ချဲလ်ဆီး အဝတ်လဲခန်းထဲ တော့ဒ်ဘိုလီ တယောက် ကစားသမားတွေကို ဆူပူကြိမ်းမောင်းခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့ အန်ဆယ်လော့တီ

ယခုနှစ် ရာသီ ချဲလ်ဆီး အသင်းရဲ့ ပွဲတော်တော်များများကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေးတဲ့ ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲ အပြီး အဝတ်လဲခန်းထဲအထိ သွားရောက်ကာ အသင်းသားတွေကို စကားပြော ၊ ဆူပူခဲ့တာတွေ လုပ်ခဲ့ကြောင်း သိရပါတယ် ။

တော့ဒ်ဘိုလီဟာ ခါတိုင်း အိမ်ကွင်းပွဲတွေမှာလည်း အဝတ်လဲခန်းထဲသို့ လာလည်နေကျ ဖြစ်ပေမယ့် ၊ ဘရိုက်တန်နဲ့ ပွဲမှာ ရလဒ် အရ ဂိုးပြတ် မရှုံးခဲ့သည့်တိုင် ခြေစွမ်းအရ ရှက်ဖွယ်အတိ ဖြစ်ခဲ့တဲ့အပြင် ၊ ရီးရဲလ်မက်ဒရစ်နဲ့ season decider ပွဲ ကစားဖို့ ရှိနေတာကြောင့် အခုလို ကိုယ်တိုင်ကိုယ်ကျ ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပိုင်ရှင် ကိုယ်တိုင်က အဝတ်လဲခန်းထဲ သွားရောက် စကားပြောတာကြောင့် ချဲလ်ဆီး ကစားသမားတွေ အတွက် စိတ်အားပိုတက်စေမှာ ဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ၊ တဖက်မှာတော့ ချဲလ်ဆီး caretaker နည်းပြ ဖရန့် လမ်းပတ်က တော့ဒ်ဘိုလီရဲ့ ဒီအမူအကျင့် အတွက် သူ့မှာ ဘာပြဿနာမှ မရှိကြောင်း ဖြေကြားခဲ့ပါတယ် ။

အန်ဆယ်လော့တီ က ” ပိုင်ရှင်တွေ ကိုယ်တိုင် ဒီလို စကားလာပြောတာဆိုတော့ ကစားသမားတွေ အတွက် ဒါက အရေးပါတဲ့ စိတ်ဓာတ်လှုံ့ဆော်မှုပဲ ဖြစ်နိုင်ပါတယ် ။ ချဲလ်ဆီး အသင်း လက်ရှိ ကျရောက်နေတဲ့ အခိုက်အတန့်က ကောင်းတဲ့ အခိုက်အတန့်တော့ မဟုတ်ပါဘူး ။ ”

” ကလပ်ရဲ့ အထက် ပုဂ္ဂိုလ်တွေဆီကနေ အားပေးမှု ရတာက ကစားသမားတွေကို ပိုကောင်းအောင် ကစားစေဖို့ တွန်းအားပေးရာ ရောက်ပါတယ် ။ ဒါက ကောင်းတဲ့ လှုပ်ရှားမှု တရပ်လို့ပဲ ကျွန်တော် မြင်ပါတယ် ။ ဒီအတွက် ကျွန်တော့မှာ ဘာပြဿနာမှ မရှိပါဘူး ။ တကယ်ပါ ။ ”

” အကယ်၍ ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌက ကျွန်တော်နဲ့ အသင်းသားတွေကို ပွဲတိုင်း စကားလာပြောမယ်ဆိုရင် ကျွန်တော် ဝမ်းမြောက်မိမှာပါ ။ ဘာလို့လဲဆိုတော့ အသင်းပိုင်ရှင်တွေဟာ သူတို့ရဲ့ မန်နေဂျာ ဘာတွေလုပ်နေလဲ ဆိုတာ သိပိုင်ခွင့် ရှိကြလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လမ်းပတ် က ” ဒါနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က အေးအေးဆေးဆေးပါပဲ ။ အရင် ပိုင်ရှင်ဟောင်း လက်ထက်တုန်းက အသင်းရဲ့ ပွဲတွေကို ခဏခဏ လာမကြည့်ပေးလို့ ဝေဖန်ခံရတာတွေ ရှိခဲ့ပါတယ် ။ ဒါက အမြဲတမ်း မမှန်ခဲ့သလို ၊ မျှတမှုလည်း မရှိပါဘူး ။ ”

” ပိုင်ရှင် တဦးဟာ ကလပ် တသင်း အပေါ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့အခါ အဲဒီ အသင်းကို ကူညီချင်တယ် ၊ တိုးတက်စေချင်ပါတယ် ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အသင်းကို ကိုယ်လိုချင်သလို ကြိုးစားအားထုတ်မှုမျိုး ထုတ်ပြစေချင်တာက သူတို့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ် ။ ”

” ကစားသမား ဘဝတုန်းက ပိုင်ရှင်တွေ အသင်းရဲ့ အဝတ်လဲခန်းဆီ လာလည်ခဲ့တဲ့ အခိုက်အတန့်တွေကို ကျွန်တော် အမှတ်ရပါတယ် ။ ချဲလ်ဆီးကို ဝယ်ဝယ်ချင်းတုန်းက သူတို့ ဒီလိုပဲ လာလည်ခဲ့ကြတာပါပဲ ။ အဲဒီမတိုင်ခင်တုန်းက ချဲလ်ဆီးမှာ ဒါမျိုး မရှိခဲ့ပါဘူး ။ သူတို့နဲ့ စကားပြော ထိတွေ့ဆက်ဆံရတာ ၊ လက်ဝါးချင်း ရိုက်ကြတာ ၊ သူတို့ စကားပြောတာကို နားထောင်ရတာ ၊ သူတို့ရဲ့ ခံစားချက်ကို သိရတာက တကယ် ပျော်စရာကောင်းတယ် ဆိုတာ ကျွန်တော် အမှတ်ရပါတယ် ။ ”

” ဒါကြီးက ကလပ်ရဲ့ သင်္ကေတ လက္ခဏာ ၊ ဘယ်လို အနေအထားကို ရောက်ချင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး တစုံတခု ဆိုးဆိုးရွားရွား ထိခိုက်သွားတာမျိုး မရှိဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ဒီအတွက် ကျွန်တော့မှာ ဘာပြဿနာမှ မရှိပါဘူး ။ ပွဲအပြီး အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ကျွန်တော် ပြောချင်တဲ့ အရာတွေ ပြောနေရဆဲပါပဲ ။ ”

” ပိုင်ရှင် ကိုယ်တိုင်က ကစားသမားတွေကို အကြံဉာဏ်ကောင်းတွေ ပေးချင်တယ်ဆိုရင် ၊ ဒါက သူ့သဘော ၊ သူ့အပိုင်း ဖြစ်ပါတယ် ။ ကီပါ ပြောခဲ့သလိုပါပဲ ၊ ဒါက မော်ဒန်ခေတ် ဘောလုံးလောကမှာ ပုံမှန် ကိစ္စလို ဖြစ်နေပါပြီ ။ တကယ်တမ်းပြောရရင် ဒါက အသင်း အတွက် စိတ်မာန်ပြင်းထန်မှုကို ပြသနေပါတယ် ။ ဒါကို ကျွန်တော် ကြိုက်တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR