ချဲဆီး ကို ကျော်ပြီး ၊ ဘာစီလိုနာ ကို ရွေးချယ်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလာတဲ့ ကွန်ဒေး

ဆေးစစ်မှုတွေ အောင်အောင်မြင်မြင် လုပ်ဆောင်အပြီးမှာတော့ ဘာစီလိုနာ ဟာ ကွန်ဒေး ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။

ပြောင်းရွှေ့ ပမာဏ နဲ့ စာချုပ်သက်တမ်း ဘယ်လောက် အထိ ချုပ်ဆိုမယ် ဆိုတာ ဖော်ပြထားခြင်း မရှိသေးသော်လဲ ၊ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး အဖြစ် ယူရို 1 ဘီလီယံ သတ်မှတ်ထားတယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

ကတ်တလန် သတင်းတွေမှာတော့ ကွန်ဒေး ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ဟာ ယူရို သန်း 50 အသားတင် ပေးချေလိုက်ရတယ်လို့ ဆိုထားပြီး ၊ နောက်ထပ် စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု အဖြစ် ယူရို 5-10 သန်း ပေးရဦးမယ်လို့လဲ သိရပါတယ်။ ဒါ့အပြင် စာချုပ်သက်တမ်းကိုလဲ 2027 ခုနှစ် အထိ ချုပ်ဆိုသွားမယ်လို့ ရေးသားနေကြပါတယ်။

ကွန်ဒေးဟာ ဘန် ရပ်ဒါ ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ဆီဗီလာ သမိုင်းကြောင်း တစ်လျှောက် ပြောင်းရွှေ့ကြေး အများဆုံး ပမာဏနဲ့ ရောင်းထုတ်နိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

သူဟာ 2019 ခုနှစ်က ပြောင်းရွှေ့ကြေး ယူုရို 25 သန်း နဲ့ ဆီဗီလာ ကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ဆီဗီလာ ကနေ ဘာစီလိုနာ ကို ပြောင်းရွှေ့ကစားတဲ့ ပဉ္စမြောက် ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့မှာ ရာကီတစ် ၊ ဗီဒယ် ၊ ကလီမန့် လန်ဂလက် ၊ လုဒီဂျောင် တို့ကို ခေါ်ယူထားခဲ့ဖူးပါတယ်။

မီဒီယာ သမားတွေ နဲ့ တရားဝင် မိတ်ဆက်ပွဲ မလုပ်ရသေးသော်လဲ ဘာစီလိုနာ ကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ ပြင်သစ် ခံစစ်မှုးက အခုလို ဖွင့်ဟ လာခဲ့ ပါတယ်။

“ ဒီကို ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုဟာ နည်းပြ ဇာဗီ ကြောင့်ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင် သူနဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့တာပါ။ သူ ပြောပြခဲ့တဲ့ အကြောင်းအရာတွေက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းပါတယ်။

ပြီးတော့ ကျနော်တို့ အကြားက ဘောလုံး အပေါ် ရှုမြင်ထားတဲ့ ပုံစံကလဲ တူညီတယ်လေ။ အခုတော့ အသင်းကို ရောက်လာပြီး ၊ ဘယ်လို အထိုင်ကျအောင် ကြိုးစားမယ် ၊ ပွဲထွက် ကစားခွင့်ရဖို့ ကျနော့် ရဲ့ စွမ်းဆောင်ရည်တွေ ဘယ်လို ပေးဆပ်မယ် ၊ အဓိက ကစားသမား တစ်ယောက် ဖြစ်လာအောင် ဘယ်လို တည်ဆောက် ရယူမယ် ဆိုတဲ့ အပိုင်းတွေ ရောက်လာပါပြီ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

ဇာဗီ ကိုယ်တိုင်ကလဲ ကွန်ဒေး ရောက်ရှိလာတာ နဲ့ ပတ်သက်လို့ “ အရမ်းကို ကျေနပ်ပါတယ်။ သူဟာ ကျနော်တို့ အတွက် ဘောလုံး ထိန်းသိမ်းမှု ကောင်းတဲ့ ပုံစံတွေကို ယူဆောင်လာမှာပါ။ လျှင်မြန်တယ် ၊ ရန်လိုမှု အပြည့်ရှိပြီး ၊ တန်ပြန့် တိုက်စစ်ဆင်လာတဲ့ အခိုက်အတန့်တွေမှာ မှန်မှန်ကန်ကန် တုန့်ပြန်နိုင်စွမ်း ရှိသလို ၊ Transitions ပိုင်းမှာလဲ ကောင်းတဲ့သူပါ။

ဒါကြောင့် အသင်းအပေါ် အများကြီး အကျိုးပြုမှာ ဖြစ်ပါတယ်။ ပြီးတော့ အာရဟူဟို လို နောက်တန်း အစွန်နေရာကိုလဲ ကစားပေးနိုင်တယ်လေ။ ကစားသမားသစ်တွေကြောင့် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်အောင် ဖန်တီးလာနိုင်တဲ့ အတွက် ကျေနပ်စရာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM