ကစားသမား ဘဝ နေဝင်ချိန်နဲ့ တဖြည်းဖြည်း နီးကပ်လာကြပြီ ဖြစ်တဲ့ ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် လီယွန်နယ် မက်ဆီနဲ့ ခရစ်တီယာနို ရော်နယ်ဒိုတို့ အကြား ဘယ်သူက အကောင်းဆုံး ကစားသမား ဖြစ်တယ် ဆိုတာနဲ့ ပတ်သက်တဲ့ ငြင်းခုံမှုတွေက ဘယ်တော့မှ ပြီးဆုံးသွားဖို့ ရှိမှာ မဟုတ်ပါဘူး ။
လောလောဆယ်မှာ ၂ဦးလုံးဟာ ကမ္ဘာ့ထိပ်တန်းလိဂ်တွေမှာ မကစားကြတော့ပါဘူး ။ မကြာသေးခင်ကမှ ၈ကြိမ်မြောက် Ballon D’Or ဆု ရထားတဲ့ မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီမှာ ကစားနေသလို ၊ အသက် ၃၈နှစ်ထဲ ဝင်လာတဲ့ ရော်နယ်ဒိုဟာလည်း ဆော်ဒီပရိုလိဂ်ကလပ် အယ်နာဆာမှာ ကစားလျက်ရှိပါတယ် ။
တဖက်မှာ ၄င်းတို့ အပေါ် အထင်အမြင် ပြောင်းလဲမှုတွေကလည်း ရှိနေပြီး ၊ မက်ဆီကသာ အကောင်းဆုံး ဖြစ်ကြောင်း ယူဆထားတဲ့ လီဗာပူး ဂန္တဝင် ကွင်းလယ်လူဟောင်း ၊ လက်ရှိ အယ်အတ်တီဖတ် နည်းပြ စတီဗင် ဂျရတ်ဟာ ပြိုင်ဖက် အယ်နာဆာမှ ရော်နယ်ဒိုရဲ့ သက်ရောက်မှု အပေါ် ချီးကျူးရင်း ၊ ၄င်းကိုလည်း G.O.A.T အဖြစ် ခေါင်းစဉ်တပ် ခေါ်ဝေါ်သွားပါတယ် ။
ဂျရတ် က ” ခရစ်တီယာနို ။ တနည်းအားဖြင့် ကျွန်တော်တို့ ခေါ်ဝေါ်ကြတဲ့ G.O.A.T ကြီး ဒီကို ရောက်ရှိလာခြင်းဟာ ဒီလိဂ်အတွက် ကြီးကျယ်တဲ့ ခေါ်ယူမှု တရပ်ပါပဲ ။ သူ့မှာ ဘောလုံး အတွက် ရှေ့လျှောက် လုပ်ပေးနိုင်တာတွေ အများကြီး ကျန်နေပါသေးတယ် ။ ”

” အဝေးကနေပြီး ကျွန်တော်ဟာ ခရစ်တီယာနိုရဲ့ ရလဒ်တွေ ၊ ဒီလိဂ်က တခြား အသင်းတွေရဲ့ အခြေအနေ အကြောင်း စောင့်ကြည့်နေခဲ့ပါတယ် ။ ခုချိန်ကစပြီး ဒီလိဂ်ဟာ ကမ္ဘာတလွှားက လူတွေ အကြား တနေ့တနေ့ ပိုပိုပြီး နာမည်ကြီးလာပြီလို့ ထင်ပါတယ် ။ ”
” ခရစ်တီယာနို ရောက်ရှိလာပြီးနောက် ၊ ဒီထက် ပိုများပြားတဲ့ နာမည်ကြီး ကစားသမား ခေါ်ယူမှုတွေ ဖြစ်မြောက်လာပါတယ် ။ တကယ့် အရည်အချင်းရှိ ကစားသမားတွေ ၊ တတ်မြောက်ကျွမ်းကျင်သူတွေ ဒီလိဂ်ကို တဖွဲဖွဲ ပြောင်းလာကြပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အခြား တဖက်မှာလည်း မက်ဆီသာ အမြဲတမ်း အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း သုံးသပ်ခဲ့တဲ့ ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ဟာလည်း ဂယ်ရီနဗီးလ်နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တခုမှာ ရော်နယ်ဒိုကို အမှတ်ပိုပေးချင်ကြောင်း အခုလိုပဲ ဖွင့်ဟလာဖူးပါတယ် ။
လမ်းပတ် က ” ကျွန်တော်ဟာ မက်ဆီ ပရိသတ် တယောက် ဖြစ်တယ် ဆိုတာ ခင်ဗျားလည်း သိမှာပါ ။ နောက်တော့ ခင်ဗျားနဲ့ ဂျေမီ ကာရေဂါတို့ရဲ့ ငြင်းခုံမှု အကြောင်း ကျွန်တော် ကြည့်ဖြစ်ခဲ့ပါသေးတယ် ။ ”
” ခုတော့ ရော်နယ်ဒိုရဲ့ ကြိုးစားအားထုတ်မှုတွေ ၊ သူ့ရဲ့ သွင်းဂိုး အရေအတွက်တွေ ၊ ကြီးကျယ်တဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်တွေက သွင်းဂိုးတွေ အကြောင်း ကျွန်တော် ထည့်သွင်း စဉ်းစားလာမိပါတယ် ။ ”
” ဒီတော့ ကျွန်တော် သူ့ကို နည်းနည်းလေး အမှတ်ပိုပေးကောင်း ပိုပေးချင်မိလာပါတယ် ။ ( ဒီလို ပြောမိလို့ ) ခုကနေစပြီး ကျွန်တော် လူတွေဆီက မုန်းတီးမှု အများကြီး ရလာနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR