AFCON မှာ ၀င်ရောက်မကစားဘူးလို့ သဘောတူမှ အာဖရိကကစားသမားကို ခေါ်ယူသွားမယ်လို့ ဆိုခဲ့တဲ့ နာပိုလီ ဥက္ကဋ္ဌကို တုန့်ပြန်လိုက်တဲ့ ကူလီဘာလီ

 

နာပိုလီ ဥက္ကဋ္ဌဖြစ်သူ အော်ရယ်လီယိုဒီလော်ရန်တစ်က သူ့အနေနဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ သူတို့ရဲ့ လက်ရွေးစင် အသင်း အတွက် ကိုယ်စားမပြုဘူးလို့ သဘောတူတဲ့ အာဖရိက ကစားသမားတွေကိုသာ ခေါ်ယူသွားမယ်လို့ ဆိုခဲ့ပြီး ကာလီဒူကူလီဘာလီက နာပိုလီ ဥက္ကဋ္ဌ အနေနဲ့ အာဖရိက ဘောလုံးလောကကို လေးစားမှု ပြသရန် ပြောဆိုလိုက်ပါတယ်။

Wall Street Italia နဲ့ ဒီတစ်ပတ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဒီလော်ရန်တစ်က “ခင်ဗျားတို့ ကျွန်တော့်ကို အာဖရိက ကစားသမားတွေ အကြောင်း လာမပြောကြပါနဲ့တော့။ ကျွန်တော် သူတို့ကို နှစ်သက်ပါတယ်။ ဒါပေမယ့် သူတို့ အာဖရိကဖလား ပြိုင်ပွဲကို မကစားဘူးလို့ လက်မှတ်ထိုးပေးမှသာ သူတို့ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အာဖရိကဖလားကို စေလွှတ်လိုက် ကိုပါအမေရိကပြိုင်ပွဲကို စေလွှတ်လိုက်တဲ့ ဘယ်တော့မှ ကစားသမား အပြည့်အစုံကို သုံးရတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ရဲ့ လစာ အတွက် များစွာ ရင်းနှီးထားခဲ့ရတာပါ။”

အာဖရိကဖလား ပြိုင်ပွဲကို ဆောင်းရာသီ ကာလမှာ ကျင်းပတဲ့ အပေါ် စိတ်ပျက်နေကြတဟာ ဒီလော်ရန်တစ်လို ဘောလုံးအသင်းပိုင်ရှင်တွေ သာမကဘဲ ဘောလုံးကလပ်တွေရဲ့ မန်နေဂျာတွေ ကလည်း ၂ နှစ်တစ်ခါ သူတို့ရဲ့ အာဖရိက ကစားသမားတွေကို ပွဲကျပ်ကာလမျိုးမှာ တစ်လလောက် လက်လွှတ်ပေးရတဲ့ အပေါ် စိတ်ပျက်နေကြပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲကျင်းပသူတွေနဲ့ အာဖရိက ကစားသမားတွေ ပရိတ်သတ်တွေ ကတော့ အာဖရိကဖလားပြိုင်ပွဲကို ယူရိုပြိုင်ပွဲလိုမျိုး တူညီတဲ့ လေးစားမှု ထားရှိရန် အကျယ်တ၀င့် တောင်းဆိုမှု လုပ်နေကြပါတယ်။ ပြီးခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ ဆီနီဂေါနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့တဲ့ ကူလီဘာလီ ကလည်း သူ့ပိုင်ရှင်ဟောင်းရဲ့ မှတ်ချက်စကား အပေါ် တုန့်ပြန်မှု လုပ်သွားခဲ့ပါတယ်။

ဒါဟာ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အတွက် အရေးကြီးတာကတော့ အားလုံးအပေါ် လေးစားမှု ရှိဖို့ပါပဲ။ ကျွန်တော်ဟာ အားလုံးအပေါ် အမြဲတမ်း လေးစားမှု ရှိပါတယ်။ ကျွန်တော် အဲဒီမှာ ကစားနေစဉ် ဆီနီဂေါကို ကိုယ်စားပြု ကစားခဲ့ပြီး ကျွန်တော် အာဖရိကဖလား ကို ဆွတ်ခူးခဲ့ပါတယ်။ ကျွန်တော် အဲဒီပြိုင်ပွဲ ကစားနေချိန်ဟာ သူတို့အတွက် ခက်ခဲတဲ့ ကာလဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဒီဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အတွက် အရမ်းကို ပျော်ပါတယ်။

လက်ရွေးစင် အသင်းအပေါ်လည်း လေးစားမှု ရှိရမှာပါ။ သူ့အနေနဲ့ အာဖရိကအသင်း အကြောင်းကို ဒီလိုမျိုး ပြောလို့မရပါဘူး။ အခြား လက်ရွေးစင် အသင်းတွေလိုပဲ လေးစားမှု ရှိရမှာ ဖြစ်ပါတယ်။ ဆီနီဂေါ အသင်းခေါင်းဆောင် တစ်ဦး အနေနဲ့ လက်ရွေးစင် အသင်း အကြောင်းကို ဒီလိုပြောတာမျိုးကို မနှစ်သက်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ထင်မြင်ချက်ကို ကျွန်တော် လေးစားမှု ရှိပါတယ်။ အကယ်၍ သူ့အသင်းက အာဖရိက ကစားသမားတွေ မပါဘဲ ကစားနိုင်တယ်လို့ ထင်တယ် ဆိုရင်လည်း ဒါဟာ သူ့အပေါ် မူတည်ပါတယ်။

ဒါပေမယ့် ကလပ်မှာ ရှိတဲ့ သူတိုင်းကတော့ သူနဲ့ အိုင်ဒီယာ မတူနိုင်ပါဘူး။ ကျွန်တော် အဲဒီက လူတွေ အကြောင်းကို သိပါတယ်။ ပရိတ်သတ်တွေ အကြောင်းလည်း သိပါတယ်။ သူတို့ဟာ ဒီလိုမျိုး မဟုတ်ပါဘူး။ ဒါဟာ သူ့အပေါ်ပဲ မူတည်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၁၉ က ပထမဦးဆုံး အကြိမ် အဖြစ် နွေရာသီမှာ ကျင်းပခဲ့ပေမယ့်လည်း ၂၀၂၁ မှာတော့ ဆောင်းရာသီကို ပြန်လည် ပြောင်းရွေ့ခဲ့ပါတယ်။ လာမည့်နှစ်ရဲ့ ပြိုင်ပွဲကို လာမည့် နွေရာသီမှာ ကျင်းပသွားဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အိုင်ဗရီကို့စ်ရဲ့ ရာသီဥတု အခြေအနေကြောင့် ၂၀၂၄ ဇန်နဝါရီကို ပြောင်းရွေ့ထားခဲ့ပါတယ်။

SM