ချဲလ်ဆီးကို ငြင်းပြီး ဘာကြောင့် ဘာစီလိုနာကို ရွေးချယ်ခဲ့လဲ ဆိုတာ ရှင်းပြလိုက်တဲ့ ကွန်းဒေး

ဘာစီလိုနာ အသင်းဟာ မနေ့ကပဲ ဆီဗီးလား အသင်းကနေ အသက် ၂၃နှစ် အရွယ် ၊ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ဂျူးလ်စ်ကွန်းဒေးကို ကနဦး ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ( အပိုဆုကြေး ယူရို ၁၀သန်း ) ၊ ၅နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။

ဘာဆာဟာ ကွန်းဒေးကို ရရှိဖို့ ချဲလ်ဆီးနဲ့ အဓိက ပြိုင်ဆိုင်ခဲ့ရသလို ၊ ချဲလ်ဆီးထက်လည်း အနောက်ကနေ လိုက်ကမ်းလှမ်းခဲ့ရပေမယ့် ၊ ချဲလ်ဆီးထက် နည်းတဲ့ ကြေးနဲ့ ကမ်းလှမ်းခဲ့ပြီး ၊ ကစားသမားရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကြောင့် အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။

သို့ပေမယ့်လည်း ဘာစီလိုနာ ကလပ် ဘုတ်အဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှု အပြင် ၊ နည်းပြ ဖြစ်သူ ဇာဗီ ဟာနန်ဒက်ဇ်ကြောင့် ချဲလ်ဆီးထက် စိတ်ဓာတ်ရေးရာမှာ အသာရခဲ့ပြီး ၊ ဘဏ္ဍာရေး အကြပ်အတည်း ရှိနေပေမယ့် ၊ ကစားသမား ဖြစ်သူကို အပိုင် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ချဲလ်ဆီး အသင်းနဲ့ အတူ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားတဲ့ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး အန်ဒရီယာစ် ခရစ်တန်ဆန်ကို ခေါ်ယူထားတဲ့အပြင် ၊ အကယ်ဒမီထွက် ဥရုဂွေး ကြယ်ပွင့် ခံစစ်မှူး အရူဟိုလည်း ပိုင်ဆိုင်ထားပါတယ် ။

ဒါကြောင့် ဂျရတ် ပီကေး ခေတ်လွန် ဘာစီလိုနာရဲ့ အနာဂတ် ဗဟို ခံစစ် ဟာ အတိုင်းအတာ တရပ် အထိ စိတ်ချလို့ ရပြီ ဖြစ်ပါတယ် ။ ကွန်းဒေး ကတော့ လက်ရှိ ဘာဆာ နည်းပြ ဇာဗီ ဟာ ၄င်း ချဲလ်ဆီး အသင်းကို ငြင်းပယ်ပြီး ဘာစီလိုနာသို့ ပြောင်းရွှေ့လာရခြင်းရဲ့ အဓိက အကြောင်းအရင်း တရပ် ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ကွန်းဒေး က ” နည်းပြကြီး ဇာဗီ ဟာ ကျွန်တော် ဒီကို ရောက်လာရခြင်းရဲ့ ကြီးမားတဲ့ အကြောင်းအရင်းတွေထဲက တချက် ဖြစ်ပါတယ် ။ ကျွန်တော်ဟာ သူနဲ့ ကြိမ်ဖန်များစွာ စကားပြောခဲ့ပြီးပါပြီ ။ နောက်ပြီးတော့ သူ့ရဲ့ စကားပြောပုံ က ဆွဲဆောင်မှု ရှိပါတယ် ။ ”

” ဆွေးနွေးမှု အချို့ လုပ်အပြီးမှာ ကျွန်တော်တို့ ၂ယောက်ရဲ့ ဘောလုံး အပေါ် အမြင်က ထပ်တူကျမှု ရှိတာကို တွေ့ခဲ့ရပါတယ် ။ အခုတော့ အသင်းမှာ ကျွန်တော် ဘယ်လို ဝင်ဆံ့ ကစားနိုင်မလဲ ဆိုတဲ့ မေးခွန်း တခုပဲ ရှိပါတော့တယ် ။ ကျွန်တော်ဟာ ဒီအသင်း အတွက် အရာရာ ပေးဆပ်မှာ ဖြစ်ပြီး ၊ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခွင့် ရဖို့ ကြိုးစားသွားမှာပါ ။ ”

” ကျွန်တော် ဒီအခွင့်အရေး အတွက် ဂုဏ်လည်း ယူမိသလို ၊ ကျေးဇူးလည်း တင်ရပါတယ် ။ ကျွန်တော်ဟာ ကြီးကျယ်တဲ့ ကစားသမား အင်အားစုကို ပိုင်ဆိုင်ထားတဲ့ ကလပ်ဆီ ပြောင်းလာခွင့် ရလို့ ၊ အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ အသင်းနဲ့ အတူ အမြန်ဆုံး အလုပ်လုပ်နိုင်ဖို့ မျှော်လင့် စောင့်စားနေပြီး ၊ အကောင်းဆုံး ပေးဆပ်သွားမှာပါ ။ ”

” ဆီဗီးလား ဟာ ကြီးကျယ်တဲ့ ကလပ် တသင်း ဖြစ်ပေမယ့် ၊ ဘာစီလိုနာဟာ အဖက်ဖက်က ထိပ်တန်း အဆင့်မှာ ရှိနေတာကြောင့် ကျွန်တော့ရဲ့ ကစားသမား ဘဝ နောက်တဆင့် တက်လှမ်းရာ နေရာ အဖြစ် ကိုယ်စားပြုပါတယ် ။ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင် ကစားလိုပြီး ၊ အောင်မြင်မှု ရနိုင်သလောက် ရယူလိုပါတယ် ။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR