၃နှစ်ဆက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၄ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ကာ အဆင့် ၄ နေရာသို့ ဆင်းလာရပြီ ဖြစ်ပါတယ် ။ ယနေ့ညမှာတော့ ၄င်းတို့ဟာ တန်းတက် လူတန်တောင်း အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ဖို့ ရှိပါတယ် ။
စီးတီးဟာ နောက်ဆုံး ၄ပွဲဆက် ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့နဲ့ ပွဲကြပ် ဆင်နွှဲခဲ့ရကာ ၊ ရှေ့၃ပွဲကို သရေကျပြီး ၊ ဗီလာကိုတော့ ၁ – ၀ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ရမှတ် ၉မှတ်ထိ လျော့ကျခဲ့ရပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက အထက်ပါ ကလပ် ၄သင်းကို တမူထူးခြားတဲ့ အသင်းတွေ အဖြစ် ခေါ်ဝေါ်သုံးနှုန်းရင်း ၊ ဇယားထိပ်က အာဆင်နယ်နဲ့ တဖြည်းဖြည်း ဝေးလာခြင်း အပေါ်လည်း မစိုးရိမ်ကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။
ပက် က ” ကျွန်တော်တို့ဟာ တကယ့် ထိပ်တန်း အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ ။ ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့ဟာ လက်ရှိမှာ တမူထူးခြားတဲ့ အသင်းတွေ ဖြစ်ပါတယ် ။ ပြီးခဲ့တာက ပြီးခဲ့ပါပြီ ။ ”
” အခုလို အနေအထားမျိုးဆီ ရောက်နေတာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ။ ဘောလုံးရာသီတိုင်း လိုချင်တဲ့ ရမှတ်တွေ မယူနိုင်တဲ့ အချိုးအကွေ့မျိုး ကျွန်တော်တို့ ကြုံတွေ့ဖူးပါတယ် ။ မနှစ်က ကျွန်တော်တို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရလဲ ဆိုတာ ခင်ဗျားတို့ သိကြလား ? ”
” ဒဏ်ရာ ပြဿနာတွေ အများကြီးနဲ့ ကျွန်တော်တို့ဟာ အာဆင်နယ် အနောက် ၈မှတ် ၊ ၉မှတ် အထိ ပြတ်ကျန်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ စီးတီးတို့ ယခုနှစ်ရာသီ စကတည်းက အဓိက အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်း ဒဏ်ရာကြောင့် မကစားပေးနိုင်ခဲ့တာ ရာသီဝက် ကျိုးလာတော့မှာ ဖြစ်ပါတယ် ။
ယင်းဘယ်လ်ဂျီယမ် စူပါစတားရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ပက် က ” သူ ကွင်းထဲမှာ စတင် ပြေးလွှားနိုင်ပြီလို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့နဲ့တော့ အသင်းလိုက် ထရိန်နင် တကြိမ်မှ မလေ့ကျင့်နိုင်သေးပါဘူး ။ ကမ္ဘာ့ကလပ်ဖလားက လာမယ့် ၂ပတ် ၊ ၃ပတ် အတွင်း စတင်တော့မှာပါ ။ ”
” ကျွန်တော် မသိပါဘူး ။ လောလောဆယ်က သူ့ဒဏ်ရာ ဘယ်တော့ ပြန်ကောင်းမလဲ ဆိုတာ ပြောဖို့ နည်းနည်း စောကောင်းစောနေပါသေးတယ် ။ ကယ်ဗင်ဟာ ကျွန်တော်တို့ အတွက် အရမ်း အရေးကြီးပါတယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူဟာ ၃ ၊ ၄လကြာ ဒဏ်ရာ ပြဿနာ ကျော်လွှားရင်ဆိုင်နေရပါတယ် ။ ”
” သူ့အပေါ်မှာ ဖိအားတွေ မပေးကြပါနဲ့ ။ သူ ဒဏ်ရာက ပြန်လာတဲ့အခါ ကျွန်တော်တို့တွေ သူ့ကို ပွေ့ဖက်ကြိုဆိုကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR