ဝိုင်နယ်ဒန်ရဲ့ ပီအက်ဂျီ ကနေ ရိုးမား အသင်းထံ ပြောင်းရွေ့မှုဟာ ဘာကြောင့် အချိန် ကြန့်ကြာနေခဲ့တာလဲ?

 

ပီအက်ဂျီ ကွင်းလယ်လူ ဂျီနီဝိုင်နယ်ဒန်ရဲ့ ရိုးမား အသင်းထံ ပြောင်းရွေ့ရန် ကြိုးပမ်းနေမှုဟာ ထင်ထားတာထက် အချိန်ကြန့်ကြာလျက် ရှိနေပြီး အကြောင်းရင်း ကတော့ စီးရီးအေကလပ်ဟာ လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူကို ရာသီကုန်ချိန်မှာ မဖြစ်မနေ ၀ယ်ယူသွားရမယ် ဆိုတဲ့ ပီအက်ဂျီရဲ့ တောင်းဆိုမှု အပေါ် လိုက်လျောဖို့ လက်တွန့်နေတာကြောင့်လို့ သိရပါတယ်။

ဝိုင်နယ်ဒန်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူး ကနေ ပီအက်ဂျီကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ရောက်သွားခဲ့တာ ဖြစ်ပြီး လီဂူး၀မ်းကလပ်နဲ့ လက်တွဲခဲ့တဲ့ ပထမဦးဆုံး ရာသီမှာ စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး များသော အားဖြင့် လူစား၀င် ကစားသမား အဖြစ်သာ ၀င်ကစားခဲ့ရပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီက ကလပ်ရဲ့ အရေးကြီး ပွဲစဉ်တွေမှာ ၀င်ကစားခွင့် မရခဲ့ဘဲ အရန်ခုံကနေသာ ပွဲကို ကြည့်ရှုခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ဝိုင်နယ်ဒန်ဟာ ဒီနွေရာသီမှာ ပီအက်ဂျီ ကနေ ထွက်ခွာဖို့ အတွက် ကြိုးစားနေခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့လက ရိုးမားကို ပြောင်းရွေ့ရန် အတော်လေး နီးစပ်နေခဲ့ပေမယ့် လက်ရှိမှာ အဆိုပါ ကိစ္စဟာ ရပ်တန့်နေခဲ့ပါတယ်။ ရိုးမားဟာ နယ်သာလန် ကွင်းလယ်လူကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူရန် ကမ်းလှမ်းခဲ့ပေမယ့် ဝိုင်နယ်ဒန်ရဲ့ တစ်နှစ် ယူရို ၉ သန်း လစာကိုတော့ အပြည့်အ၀ ပေးနိုင်စွမ်း မရှိပါဘူး။

ဒ့ါကြောင့် ပီအက်ဂျီဟာ ကစားသမားရဲ့ လစာ တစ်၀က်ကိုသာ ပေးချေရန် ရိုးမားကို ပြောခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း ပီအက်ဂျီ တာ၀န်ရှိသူတွေဟာ ဝိုင်နယ်ဒန်ကို ရာသီကုန်ချိန်မှာ မဖြစ်မနေ ခေါ်ယူပေးရမယ် ဆိုတဲ့ အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းရန် ရိုးမားကို တောင်းဆိုခဲ့ပါတယ်။ ရိုးမား အနေနဲ့ ကတော့ ဝိုင်နယ်ဒန်ရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်မှု ရှိပါက ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ရှိတယ် ဆိုတဲ့ ပုံစံမျိုးကို စာချုပ်ထဲမှာ ထည့်သွင်းဖို့ အတွက် ဆန္ဒရှိနေပြီး အသက် ၃၁ နှစ် အရွယ် ကစားသမားကို မဖြစ်မနေ ၀ယ်ယူရမယ် ဆိုတဲ့ အချက်ကိုတော့ သဘောကျခြင်း မရှိ ဖြစ်နေပါတယ်။

အကယ်၍ ပီအက်ဂျီ နဲ့ ရိုးမား တို့ဟာ မဖြစ်မနေ ဆိုတာထက် အပြီးသတ် ၀ယ်ယူခွင့် ရှိတယ် ဆိုတဲ့ ပုံစံမျိုးကို သဘောတူညီနိုင်ခဲ့ပါက ကစားသမား အတွက် ပြောင်းရွေ့ကြေးဟာ ယူရို ၁၀ သန်း နဲ့ ၁၀ သန်းကြား ရှိမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီအပြောင်းအရွေ့နဲ့ ပက်သက်ပြီး ဆိုင်းထားခဲ့ပေမယ့်လည်း Goal ရဲ့ ဖော်ပြချက် အရ ကတော့ ဒီကိစ္စကို ဒီတစ်ပတ်ထဲမှာ သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ သိရပါတယ်။

ဝိုင်နယ်ဒန် ဘက်ကလည်း ဒီအပြောင်းအရွေ့ ဖြစ်ပေါ်လာဖို့ အတွက် ဆန္ဒပြင်းပြနေကာ ရိုးမား မန်နေဂျာ ဂျိုဆေးမော်ရင်ညိုနဲ့ လက်တွဲ သွားဖို့ အတွက် အလိုရှိနေပါတယ်။ ဒီအပြောင်းအရွေ့သာ ဖြစ်လာခဲ့မယ် ဆိုရင် လီဗာပူး ကွင်းလယ်လူဟောင်းဟာ ဒီနွေရာသီမှာ ရိုးမားရဲ့ ငါးခုမြောက် အပြောင်းအရွေ့ ဖြစ်လာမှာ ဖြစ်ကာ ROME အခြေစိုက်ကလပ်ဟာ ဇာကီဆီလစ် ၊ နီမန်ဂျာမာတစ် ၊ ပေါ်လိုဒီဘာလာ နဲ့ မီလီဆဗီလာ တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။

SM