လူသစ်တွေ စာရင်းသွင်းနိုင်တော့မယ့် ဘာဆာ ၊ စီးတီး ပစ်မှတ်ကို ကြားဝင်လာတဲ့ ချဲလ်ဆီး ၊ ပိုမိုမြိုင်ဆိုင်လာတဲ့ အပြောင်းအရွှေ့တွေနဲ့ . . . ယနေ့ အတွက် နောက်ဆုံးရ အားကစားသတင်းများ

ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က အသင်းဟာ တတိယမြောက် ဘဏ္ဍာရေး မြှင့်တင်မှု အဖြစ် ဘာဆာ စတူဒီယို ရဲ့ ၂၅% ကို ယူရို သန်း ၁၀၀ နဲ့ ထုတ်ရောင်း နိုင်ခဲ့ပြီလို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ဒီလို ထုတ်ရောင်း နိုင်ခဲ့မှုကြောင့် ဘာစီလိုနာ ဟာ အခု နွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမား အားလုံးကို စာရင်းသွင်းဖို့ လုံလောက်တဲ့ အတိုင်းအတာကို ရရှိခဲ့ပြီလို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာ လူသစ်တွေ ထပ်ခေါ်ဖို့ ဆန္ဒ ရှိနေကြောင်းကိုလည်း ဥက္ကဌ လာပေါ်တာ က ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ မန်ချက်စတာ စီးတီး အသင်းက ခေါ်ယူဖို့ ဘရိုက်တန် နဲ့ ညှိနှိုင်း နေတဲ့ နောက်ခံလူ မာ့ ကူကူရယ်လာ ကို ခေါ်ယူဖို့ စတင် လုပ်ဆောင် လာခဲ့တယ်လို့ သတင်းထွက်ပေါ် လာပါတယ် ။

ချဲလ်ဆီး အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီ ဟာ မနေ့က လိုက်ပ်ဇစ် အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပြီး တီမိုဗာနာ ရဲ့ အပြောင်းအရွှေ့ ကိစ္စ အတွက် ဆွေးနွေး ခဲ့ကြသလို လိုက်ပ်ဇစ် ရှေ့တန်းလူ ဂျီဗာဒီယို အတွက်လည်း မေးမြန်း ခဲ့တယ်လို့ သိပါတယ် ။

တရုတ် ကလပ် ရှန်ဟိုင်း အသင်းမှာ ကစားနေတဲ့ ဘရာဇီး ကွင်းလယ်လူ အော်စကာ ဟာ ဘရာဇီး ပြည်တွင်း ထိပ်သီး ကလပ် ဖလာမင်ဂို အသင်း ထံ ပြောင်းရွှေ့ဖို့ နီးစပ် နေပြီး မကြာခင်မှာ ညှိနှိုင်းမှု ပြီးပြတ်လိမ့်မယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

ကလပ် ဘရုဂျ် စတားလေး ချားလ် ဒီ ကိတ်လယ်ရီ ဟာ အေစီမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် မီလန် မြို့ ကို ရောက်ရှိ နေခဲ့ပြီလို့ သိရပါတယ် ။

ရီးရဲမက်ဒရစ် အသင်း ကစားသမား ဘော်ဟာ မာရိုရယ် ကတော့ ဂီတာဖေး အသင်းထံ ယူရို ၁၀ သန်း နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

စပိန် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ဟာလည်း စီးရီးဘီ အသင်း ကိုမို ထံ ၂၀၂၄ ခုနှစ် အထိ အလွတ် နဲ့ ပြောင်းရွှေ့မှု ပြီးမြောက် ခဲ့ပြီး အသင်းသစ် မှာ ကျောနံပါတ် ၄ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်း ဟာ ရိုးမား တောင်ပံ ကစားသမားလေး နီကိုလို ဇာနီယိုလို ကို ခေါ်ယူရေး အတွက် အခု အပတ်ထဲမှာ အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ ကြားသိရ ပါတယ် ။

ဇာနီယိုလို ကတော့ မနှစ်က ကွန်းဖရန့်စ်လိဂ် ပွဲအတွင်း မြို့ခံပြိုင်ဘက် လာဇီယို အပေါ် လှောင်ပြောင် ထိုးနှက်တဲ့ စကားလုံးတွေကို အော်ဟစ် ပြောဆိုခဲ့မှုကြောင့် UEFA ရဲ့ ယူရို ၄၀၀၀ ဒဏ်ရိုက်မှု ကို ခံခဲ့ရသို ရိုးမား အသင်းကိုလည်း ကစားသမား ထိန်းသိမ်းမှု အားနည်းတဲ့ အတွက် ယူရို ၄၀၀၀ ဒဏ်ငွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ် ။

ရိုးမား နဲ့ PSG တို့ရဲ့ ဝိုင်နယ်ဒမ် အပြောင်းအရွှေ့ အတွက် ညှိနှိုင်း နေမှုဟာ အခုချိန်ထိ အဆင်မပြေ သေးဘူးလို့ သိရပါတယ် ။

အီတလီ ဂျာနယ်လစ် ဂီယန်လူကာ ဒီမာဇီယို ရဲ့ ဖော်ပြချက်အရ ရိုးမား ဟာ ဝိုင်နယ်ဒမ် ကို အငှား နဲ့ ခေါ်ယူရာမှာ မဖြစ်မနေ ဝယ်ယူရမယ်ဆိုတဲ့ အချက်အလက်တွေ အတွက် ပြင်သစ် ကလပ်နဲ့ သဘောတူညီမှု မရရှိ ဖြစ်နေသေးတာလို့ သိရပါတယ် ။

နယူးကာဆယ် အသင်းကတော့ လိဒ်ယူနိုက်တက် ရဲ့ ဂျက် ဟာရစ်ဆင် ကို ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ ပေမယ့် လိဒ် ဘက်က ပယ်ချ ခဲ့ပြီး ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်း ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

လက်စတာ စီးတီး ကတော့ ချဲလ်ဆီး က ခေါ်ဖု့ိ စိတ်ဝင်စားနေသလို PSG ကလည်း မီလန် စခရီနီယာ ရဲ့ Plan B အဖြစ် စောင့်ကြည့်နေတယ်လို့ သတင်းထွက်ထားတဲ့ နောက်ခံလူ ဝီစလေ ဖိုဖာနာ အတွက် ပေါင် ၈၅ သန်း ဈေးသတ်မှတ် လိုက်တယ်လို့ သိရပါတယ် ။

အမျိုးသမီး ယူရို ပြိုင်ပွဲမှာ ဗိုလ်စွဲ ခဲ့တဲ့ အင်္ဂလန် အသင်းနဲ့ အမျိုးသမီး ကိုပါ အမေရိက ပြိုင်ပွဲမှာ ဗိုလ်စွဲ ခဲ့တဲ့ ဘရာဇီး အသင်းတို့ဟာ ပထမဆုံး Women’s Finalissima အဖြစ် လာမယ့် နှစ်ထဲမှာ ယှဉ်ပြိုင် ကစားသွားကြ မယ်လို့လည်း သိရှိရ ပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR