ချဲလ်ဆီးရဲ့ အံ့သြစရာတိုက်စစ်ပစ်မှတ် ၊ ငွေလိုနေသေးတဲ့ ဘာဆာ ၊ ချဲလ်ဆီးရဲ့ Here We Go ကို ငြင်းတဲ့ ဘရိုက်တန် ၊ နောက်ဆုံးရအပြောင်းအရွှေ့ အကြောင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ဘာစီလိုနာ အသင်းဟာ တတိယမြောက် ဘဏ္ဍာရေး မြှင့်တင်ချက် ကို လုပ်ဆောင်ပြီးသည် အထိ ကစားသမား အားလုံးကို စာရင်းသွင်းဖို့ လိုအပ်ချက် အနည်းငယ် ရှိနေသေးတာကြောင့် ဝါရင့် ကစားသမားတွေ ဖြစ်ကြတဲ့ ဆာဂျီယို ဘက်စကွက် နဲ့ ဂျရတ် ပီကေး တို့ ကို လုပ်ခ ထပ်မံ လျော့ချ ရယူ ကြဖို့ တောင်းဆို နေတယ်လို့ ဂျရတ် ရိုမီရို က ဖော်ပြ သွားခဲ့ ပါတယ် ။

အကယ်၍ သူတို့ ၂ ယောက် လုပ်ခ လျော့မယူပါက ဘာစီလိုနာ ဟာ စတုတ္ထမြောက် ဘဏ္ဍာရေး မြှင့်တက်ချက် ( Fourth Lever ) အဖြစ် ဘာဆာ စတူဒီယို ရဲ့ နောက်ထပ် ၂၅% ကို ယူရို သန်း ၁၀၀ နဲ့ ရောင်းထုတ်သွားဖို့ စီစဉ် နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ ဟာ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့လည်း စိတ်ကူး ရှိနေပြီး ချဲလ်ဆီး ကတော့ ဆီဇာ အက်ဇ်ပီလီ ကွီတာ အတွက် ယူရို ၁၀ သန်း ဈေးသတ်မှတ် ထားကြောင်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကနေ ဆီဗီးလား ကို အငှားနဲ့ ပြောင်းရွှေ့မယ့် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ် ကတော့ မနေ့ညပိုင်းက ဆီဗီးလ် ကို ရောက်ရှိ လာခဲ့ပြီလို့ သိရပါတယ် ။

ချဲလ်ဆီး ရဲ့ ဝီစလေ ဖိုဖာနာ အတွက် ယူရို ၇၅ သန်း နဲ့ ကမ်းလှမ်းမှု ကိုတော့ လက်စတာ စီးတီး က ပယ်ချ သွားခဲ့ပြီး ယူရို ၈၅ သန်းခန့် ရရှိမှသာ စဉ်းစားဖို့ ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ဟာ လိုင်လီ ကစားသမား အမာဒူ အိုနာနာ အတွက် ပြင်သစ် ကလပ် နဲ့ ပေါင် ၃၃ သန်း တန် သဘောတူညီမှု ရရှိ ခဲ့ပေမယ့် ကစားသမား နဲ့ ညှိနှိုင်းမှု မှာတော့ သဘောတူညီမှု မရရှိသေးဘဲ ဖြစ်နေပါတယ် ။

အိုနာနာ ကို အဲဗာတန် ကလည်း ချိတ်ဆက်နေပြီး ဝက်စ်ဟမ်း ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေ နိုင်ကြောင်း ကစားသမားကို အသိပေးထားတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

အိုနာနာ ဟာ ဝက်စ်ဟမ်း ထက် အဲဗာတန် ကို ပိုမို စိတ်ဝင်စားနေတာကလည်း အပြောင်းအရွှေ့ကို ကြန့်ကြာ နေစေတယ်လို့ သိရှိရ ပါတယ် ။

ယူဗင်တပ် နဲ့ PSG တို့ ကတော့ လီယန်ဒရို ပါရီဒက်စ် ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိ ခဲ့ကြပြီလို့ သိရ ပါတယ် ။

တိုက်စစ်မှူးသစ် လိုအပ် လာခဲ့တဲ့ ဒေါ့မွန် ဟာ စပိန် ကလပ် အယ်လ်မာရီယာ ရဲ့ တိုက်စစ်မှူး အူမာ ဆာဒစ် ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တယ်လို့ သိရှိရ ပါတယ် ။

ယူရို သန်း ၃၀ တန်ကြေး ရှိနေတဲ့ နိုက်ဂျီးရီးယား လက်ရွေးစင် ဟာ အယ်လ်မာရီယာ အတွက် နောက်ဆုံး ၂ ရာသီ အတွင်း ၄၁ ဂိုး အထိ သွင်းယူပေးထား နိုင်ခဲ့သူ ဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ အခု နွေရာသီမှာ လူသစ် ထပ်မခေါ်တော့ဘဲ အယ်လ်ဗာရို အိုဒရီဇိုလာ နဲ့ မာရီယာနို ဒီယာ့ဇ် တို့ကို ရောင်းထုတ် နိုင်ရေး အတွက်သာ အဓိက လုပ်ဆောင် သွားတော့မယ်လို့ သိရပါတယ် ။

စီးရီးအေ ကလပ် အတ္တလန်တာ ကတော့ လိုက်ပ်ဇစ် ကစားသမား အဒီမိုလာ လွတ်မန်း ကို ယူရို ၁၅ သန်း ဝန်းကျင် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သိရပါတယ် ။

နယူးကာဆယ် ပြင်သစ် ကလပ် ရင်းနစ် တောင်ပံ ကစားသမား ဆူလီမာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မကြာခင် ချိတ်ဆက်မှု ပြုလုပ် သွားဖို့ ရှိတယ်လို့ သိရပါတယ် ။

ဝုဗ် အသင်း ကတော့ ဘော်ဒေါက်စ် အသင်း ရဲ့ တောင်ကိုရီးယား တိုက်စစ်မှူး ဟွမ်ယူဂျို အတွက် ယူရို ၃ သန်း နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

နိုက်စ် အသင်းကတော့ လက်စတာ စီးတီး ဝါရင့် ဂိုးသမားကြီး ကက်စပါ ရှမိုက်ကယ် ကို ၃ နှစ် စာချုပ် နဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာသွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာ ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိ သွားခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ် ။
ဘရိုက်တန် ဟာ ချဲလ်ဆီး ဆီက ပေါင် သန်း ၅၀ ကျော် ရရှိမှာ ဖြစ်ပြီး ချဲလ်ဆီး နဲ့ ကူကူရယ်လာ တို့ ရဲ့ ညှိနှိုင်းမှု ဟာလည်း ပြီးမြောက် ခဲ့ပြီလို့ သိရပါတယ် ။

ဒါပေမယ့် ဘရိုက်တန် အသင်းကတော့ အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပြီး ခုချိန်ထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု မရှိသေးဘူးလို့ ဆိုရှယ်မီဒီယာ ပေါ်မှာ ရေးသားသွားခဲ့ ပါတယ် ။

ချဲလ်ဆီး လူငယ် နောက်ခံလူ လီဗီ ကိုဝဲ ကတော့ ဘရိုက်တန် အသင်းထံ ပြောင်းရွှေ့ ကစားမှာ ဖြစ်ပြီး ကူကူရယ်လာ ရဲ့ အပြောင်းအရွှေ့ နဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ ဘာစီလိုနာ မှာ ကစားနေတဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း အော်ဘားမီးယန်း ကို ခေါ်ယူဖို့ စိတ်ဝင်စား လာခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြလာပါတယ် ။ ဒါပေမယ့် ခုချိန် အထိတော့ ဘာဆာ ဆီကို ကမ်းလှမ်းမှု ရောက်မလာသေး ပါဘူး ။

မန်ချက်စတာ စီးတီး ဟာ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလတ်ချ် အသင်း ကစားသမား ဆာဂျီယို ဂိုမက် ကို ခေါ်ယူဖို့ အတွက် ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

စီးတီး ဟာ ဂိုမက် ကို ခေါ်ယူ ပြီးပါက လာလီဂါ က ဂီရိုနာ အသင်းထံ အငှား စေလွှတ်မယ်လို့ သိရပါတယ် ။

ကတ်တလန် အခြေစိုက် မွန်ဒို သတင်းစာရဲ့ ဖော်ပြချက် အရ မီယာလန် ပီယာနစ် ဟာ ဘာစီလိုနာမှာ ဆက်နေဖို့ အတွက် သူ့ရဲ့ လက်ရှိ လုပ်ခ ၆၀% အထိ လျော့ယူသွားဖို့ သဘောတူထားတယ်လို့ သိရပါတယ် ။

လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ခြေစမ်းပွဲ အဖြစ် ကစားကြမယ့် ကမ္ဘာ့ ချန်ပီယံ အမေရိကန် အမျိုးသမီး အသင်း နဲ့ ယူရို ချန်ပီယံ အင်္ဂလန် အမျိုးသမီး အသင်းတို့ရဲ့ ပွဲ အတွက် လက်မှတ်ပေါင်း ၉ သောင်း ဟာ ၂၄ နာရီ အတွင်း ရောင်းချလို့ ပြီးစီး သွားခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR