ၊ သူဟာ မကြာခင် ရာသီသစ် စတင်တော့မယ့် အသင်း အတွက် အင်အား ပိုမို တောင့်တင်းစေပါလိမ့်မယ် ။ ”

 

” ရှေ့ဆက်ပြီး ကျွန်တော်တို့ဟာ ကွင်းတွင်းကွင်းပြင် ပြင်းပြင်းထန်ထန် ကြိုးစား အလုပ်လုပ်သွားမှာပါ ။ မာ့ခ်ဟာ ချဲလ်ဆီးရဲ့ ပစ္စုပ္ပန်နဲ့ အနာတ်မှာ တစိတ်တပိုင်း ပါဝင်တော့မှာ ဖြစ်လို့ ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR