ပိုင်ဆိုင်မှုတွေ ရောင်းထုတ်ပြီး ၊ အနာဂတ် ကို အလောင်းစားလုပ်နေတဲ့ ဘာစီလိုနာ

လက်ရှိ အပြောင်းအရွှေ့ ကာလ မဖွင့်လှစ်မီ အချိန်က ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌကြီး ယိုဟန် လာပေါ်တာ က “ အသင်းဟာ အထူးကြပ်မတ် ကုသ နေခဲ့ရတဲ့ နေ့ရက်တွေ ကျော်လွန်သွားပြီ” လို့ တင်စားပြောဆိုခဲ့သလို ၊ မကြာခင်မှာ ဆေးရုံ ကနေ ဆင်းရတော့မယ်လို့လဲ ခပ်ကြွားကြွားလေး ပြောဆိုသွားခဲ့ ပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းတွေ အကြားကနေ ဘာစီလိုနာ ဟာ ဘာဖြစ်လို့ အသက်ရှုချောင်သွားရတာလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြည့်ရရင် သူတို့ ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေကို ထုတ်ရောင်းပြီး ဖြေရှင်းနေတဲ့ အတွက်ကြောင့်ပါပဲ။

ဘာစီလိုနာ ဟာ အမေရိကန် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ဖြစ်တဲ့ Six Street ဆီ သူတို့ရဲ့ TV Right ထဲက 25% ကို ရောင်းထုတ်ဖို့ သဘောတူထားပြီးပြီ ဖြစ်ပါတယ်။ 10% ကို စောစောစီးစီး ရောင်းချထားခဲ့တာ ဖြစ်ကာ ၊ နောက်ထပ် 15% ကို ရောင်းချဖို့ အတွက်တော့ ပြီးမှပဲ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။ အဲဒီ ရောင်းချမှုတွေ ကနေ ယူရို သန်း 500 ကျော် ရရှိလိမ့်မယ်လို့ မျှော်လင့်ရပြီး ၊ လာလီဂါ TV Right ကို 25 နှစ်စာ ရောင်းချထားရတာ ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်ရတဲ့ အကြောင်းအရင်းဟာ ဘဏ္ဍာရေး အကျပ်တည်းကို ဖြေရှင်းရုံတင် မဟုတ်ပဲ ၊ လာလီဂါ ကနေ ကန့်သတ်ထားတဲ့ “Wage Limits” ကိုပါ ဖြေရှင်းနိုင်ဖို့ ကြိုးစား ချဉ်းကပ်လိုက်တာ ဖြစ်ပါတယ်။ လာလီဂါ ဟာ လွန်းခဲ့တဲ့ 5 နှစ် အတွင်း အသင်းရဲ့ လည်ပတ်မှု ဘဏ္ဍာရေး ရှင်းတမ်းတွေကို အခြေခံကာ ၊ လာမယ့် ဘောလုံးရာသီ အတွက် လစာ ပေးချေမှု ကို ဘယ်လောက်အထိ အမြင့်ဆုံး လုပ်ဆောင်ခွင့် ရှိတယ် ဆိုတာကို သတ်မှတ်ပေးလေ့ရှိပါတယ်။

ဒါက ကလပ် အသင်းတွေ ဒေဝါလီ မခံရအောင် တားဆီးတာမျိုး ဖြစ်သလို ၊ ကစားသမားတွေ အပေါ် လုပ်ခ လစာ မပေးနိုင်တာမျိုးတွေ မဖြစ်ဖို့ အတွက်လဲ အခြား လိဂ်ပြိုင်ပွဲတွေ နဲ့ မတူညီတဲ့ ပုံစံနဲ့ လည်ပတ်တာ ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။

ယခင် အကြွေးထူနေတဲ့ အချိန်ကတော့ ဘာစီလိုနာ ဟာ 3:1 ပုံစံ နဲ့ လုပ်ဆောင်ဖို့ လမ်းညွှန်ချက် ထုတ်ခံထားရတာ ဖြစ်ပါတယ်။ သဘောက က အသင်းဝင်ငွေက 3 ကျပ်ရှိရင် ၊ ကစားသမားသစ်တွေ အတွက် 1 ကျပ် လစာပေးချေတဲ့ နေရာမှာ သုံးစွဲခွင့် ရှိခဲ့တာပါ။

သို့သော် TV Rights တွေ ရောင်းထုတ်ပြီးနောက်မှာတော့ သူတို့ရဲ့ ဘဏ္ဍာရေး စာရင်းဇယားတွေမှာ ပြန်လည် တောင့်တင်းသွားပြီ ဖြစ်တာကြောင့် 1:1 စနစ် ကို ကျင့်သုံးခွင့် ရရှိနေပြီ ဖြစ်ပြီး ၊ 1 ကျပ် ရှာနိုင်ရင် ၊ အဲဒီ 1 ကျပ် ကို ကစားသမား လစာ အဖြစ် ပြန်လည် သုံးစွဲခွင့် ရှိနေပါတယ်။

ဒါကြောင့် လက်ရှိ မှာ အလွတ်ကြေး နဲ့ ခေါ်ယူထားတဲ့ ဖရန့် ကက်စီး ၊ ခရစ္စတန်ဆန် တို့ကို မှတ်ပုံ တင်လို့ ရတဲ့ အနေအထား ရောက်ရှိနေပေမယ့် ၊ နောက်ထပ် ရောက်လာတဲ့ ရာဖင်ဟာ ၊ လီဝန်ဒေါ့စကီး တို့ကို မှတ်ပုံတင်ဖို့တော့ လုံလောက်မှု မရှိသေးပါဘူး။

ဒါကြောင့် ဘာစီလိုနာ ဟာ လက်ရှိ လစာပေးချေမှု စာရင်းကနေ ထပ်မံ လျှော့ချဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

နက်တို ၊ အမ်တီတီ ၊ အော်စကာ မင်ဂွီဇာ ၊ ပူအီ ၊ ဘရိတ်ဝိတ် တို့ဟာ အသင်းရဲ့ အမေရိကား ခရီးစဉ်မှာ ပါဝင်လာခြင်း မရှိသလို ၊ အသင်းပြောင်းဖို့ အတွက်လဲ တရားဝင် အသိပေးထားပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင် ကိုလဲ ယူနိုက်တက်ဆီ ရောင်းချဖို့ သဘောတူညီမှု ပေးထားပြီးပါပြီ။ သို့သော် ကစားသမား ကိုယ်တိုင်က နူးကမ့်မှာ ပျော်နေတဲ့ အတွက် ၊ အသင်းပြောင်းဖို့ ဆန္ဒ မပြင်းပဲ ဖြစ်နေပါတယ။်

တစ်ချိန်တည်းမှာ ဘာစီလိုနာ ဟာ ချဲဆီး အက်စ်ပီလီကွီတာ ၊ ဆီဗီလာ က ကွန်ဒီ တို့ကိုတောင် ခေါ်ယူဖို့ မှန်းနေပြန်ပါတယ်။

အဲဒီလို လုပ်ဆောင်ဖို့ အတွက်တော့ ဘာစီလိုနာ နေနဲ့ သူတို့ လျာထား နေတဲ့ BLM ရဲ့ 49% ကို တရားဝင် ရောင်းချလိုက်မှသာ ပြေလည်သွားဖွယ် ရှိနေပါတယ်။ BLM လုပ်ငန်း အောက်မှာ Barca Studios, Audio-Visual Content Producer, NFT တို့လို လုပ်ငန်းတွေလဲ ပါဝင်ထားပါတယ်။

ဘာစီလိုနာ ဟာ အဲဒီ အချက်ကို လုပ်ဆောင်ဖို့တော့ တော်တော်လေး စဉ်းစားနေပြီး ၊ နောက်ဆုံး မဖြစ်မနေ လုပ်ရမယ့် အခြေနေရောက်လာမှ ခြေလှမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

TV Rights ရောင်းချထားတဲ့ 25% ကြောင့် လာမယ့် ဘောလုံးရာသီက စလို့ ဝင်ငွေ ယူရို သန်း 40 လောက် စတင် လျှော့နည်းသွားမှာ ဖြစ်ပါတယ်။ သို့သော် အသင်းဦးဆောင် မောင်းနှင်သူတွေ အကြားမှာ ကွင်းအတွင်း အောင်မြင်မှု က ယူရို သန်း 40 ကို ပြန်ရှာလို့ ရတယ်လို့ အခိုင်အမာ ယုံကြည်ထားတာကြောင့် ၊ ရင်းနှီးရမယ့် အပိုင်းတွေကို ထုတ်ရောင်းပြီး လည်ပတ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ရဲ့ အခင်းအကျင်းဟာ ပရီးမီးယားလိဂ် လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာမှာ ဆိုရင် စွန့်စားမှုက တော်တော်လေး ကြီးမားတယ်လို့ ပြောလို့ ရပေမယ့် ၊ လက်ရှိ အခင်းအကျင်းတိုင်း ချန်ပီယံလိဂ် ပုံမှန် ကစားခွင့် ရသွားမယ် ဆိုရင်လဲ အသက်ရှု ကျပ်နေတဲ့ အနေအထားကနေ အမောပြေတဲ့ အဆင့်မျိုးတော့ ရောက်သွားနိုင်ပါတယ်။

သို့သော် ဘောလုံး စီးပွားရေးမှာ ဘယ်အရာမှ ကြိုတွက်ထားတာ မရတဲ့ အတွက် အားလုံးက အလောင်းအစား ဆန်နေဆဲ ဖြစ်ပါတယ်။

SM