ကူကူရယ်လာ ကို ရတော့မယ့် ချဲလ်ဆီး ၊ လစာလျော့ယူမယ့် ဘာဆာ ကွင်းလယ်လူ ၊ ဒူးမထောက်တော့မယ့် EPL ကစားသမားတွေ ၊ နောက်ဆုံးရ အပြောင်းအရွှေ့တွေနဲ့ . . . နေ့လယ်ခင်းတဖြတ် အားကစား သတင်းများ

ချဲလ်ဆီး အသင်းရဲ့ ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာ အတွက် ကြိုးစားနေမှုဟာ ပြီးမြောက် အောင်မြင်ဖို့ အလားအလာကောင်းတွေ ရှိလာခဲ့ ပါပြီ ။ ချဲလ်ဆီး ဟာ ကစားသမားနဲ့ သဘောတူညီမှု ရယူ နိုင်ခဲ့ပြီး ဘရိုက်တန် ကလည်း သန်း ၅၀ ကို ချဲလ်ဆီး ဘက်က ပေးချေ နိုင်ပါက မီးစိမ်းပြဖို့ အဆင်သင့် ရှိနေပြီလို့ သိရပါတယ် ။

အမေရိကန် ဂိုးသမား ဂါဘရီရယ် စလိုနီနာ ကတော့ ချဲလ်ဆီး အသင်းနဲ့ စာချုပ် ချုပ်ဆို ပြီးမြောက် ခဲ့ပါပြီ ။ ၂၀၀၄ ခုနှစ်ဖွား ဂိုးသမားလေးဟာ လန်ဒန် ကလပ် နဲ့ ၂၀၂၈ ခုနှစ် အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆို သွားခဲ့ပါတယ် ။

လက်ရှိမှာတော့ စလိုနီနာ ဟာ ချီကာဂို ဖိုင်းယား အသင်းမှာ အငှားနဲ့ ဆက်ကစား နေဦးမှာ ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့မှသာ ချဲလ်ဆီး ကို တရားဝင် လာရောက် ပူးပေါင်းမယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ဟာ စလိုနီနာ အတွက် အမေရိကန် ဒေါ်လာ ၁၅ သန်း ပေးချေ ခဲ့ရပြီး အပိုဆုကြေးတွေလည်း ထည့်သွင်း ချုပ်ဆို သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် အသင်းခေါင်းဆောင်တွေဟာ ရာသီမစတင်ခင် ပြုလုပ်လေ့ ရှိတဲ့ အစည်းအဝေးမှာ လာမယ့် ရာသီကစပြီး Black Lives Matter လှုပ်ရှားမှု ကို အားပေးထောက်ခံတဲ့ ဒူးထောက် လှုပ်ရှားမှုကို မပြုလုပ်ဖို့ ဆန္ဒ ရှိလာခဲ့ ကြတယ်လို့ သိရပါတယ် ။

အသင်းတွေဟာ အဆိုပါ လှုပ်ရှားမှုကို ပွဲတိုင်းမလုပ်ဆောင် လိုကြတော့ဘဲ အချို့သော လိုအပ်တဲ့ ပွဲမျိုးမှာမှ လုပ်ဆောင်သွားဖို့ ဆန္ဒ ရှိကြတယ်လို့ သိရပါတယ် ။

ဘုန်းမောက် အသင်းကတော့ ဖေဖော်ဝါရီ တုန်းက ဖြစ်ခဲ့တဲ့ လှောင်ပြောင်ခံရမှု အပြီးမှာ ဒူးထောက်လှုပ်ရှားမှု ကို အခု ရာသီမှာ မလုပ်ဆောင်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါ့စကီး ကို ၂ ရက် အားလပ်ရက် ပေးခဲ့တာကြောင့် ပိုလန်သားကြီးဟာ အသင်းဟောင်း ဘိုင်ယန်မြုးနစ် ရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်သွားခဲ့ပြီး အသင်းဖော်တွေကို နှုတ်ဆက်ဖို့ အခွင့်အရေး ရရှိခဲ့တယ်လို့ သိရပါတယ် ။

LA Galaxy နဲ့ ဘာစီလိုနာ တို့ကတော့ ရီကွီပစ်ဂ် ရဲ့ အပြောင်းအရွှေ့ အတွက် ဆက်လက် ဆွေးနွေး နေကြဆဲ ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ၂ ဘက်စလုံးက မျှော်လင့်ထားတယ်လို့ သိရှိရ ပါတယ် ။

ဘာဆာ တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကိုတော့ ဆော်ဒီအခြေစိုက် ကလပ်တွေက စိတ်ဝင်စားမှု ရှိနေကြောင်း သတင်းထွက်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ရဲ့ ဘော့စနီးယား ကွင်းလယ်လူ မီယာလန် ပီယာနစ် ကတော့ အသင်းမှာ ဆက်ကစားခွင့် ရဖို့ အတွက် လုပ်ခ လစာ လျော့ယူသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ် ။

ဖရန်ကီ ဒီယွန် ရဲ့ အနေအထားကတော့ ထူးခြားမှု မရှိသေးဘဲ ကစားသမားဟာ လုပ်ခ လျော့ယူဖို့ရော အသင်းပြောင်းဖို့ကိုပါ ငြင်းဆန်လျက် ရှိနေပါတယ် ။

လာလီဂါ ထိပ်သီး အက်သလက်တီကို မက်ဒရစ် ဟာ ရက်ဘူး ဆဲလ်ဘာ့ဂ် တိုက်စစ်စတား ဘင်ဂျမင် ဆက်ကို ကို စိတ်ဝင်စားလာတယ်လို့ ကြားသိရ ပါတယ် ။

PSG ကွင်းလယ်လူ ဝိုင်ယန်ဒမ် ဟာ ပြင်သစ် ကလပ်မှာ သူ ရရှိ နေတဲ့ တနှစ်လုပ်ခ ယူရို ၁၀ သန်း ကို အသင်းသစ် ရိုးမားမှာလည်း ဆက်လက် ရရှိ လိုနေတာကြောင့် ရောမ ကလပ် နဲ့ ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

ပြင်သစ် ကလပ် နိုက်စ် အသင်းကတော့ ဗီလာရီးရဲ တိုက်စစ်မှူး ဘိုလာရေ ဒီယာ ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရှိရ ပါတယ် ။

ဝက်စ်ဟမ်း ကတော့ လိုင်လီ ကွင်းလယ်လူ အမာဒူ အိုနာနာ အတွက် နောက်တကြိမ် ကမ်းလှမ်းဖို့ အမြန်ဆုံး ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

လိုင်လီ ဟာ အိုနာနာ အတွက် ဝက်စ်ဟမ်း ရဲ့ ယူရို ၂၃ သန်း နဲ့ သန်း ၃၀ ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချထားခဲ့ ပါတယ် ။

အာဆင်နယ် ဂိုးသမား လီနို ကို ခေါ်ယူနိုင်ပြီ ဖြစ်တဲ့ ဖူလ်ဟမ် ဟာ ခံစစ်ကို အားဖြည့်ဖို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်ယီ ကို ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့လည်း သိရပါတယ် ။

အာဆင်နယ် တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ဟာ နယူးကာဆယ် အသင်းကို ပြောင်းရွှေ့ဖု့ိ စိတ်ဝင်စား လာတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရာသီကြို ခြေစမ်းပွဲတွေမှာ အထူးပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူးသစ် ဂါဘရီရယ် ဂျေဆု ဟာ ရာသီသစ် အတွက် Fantasy Premier League မှာ ဝယ်ယူသူ အများဆုံး ကစားသမားအဖြစ် စံချိန်ချိုး နေပြီး အသင်း အားလုံးရဲ့ ၇၁% ကျော်မှာ ဂျေဆု ပါဝင်နေတယ်လို့ သိရှိရ ပါတယ် ။

အင်္ဂလန် အမျိုးသမီး အသင်းရဲ့ ယူရို အောင်ပွဲမှာ ပါဝင်ခဲ့တဲ့ လူစီ ဘရွန့်ဇ် ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘရွန့်ဇ် ကျောင်းတက်စဉ်က အချိန်ပိုင်း လုပ်ကိုင်ခဲ့တဲ့ စတိုးဆိုင်ဟာ ဆိုင်အမည်ကို လူစီ လို့ ပြောင်းလဲ မှည့်ခေါ်ခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR