နာမည်ပြောင်းမယ့် လာလီဂါ ၊ ချဲလ်ဆီး ရဲ့ ခံစစ်ပစ်မှတ်သစ် ၊ သက်တမ်းတိုးမယ့် ဖိုဒန် ၊ ကမ္ဘာ့ဖလားကြေးတွေ အကုန်လှူမယ့် ဘိုင်ယန်စတား တို့နဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

စပိန် လာလီဂါ ဟာ လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီက စတင်ပြီး နာမည်ကျော် ဂိမ်း ကုမ္ပဏီ EA Sports နဲ့ အဓိက စပွန်ဆာ အဖြစ် လက်တွဲ သွားတော့မှာ ဖြစ်ပါတယ် ။

ဒါကြောင့် လက်ရှိ ခေါ်ဆိုနေတဲ့ LaLiga Santander အစား EA Sports LaLiga အဖြစ် ပြောင်းလဲ ခေါ်ဆိုရတော့မှာပဲ ဖြစ်ပါတယ် ။

အဆိုပါ စာချုပ်ဟာ ၅ နှစ် သက်တမ်း ရှိပြီး လာလီဂါ အနေနဲ့ ယူရို သန်း ၂၀၀ ကို စပွန်ဆာကြေး အဖြစ် ရရှိသွားမှာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ စီးတီး ကတော့ လူငယ် ကြယ်ပွင့်လေး ဖီးလ် ဖိုဒန် ကို ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ကစားသမား ရဲ့ သဘောတူညီမှု ကို ရရှိခဲ့ပြီလို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကတော့ ကတ်တလန် ကလပ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း မွန်ဒို သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ ဒီပိုင်း ကို စိတ်ဝင်စား နေပြီး ဘာစီလိုနာ ဘက်က ယူရို သန်း ၂၀ ခန့် ရရှိဖို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

ဆီဗီးလား နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ဟာ ဘရာဇီး ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ် အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ကောင်းမွန် တိုးတက်နေတယ်လို့ သိရပါတယ် ။

ဆီဗီးလား ဟာ ယူနိုက်တက် ရဲ့ အိုင်ဗရီကိုစ့် ခံစစ်မှူး အဲရစ် ဘိုင်ယီ အတွက်လည်း စုံစမ်းမှု ပြုလုပ် ထားကြောင်း သိရပါတယ် ။

နောက်ခံလူသစ်တွေ ခေါ်ယူဖို့ ဆက်တိုက် လှုပ်ရှား နေတဲ့ ချဲလ်ဆီး ဟာ ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာ ကို ရဖို့ အလားအလာ ကောင်းလာ အပြီးမှာ ဆောက်သမ်တန် ညာနောက်ခံလူ ကိုင်လ်ဝေါ်ကာ ပီတာ ကိုလည်း ပစ်မှတ် ထားလာခဲ့တယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ အင်တာ နောက်ခံလူ ဒမ်ဖရိုင်းစ် နဲ့ ကိုင်လ်ဝေါ်ကာ ပီတာ တို့ကို ညာနောက်ခံလူ နေရာတွေ အတွက် ပစ်မှတ်ထား ကမ်းလှမ်းနေတာ ဖြစ်တယ်လို့လည်း သိရှိရ ပါတယ် ။

ချဲလ်ဆီး ကို ပြောင်းရွှေ့ဖု့ိ ဆန္ဒ ရှိနေတဲ့ လက်စတာ ခံစစ်မှူး ဝီစလေ ဖိုဖာနာ ဟာ သူ့ရဲ့ Twitter အကောင့်မှာ လက်စတာ စီးတီး ဆိုတဲ့ အမည်ကို ဖယ်ရှားထားလိုက်ပြီး အသင်းပြောင်းခွင့် ပြုဖို့လည်း လက်စတာ ကို တိုက်တွန်း နေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ခံစစ်မှူးသစ် ကူလီဘာလေ ကတော့ ဂန္ထဝင်ကြီး ဂျွန်တယ်ရီ ရဲ့ ကျောနံပါတ် ၂၆ ကို ဝတ်ဆင်သွားမှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကစားသမား အော်စကာ မင်ဂွီဇာ ကတော့ ဆယ်လ်တာဗီဂို အသင်းထံ ၄ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ သွားခဲ့ ပါပြီ ။

ဘာစီလိုနာ ဟာ ယူရို ၅ သန်း အောက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးကို ရရှိခဲ့ပေမယ့် ပြန်လည် ဝယ်ယူခွင့် ၊ တဆင့်ရောင်းချမှုကနေ ၅၀% အကျိုးခံစားခွင့် တွေကိုတော့ ရရှိခဲ့တယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကစားသမား အာသာ မာဆွာခူ ကတော့ တူရကီ ကလပ် ဘက်ဆစ်တပ် အသင်းဆီကို တရာသီ အငှား + အပြီးသတ် ဝယ်ယူခွင့် စာချုပ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

မန်စီးတီး အသင်းဟာ လိုက်ပ်ဇစ် ကစားသမား ဂျီဗာဒီယို ကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့် နောက်ခံလူ နဲ့ ၄ နှစ်သက်တမ်း စာချုပ် ရှိနေသေးတဲ့ လိုက်ပ်ဇစ် ဟာ စီးတီးရဲ့ ကမ်းလှမ်းမှု ကို ပယ်ချသွား ခဲ့တယ်လို့ ဂျာမန် သတင်းစာ BILD က ဖော်ပြသွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဘယ်လ်ဂျီယံ ကလပ် အန်ဒါလတ်ချ် ရဲ့ ၂၁ နှစ် အရွယ် ဘယ်နောက်ခံလူ ဆာဂျီယို ဂိုးမက် ကို ခေါ်ယူဖို့ အတွက်လည်း ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရပါတယ် ။

အေစီမီလန် ကို ပြောင်းရွှေ့ လာပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ လူငယ် စတားလေး ချားစ် ဒီ ကိတ်လယ်ရီ ကတော့ မီလန် ကလပ်မှာ ဆေးစစ်မှု ခံယူပြီးမြောက် ခဲ့ပြီလို့ ကြားသိရ ပါတယ် ။

လိဒ် ယူနိုက်တက် ကတော့ ဆမ် ဂရင်းဝုဒ် ကို ၂၀၂၆ အထိ ၊ ဂျိုး ဂယ်လ်ဟတ် ကို ၂၀၂၇ ခုနှစ် အထိ အသီးသီး စာချုပ် သက်တမ်းတိုးနိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

ပြင်သစ် ကလပ် မိုနာကို အသင်းဟာ ချဲလ်ဆီး ကစားသမား မာလန်ဆား ကို အငှား ´+ အပြီးသတ် ဝယ်ယူခွင့် တို့နဲ့ ခေါ်ယူဖို့ လန်ဒန် ကလပ် နဲ့ စကားပြောနေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ကမ္ဘာ့ ချန်ပီယံ အမေရိကန် အမျိုးသမီး အသင်းဟာ ယူရို ချန်ပီယံ အင်္ဂလန် အမျိုးသမီး အသင်းနဲ့ လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ဝင်ဘာလေ ကွင်းကြီး အတွင်း ခြေစမ်းပွဲ ကစားသွားမယ်လို့ ကြေညာ အသိပေး သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းမှာ ကစားနေတဲ့ ကနေဒါ လက်ရွေးစင် အယ်လ်ဖွန်ဆို ဒါဗီးစ် က ကနေဒါ ဟာ သူတို့ မိသားစု ပြောင်းရွှေ့ လာစဉ်က နွေးထွေးစွာ ကြိုဆိုပြီး အခြေကျအောင် ကူညီပေးခဲ့တဲ့ ကျေးဇူးကို ပြန်လည် ပေးဆပ်တဲ့ အနေနဲ့ လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ရရှိမယ့် ဆုကြေး အားလုံးကို ကနေဒါ ရန်ပုံငွေ အဖွဲ့အစည်းတွေကို လှူဒါန်း သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်ခင်ဗျာ . . . . . ။

SPORTS MYANMAR