ဘရိုဂျာကို ခေါ်ယူဖို့ ချဲလ်ဆီးထံ ဆက်သွယ်ထားတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း တိုက်စစ်မှ ပိုလျှံပြီး အသုံးမဝင်တော့တဲ့ ကစားသမား အချို့ကို ရှင်းထုတ်ဖို့ ကြိုးစားနေပြီး ၊ လောလောဆယ်မှာတော့ ဂါရတ်ဘေးလ် ၊ လူကာ ဂျိုဗစ်ခ်ျတို့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ် ။

ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ အရန် အတွက် မာရီယာနို တဦးတည်းသာ ကျန်တော့တာကြောင့် ၊ ရီးရဲလ်မက်ဒရစ် ဟာ back-up လူငယ် ကြယ်ပွင့် တိုက်စစ်မှူး အသစ် တဦး ရှာဖွေနေရာ ၊ ချဲလ်ဆီး အသင်းရဲ့ အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာဟာ ၄င်းတို့ရဲ့ ရေဒါထဲမှာ ရှိနေပါတယ် ။

Evening Standard သတင်းဌာနရဲ့ ချဲလ်ဆီး ဂျာနယ်လစ် နစ်ဇာ ကင်ဆဲလာရဲ့ အဆို အရ ရီးရဲလ်မက်ဒရစ် ဟာ ဘရိုဂျာကို လက်ရှိ စျေးကွက် အတွင်း ခေါ်ယူလို့ ရနိုင်တဲ့ အနေအထားကို သတိပြုမိတာကြောင့် ၊ ၄င်းအတွက် ချဲလ်ဆီးထံ ချိတ်ဆက် မေးမြန်းမှုတွေ ရှိထားကြောင်း သိရပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ဘရိုဂျာကို အတော်လေး နှစ်သက် သဘောကျနေတာကြောင့် ၊ ကစားသမားဖက်က အနာဂတ် အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်သေးသည့်တိုင် ၊ ၄င်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားလျက် ရှိပါတယ် ။

ထိုအတွက်ကြောင့်လည်း ဘရိုဂျာကို အစောဆုံး ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့တဲ့ လန်ဒန်မြို့ခံ ကလပ် ဝက်စ်ဟမ်း အသင်းလည်း စိတ်ကုန်ပြီး ၊ ဆက်ဆူအိုလို အသင်းက အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဂျီယန်လူကာ စကမ်မတ်ကာကို ပြောင်းလဲ ခေါ်ယူခဲ့ရပါတယ် ။ သို့ပေမယ့်လည်း ဝက်စ်ဟမ်း ဟာ ဘရိုဂျာကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေသေးတယ်လို့ ယင်းသတင်းကပဲ ဆိုပြန်ပါတယ် ။

အသက် ၂၀နှစ် အရွယ်ရှိ ဘရိုဂျာ ဟာ ယနေ့ညမှာ ကစားမယ့် အူးဒီးနိစ် အသင်းနဲ့ နောက်ဆုံး ရာသီကြို ခြေစမ်းပွဲမှာ ချဲလ်ဆီး အတွက် ပြန်လည် ပါဝင်ခွင့် ရဖို့ ယူဆရပြီး ၊ အသင်းမှ ထုတ်ပြန်တဲ့ ဓာတ်ပုံ ၊ ဗီဒီယို အထောက်အထားတွေ အရ ၄င်းဟာ ယခု တပတ်လုံး အသင်းလိုက် ထရိန်နင်မှာ ပူးပေါင်း ပါဝင်နေပြီ ဖြစ်ပါတယ် ။

ရိုမီလူ လူကာကူကို အင်တာမီလန်သို့ တရာသီ အငှားချခဲ့ပြီးနောက် ၊ တိုက်စစ်မှူးစစ်စစ် တဦးမှ မရှိနေတာကြောင့် ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ရာသီ အငှားကနေ ပြန်လာခဲ့တဲ့ မစ်ချီ ဘတ်ရှူဝါရီနဲ့ အာမန်ဒို ဘရိုဂျာတို့ကို လာမယ့် ရာသီသစ်မှာ ဝတ်ဆင်မယ့် ကျောနံပါတ်တွေတောင် ပေးထားပြီးပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။

အခြားတဖက်မှာ ဘီလီ ဂီလ်မာ ၊ အီသန် အမ်ပါဒူ ၊ ကနေဒီ အစရှိတဲ့ အငှား ကြယ်ပွင့်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးတို့ အခုအချိန် အထိ ဆုံးဖြတ်ရ ခက်နေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အသက် ၁၉နှစ် အရွယ် အကယ်ဒမီထွက် ကြယ်ပွင့် ခံစစ်မှူး လီဗိုင်း ကိုဝဲလ်ဟာလည်း အသင်းက ထွက်ခွာနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ် ။

သို့ပေမယ့် ချဲလ်ဆီး ဟာ လက်စတာ ၊ အဲဗာတန် ၊ ဆောက်သမ်တန်တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ကိုဝဲလ်ကို ဗဟို နောက်ခံလူ အသစ် နောက်ထပ် ၂ဦး မဖြည့်နိုင်မချင်း အတတ်နိုင်ဆုံး အသင်းမှာ ဆက်ထိန်းဖို့ စီစဉ်နေပါတယ် ။

SPORTS MYANMAR