ရွန်းနီရဲ့ မက်ဆေ့ခ်ျကို တုန့်ပြန်သွားခဲ့တဲ့ အင်္ဂလန်ရဲ့ စံချိန်တင် ဂိုးသွင်းရှင် ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာ မနေ့ညက အီတလီနဲ့ ပွဲစဉ်မှာ ဝိန်းရွန်းနီရဲ့ အင်္ဂလန်အတွက် သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဟယ်ရီကိန်းက ပွဲအပြီးမှာ သူ့ကို ချီးကျူးမှု လုပ်သွားခဲ့တဲ့ စပယ်ရှယ်လူသား ဝိန်းရွန်းနီကို ကျေးဇူးတင်ပါတယ်လို့ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။ ကိန်းဟာ မနေ့ညက ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အီတလီကို ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် အနိုင်ရအောင် The Three Lions တို့အတွက် ကူညီပေးနိုင်ခဲ့သလို အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

 

တော့တင်ဟမ် တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ပင်နယ်တီ လွဲချော်ခဲ့သူ ဖြစ်ပေမယ့် ဒီပွဲစဉ်မှာတော့ ပထမပိုင်း မပြီးခင် အင်္ဂလန်တို့ ၂-၀ ဖြစ်စေမယ့် ပင်နယ်တီကို ၀င်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ ယူရို ၂၀၂၀ မှာ အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ အီတလီဟာ ဒုတိယပိုင်းမှာ ပြန်လည် တိုက်ပွဲ၀င်သွားခဲ့ကာ ရီနီဂီရဲ့ ဂိုးနဲ့ ပြန်လာနိ်ုငခဲ့ပေမယ့်လည်း ၁၀ ယောက်ကျန် အင်္ဂလန် ဘက်ကို ချေပဂိုးတော့ ပြန်လည် မသွင်းနိုင်ခဲ့ပါဘူး။

သူ့ရဲ့ အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး စံချိန်ကို ကိန်းက ချိုးဖျက်သွားနိုင်ခဲ့ပြီးနောက် ရွန်းနီက “အင်္ဂလန်ရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ ဟယ်ရီကိန်းကို ဂုဏ်ပြုပါတယ်။ ကျနော့်ရဲ့ စံချိန်ဟာ အချိန် အကြာကြီး တည်မြဲနေမှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် သိထားခဲ့ပြီးသားပါ။ ဒါပေမယ့် ကိန်းဟာ တအားကို မြန်မြန်ဆန်ဆန် ချိုးဖျက်သွားခဲ့ပါတယ်။ ကြီးကြယ်တဲ့လူသား ၊ မယုံနိုင်စရာ ဂိုးသွင်းရှင် ဖြစ်ကာ အင်္ဂလန်ရဲ့ ဂန္တ၀င် တစ်ဦးပါ။ ဂုဏ်ယူပါတယ်..ကိန်းရေ” လို့ ဆိုခဲ့ပါတယ်။

ရွန်းနီရဲ့ မှတ်ချက်နဲ့ ပက်သက်ပြီး ကိန်းက “ဒီအတွက် ဝိန်းကို အများကြီး ကျေးဇူးတင်ပါတယ်။ ဝိန်း ဒီစံချိန်ကို တင်ခဲ့တုန်းက ကျနော်ဟာ သူနဲ့ အတူ ကွင်းထဲမှာ ရှိနေခဲ့တာပါ။ သူ့အတွက် ဒီစံချိန်ဟာ ဘယ်လောက်တောင် အဓိပ္ပာယ် ရှိသလဲ ဆိုတာ ကျနော် သိပါတယ်။ ကျနော် သူ့အတွက် တအား ဂုဏ်ယူခဲ့ရပါတယ်။ စံချိန်ချိုးနိုင်ခဲ့တဲ့ အတွက် ကျနော် သူ့ကို ဖိနပ်ပေးခဲ့တာကို မှတ်မိနေဆဲပါ။ အဲဒီနောက် တနေ့မှာ သူ ကျွန်တော့်ကို ပြန်ပေးမယ်လို့ ပြောခဲ့ပါတယ်။ သူဟာ စပယ်ရှယ် လူသားပါပဲ။” လို့ တုန့်ပြန်လိုက်ပါတယ်။

ဆက်လက်ပြီး ကိန်းက “ဒီစံချိန်ကို ရခဲ့တာဟာ ကျနော့် အတွက် အရာအားလုံးပါပဲ။ အင်္ဂလန် အကျီကို ၀တ်ဆင်ပြီး လာမည့်နှစ် ယူရို အတွက် နေပယ်မှာ ဒီလိုပွဲကို ကစားရတာဟာ ကျနော့်ကို တအား စိတ်လှုပ်ရှားစေပါတယ်။ ဒါကတော့ အငြင်းပွားစရာ မရှိတဲ့ ပင်နယ်တီပါ။ ဘောလုံး ဂိုးပိုက်နဲ့ ထိသွားတာနဲ့ တစ်ပြိုင်နက် ကျနော်ရဲ့ စိတ်ခံစားမှုတွေ တအား ပြင်းထန်သွားခဲ့ပါတယ်။ မျက်လှည့်ဆန်တဲ့ အခိုက်အတန့် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အင်္ဂလန်ဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ရဲ့ ဒုတိယမြောက် ပွဲစဉ် အဖြစ် လာမည့် တနင်္ဂနွေနေ့မှာ ယူကရိန်းကို ၀င်ဘာလေမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM