မာစီရယ် အခက် ရိုနယ်ဒို အချက် ၊ ဘာဆာ ကို အကြပ်ရိုက်စေတဲ့ တိုက်စစ်မှူး ၊ ရိုးမားရဲ့ Here We Go ၊ အပြိုင်အဆိုင် အပြောင်းအရွှေ့တွေနဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစားသတင်းများ

မန်ချက်စတာ ယူနိုက်တက် နဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပုံစံကောင်းပြ ၊ ဂိုးတွေ သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး အန်တိုနီ မာစီရယ် ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် တနင်္ဂနွေမှာ ကစားမယ့် ဘရိုက်တန် နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်ကို လွဲချော် တော့မှာ ဖြစ်ပါတယ် ။

ဒါကြောင့် ကနဦး က အရန်ခုံ ထိုင်ရဖို့ များနေတယ်လို့ သတင်းထွက် နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘရိုက်တန် နဲ့ ပွဲကို ပါဝင် ကစားခွင့်ရဖို့ အလားအလာ များသွားခဲ့ပြီ ဖြစ်ပါတယ် ။

ယူဗင်တပ် အသင်း နဲ့ နည်းပြ အယ်လီဂရီ တို့ရဲ့ ဆွေးနွေးမှု အပြီးမှာတော့ ဖိလစ် ကော့စ်တစ် ( ဖရန့်ဖွတ် ) ၊ လီယန်ဒရို ပါရီဒက်စ် ( PSG ) နဲ့ အယ်လ်ဗာရို မိုရာတာ ( အက်သလက်တီကို မက်ဒရစ် ) တို့ဟာ လက်ကျန် အပြောင်းအရွှေ့ ကာလ အတွက် အသင်းရဲ့ ဦးစားပေး ပစ်မှတ်တွေ အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ အူဒီနီးစ် အသင်းရဲ့ ဘယ်နောက်ခံလူ ဒက်စတနီ ယူဒိုဂျီ ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေပြီး ခေါ်ယူ စာချုပ်နိုင်ခဲ့ပါက အူဒီနီးစ် ထံ တရာသီ အငှားပြန်ချ သွားဖို့လည်း စီစဉ် ထားကြောင်း သိရပါတယ် ။

လူသစ်တွေ အများကြီး ခေါ်ယူထားတဲ့ ပရီးမီးယားလိဂ် တန်းတက် နော်တင်ဟမ် ဖောရက်စ် အသင်းဟာ အတ္တလန်တာ ရဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ရီမို ဖရူလာ ကို လည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ပီယာနစ် ရဲ့ အေးဂျင့်နဲ့ ဘာဆာ ဒါရိုက်တာ အလီမာနီ တို့ဟာ ဒီကနေ့မှာ တွေ့ဆုံ ခဲ့ကြပြီး ဘော့စနီးယား ကွင်းလယ်လူရဲ့ အနာဂါတ်ကို ဆွေးနွေးခဲ့ကြပါတယ် ။

ဘာဆာ ဟာ ပီယာနစ် ဘက်က လုပ်ခ လျော့ယူမှသာ ( ၆၀% အထိ ) အသင်းမှာ ဆက်ထားဖို့ စိတ်ကူးထားပြီး နည်းပြ ဇာဗီ ကတော့ ပီယာနစ် ကို ဘက်စကွက် ရဲ့ နေရာအတွက် အရန်အဖြစ်ထားရှိဖို့ သဘောကျ နှစ်သက်နေတယ်လို့ သိရပါတယ် ။

ရိုးမား အသင်းကတော့ PSG ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကို ခေါ်ယူဖို့ ပြင်သစ် အသင်းဆီက သဘောတူညီမှု ကို အပြည့်အ၀ ရရှိသွားခဲ့ ပါပြီ ။ ဝိုင်နယ်ဒမ် ဟာ ရောမ မြို့ကို ထွက်ခွာ နေပြီ ဖြစ်ပြီး ရိုးမား ဘက်က အငှား + ယူရို ၈ သန်းဝန်းကျင် နဲ့ အပြီးသတ် ဝယ်ယူဖို့ အတွက် စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ် ။

ရိုးမား ကစားသမား ဂျော်ဒန် ဗာရီတော့ ကတော့ ပြင်သစ် ကလပ် မာဆေး အသင်းဆီကို ယူရို ၁၁ သန်း + အပိုဆုကြေး ၄ သန်းခွဲ နဲ့ ပြောင်းရွှေ့ သွားတော့မှာ ဖြစ်ပါတယ် ။

ပြင်သစ် ကလပ် မာဆေး ကတော့ အင်တာ နဲ့ စာချုပ်ဖျက်သိမ်း လိုက်တဲ့ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက် ကို ခေါ်ယူရာမှာ ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ အတွက် ဆီဒရစ် ဘာကမ်ဘူး နဲ့ ကိုနတ် ဒီလာ ဖွန်တီ တို့ ၂ ဦး ကို စပိန် ကလပ်တွေထံ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရှိရ ပါတယ် ။

ဘန်လေ အသင်းရဲ့ တောင်ပံ ကစားသမား မက်ဝဲလ် ကောနတ် ဟာ ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီလို့ ကြားသိရ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် တိုက်စစ်မှူး နူနို ဒါ ကော့စတာ ကတော့ ပြင်သစ် ကလပ် အော့ဇေး ထံ ၂ နှစ် + ၁ နှစ် သက်တမ်းတိုးခွင့် တို့နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

PSG ရဲ့ အဓိက ပစ်မှတ် တခုဖြစ်တဲ့ မီလန် စခရီနီယာ ဟာ အင်တာမီလန် နဲ့ စာချုပ်သက်တမ်းတိုးဖို့ အလားအလာ ရှိနေတယ်လို့လည်း သတင်းထွက်လာခဲ့ ပါတယ် ။

အင်တာ ဟာ စလိုဗက်ကီးယား ခံစစ်မှူး အတွက် ယူရို သန်း ၇၀ တောင်းဆိုထားပြီး PSG ဘက်က ဆက်လက် ညှိနှိုင်း နေဆဲလို့ သိရပါတယ် ။

PSG နည်းပြ ဂယ်လ်တီယာ ကတော့ ရီနာတို ဆန်းချက် ဟာ လိုင်လီ ကနေ PSG ထံ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြု ပြောဆို ပေးသွားခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး မာတင်ဘရိသ်ဝိတ် ဟာ အသင်းကနေ ထွက်ခွာရမယ် ဆိုပါက ၂၀၂၄ အထိ သက်တမ်း ရှိနေသေးတဲ့ သူ့ရဲ့ လက်ကျန် စာချုပ်က လုပ်ခအားလုံးကို အပြည့်အ၀ ရရှိဖို့ ဆန္ဒ ရှိလာတယ်လို့ သိရပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ကတော့ ဘာစီလိုနာ ရှေ့တန်းလူ မမ်းဖစ် ဒီပိုင်း ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေပေမယ့် အပြီးသတ် ဝယ်ယူတာထက် အငှား + အပြီးသတ် ဝယ်ယူတဲ့ ပုံစံနဲ့သာ ခေါ်ယူလိုတယ်လို့ သိရပါတယ်

ဒီပိုင်း ဟာ ဘာဆာ နဲ့ စာချုပ် ၁ နှစ်သာ ကျန်ရှိတော့ပြီး အဆိုပါ ပုံစံ နဲ့ ခေါ်ယူဖို့ အတွက် နယ်သာလန်သားဟာ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်း ထပ်တိုးဖို့ လိုအပ်နေမှာ ဖြစ်ပါတယ် ။

ကတ်တလန် အခြေစိုက် SPORT သတင်းစာရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ ဟာ ချဲလ်ဆီး နောက်ခံလူ မားကိုစ့် အလွန်ဆို ကို အခု နွေရာသီ အပြောင်းအရွှေ့မှာတင် ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ် ။

ဝုဗ် အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူး ဘတ်ရှုဝါရီ ကို အငှား နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဂျာမန် ကလပ် ဟော့ဖမ်ဟမ်း ဟာ လိုက်ပ်ဇစ် အသင်းရဲ့ နောက်ခံလူ အန်ဟဲလီနို ကို ခေါ်ယူဖို့ အတွက် စတင် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။

အဲဗာတန် နည်းပြ ဖရန့် လမ်းပတ် ဟာ လိုင်လီ ကစားသမား အမာဒူ အိုနာနာ ထံ ဖုန်းဆက် ပြောဆိုပြီး ဝက်စ်ဟမ်း ထက် အဲဗာတန် ကို ရွေးချယ်ဖို့ သိမ်းသွင်း ပြောဆိုခဲ့ကြောင်း သတင်း ထွက်လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ အိုနာနာ အတွက် ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး လိုင်လီ ဘက်ကတော့ ဘယ်အသင်းကို မဆို လက်ခံ သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

မန်စီးတီး လူငယ်လေး ဂျိမ်းစ် မက်အတီ ကတော့ ရှက်ဖီးယူနိုက်တက် အသင်းဆီ တရာသီ အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။ အငှားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့် မပါရှိဘူးလို့ သိရပါတယ် ။

တူရကီ ကလပ် ဒီမာစပေါ် မှာ ကစားနေတဲ့ အီတလီ တိုက်စစ်မှူးဟောင်း မာရီယို ဘာလိုတယ်လီ ဟာ ဆွစ်ဇာလန် ကလပ် ဆိုင်ယွန် အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူလိုက်ပြီး ကလပ် ၂ သင်း အကြား ညှိနှိုင်းမှု ပြုလုပ်ဖို့သာ လိုအပ်တော့တယ်လို့ သိရှိရ ပါတယ် ။

ဖူလ်ဟမ် အသင်းကတော့ ရိုးမား ရဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး ဂျပ်စတင် ကလွိုက်ဗက် ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး လူငယ် ကစားသမား ကာတစ်ဂျုံးစ် ဟာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရှိနေပြီး ၄ ပတ်ခန့် အနားယူရနိုင်ချေ ရှိတာကြောင့် အခု အပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်ကို သေချာပေါက် လွဲချော်တော့မယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

SPORTS MYANMAR