တိုနေး နှင့် အိုဆီမန်း အစား နယ်သာလန် တိုက်စစ်မှုးကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ အကြံပြုလိုက်တဲ့ ဂူးလစ်

ရုဒ်ဂူးလစ် က အာဆင်နယ် အသင်း အနေနဲ့ အိုင်ဗန် တိုနေး နှင့် အိုဆီမန်း တို့ကို ချဲလ်ဆီး အသင်းထံ လက်လွတ် ပေးလိုက်ပြီး ဖီယင်နောဒ့် အသင်း ရဲ့ တိုက်စစ်မှုး ဆန်တီယာဂို ဟီမီနက်ဇ် ကို ခေါ်ယူ အားဖြည့်သင့်တယ်လို့ ဆိုလိုက်ပါတယ် ။

ဂန်းနား တို့ဟာ ဒီတစ်ပတ် ကြားရက်မှာလည်း လူတန်တောင်း အသင်းနဲ့ အကြိတ်အနယ် ကစားပြီး ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုး နဲ့ အတူ ၃-၄ နဲ့ အနိုင် ရခဲ့ပါတယ် ။ လူတန်တောင်း အသင်း နဲ့ ပွဲမှာ အာဆင်နယ် အတွက် သွင်းဂိုး လေးဂိုး ကို မတူညီတဲ့ ကစားသမား ၄ ဦး က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

လူတန်တောင်း နဲ့ ပွဲမှာ ဂျေးဇု ဟာ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် လိဂ်သွင်းဂိုး ပြန်ရခဲ့ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ နောက်ထပ် တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ အန်ကီးတီးယား ဟာလည်း ဒီရာသီ လိဂ် သွင်းဂိုး ၅ ဂိုး အထိ ရထားပေမယ့် အဝေးကွင်း သွင်းဂိုး လုံးဝ ရထားခြင်း မရှိသေးပါဘူး ။

အာဆင်နယ် အသင်း ပရိသတ်တွေက သွင်းဂိုးတွေ အတွက် စိတ်ချရတဲ့ တိုက်စစ်မှုး တစ်ဦး ခေါ်စေချင် နေပြီး ဂူးလစ် ကတော့ တိုနေး ၊ အိုဆီမန်း တို့ထက် ဈေးပိုပြီး သက်သာမယ့် တခြား တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူဖို့အကြံပြု သွားခဲ့ပါတယ် ။

” ဖီ‌ယင်နောဒ့် က အာဆင်နယ် နဲ့ ကစားပုံ ဆင်တူတော့ဆန်တီယာဂို ဟီမီနက်ဇ် က အသင်းအတွက် အံဝင်ခွင်ကျ ဖြစ်မယ့် ကစားသမားလို့ မြင်မိပါတယ် ။ ဒီလို ကစားကွက်မျိုး နဲ့ တရင်းတနှီး ရှိတော့ အာဆင်နယ်အသင်းမှာ အထိုင်ကျဖို့ ပိုပြီး လွယ်ကူ ပါလိမ့်မယ် ။ ”

” ချဲလ်ဆီး က ခုမှ သူတို့ရဲ့ ပုံစံ တစ်ခုကို ရှာဖွေ နေတုန်းပါ ၊ ဆန်တီယာဂို ဟီမီနက်ဇ် သာ ချဲလ်ဆီး ကို ရောက်သွားရင် ရုန်းကန် ရပါလိမ့်မယ် ၊ ကျနော်ကတော့ ကိုယ် ဘာလုပ်နေသလဲ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်း သိတဲ့ အသင်းကိုပဲ သွားစေချင်ပါတယ် ။ ချဲလ်ဆီး က ခုဘာလုပ်နေတာလဲ ကျနော် မသိပါဘူး ။ ”

မက်ဆီကို လက်ရွေးစင် ဆန်တီယာဂို ဟီမီနက်ဇ် ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက တော့တင်ဟမ် အသင်းကို ရောက်ဖို့ နီးစပ် ခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ သွင်းဂိုး ၂၀ အထိ သွင်းယူ ထားပြီး ဖြစ်ပါတယ် ။

SM