လိဒ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သူအနှစ်သက်ဆုံး အခိုက်အတန့်ကို ပြောပြလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က မနေ့ညက လိဒ်ယူနိုက်တက်ကို Elland Road မှာ ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့အသင်းဟာ ဒီိရာသီရဲ့ အကောင်းဆုံး performance ကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ကလော့ဟာ လီဗာပူးရဲ့ counter pressing ကစားပုံကို အထူးချီးကျူးသွားခဲ့ပြီး ဒီနေ့မှာတော့ အားလုံး click ဖြစ်နေခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ယာဂန်ကလော့က “ဒီပွဲကို ခြားနားတဲ့ရှုထောင့်တွေကနေ ကြည့်လိုက်မယ်ဆိုရင် ဒါဟာ ဒီိရာသီ ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ပွဲလို့ ထင်ပါတယ်။ ဂျေမီကာရေဂါက လိဒ်ရဲ့ အသင်းလိုက်အမှားတွေ ၊ တစ်ဦးချင်းအမှားတွေ အကြောင်း ပြောနေခဲ့တာကို ကျနော် ကြားရပါတယ်။ အမှန်ပါပဲ။ ကျနော်တို့ ဒီလို အမှားတွေ ဖြစ်လာအောင် သူတို့ကို force လုပ်ခဲ့တာပါ။ တကယ့်ကို အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ ပွဲစဉ် ဖြစ်ကာ တအားကောင်းတဲ့ ဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။

counter pressing အပိုင်းမှာတော့ ကျနော်တို့ဟာ အတော်လေး ကြာပြီးမှ ဒီလို အကောင်းဆုံး ကစားပုံကို ပြသနိုင်ခဲ့တာပါ။ ကျနော် အနှစ်သက်ဆုံး အခိုက်အတန့်ကတော့ ပွဲချိန် ၉၂ မိနစ်မှာပါ။ ဘောလုံး ဆုံးရှုံးသွားခဲ့တဲ့ အချိန်မှာ ကျနော့် ကစားသမား ၄ ဦးဟာ လိဒ်ရဲ့ သနားစရာကောင်လေးဆီက ဘောလုံးကို အသဲအသန် လိုက်လုခဲ့တဲ့ အခိုက်အတန့်ပါ။ ဒါဟာ တကယ့်ကို outstanding ပါပဲ။ ကျနော် လိုချင်တာ ဒါမျိုးပါ။” လို့ ဆိုလိုက်ပါတယ် ။

လီဗာပူးဟာ ပထမပိုင်းအပြီးမှာ ဂတ်ပို ဆာလား တို့ရဲ့ ဂိုးတွေနဲ့အတူ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာ ကိုနာတေးရဲ့ အမှားကနေ ဆန်နစ်စတယ်ရာက ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအတွက် ဂျိုတာ (၂ ဂိုး) ၊ ဆာလား ၊ နူးနက် တို့က ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီး ပွဲအပြီးမှာ ၆-၁ နဲ့ နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့က “ကျနော်တို့ရဲ့ counter pressing တွေ ဘာကြောင့် တစ်ရာသီလုံးနီးပါး ပျောက်ဆုံးနေသလဲဆိုတာ ကျနော် မရှင်းပြတက်တော့ပါဘူး။ ကျနော်တို့ဟာ ဒါကို တချိန်လုံး အလို ရှိနေခဲ့တာပါ။ ဒါပေမယ့် ဒါဟာ ဒီညမှာတော့ click ဖြစ်ခဲ့ပါတယ်။ တကယ်တော့ အာဆင်နယ်နဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာလည်း ဒီလို ဖြစ်ခဲ့ပါသေးတယ်။

ကျနော်တို့ဟာ ဒီရာသီမှာ ဘောလုံးကို နောက်ထိဆင်းကာ လိုက်လံရယူခဲ့ရတဲ့ အခိုက်အတန့်များစွာ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကျနော်တို့ ကစားကွက်ကို အစကနေ ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ ဒီညမှာတော့ ကျနော်တို့ တိုက်စစ်ပိုင်းကနေ ဘောလုံး ပြန်လည် ရယူနိုင်ခဲ့ပြီးနောက် ဘယ်နှစ်ဂိုး ရယူနိုင်ခဲ့သလဲဆိုတာ ကျနော် အတိအကျတော့ မသိပါဘူး။ သေချာတာကတော့ ပထမဂိုးဟာ counter pressing အခြေအနေကနေ ထရန့် block လုပ်နိုင်ခဲ့တာကနေ တဆင့် ရခဲ့တာပါ။ ဒုတိယဂိုးကလည်း ဂျိုတာကနေ တဆင့်ပါ။ ဒါတွေဟာ ဒီညမှာ ခြားနားမှုကို ဖြစ်စေခဲ့ပါတယ်။

ဒါကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သိတာနဲ့ တကယ်နားလည်တာ တကယ် ခံစားမိတာက ကွာခြားပါတယ်။ ဒီ တစ်ပွဲခွဲဟာ ကျနော်တို့ကို လက်ကျန်ရာသီအတွက် မှန်ကန်တဲ့ လက္ခဏာတွေ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။”

SM