နွေရာသီတုန်းက ပြောင်းရွှေ့လာတဲ့ စတား ၂ဦးကြောင့် ချဲလ်ဆီးအသင်းသားတွေ အကြား နားလည်မှု ပိုရှိလာကြောင်း ဝန်ခံခဲ့တဲ့ ကူကူရယ်လာ

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ဘောလုံးရာသီ မစတင်မီ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် တာဝန်ပေးခဲ့ပြီးနောက် ၊ ခြေစွမ်းနဲ့ ကစားပုံ အရ တိုးတက်မှု ကြီးကြီးမားမား ရှိလာတာကို တွေ့ရပါတယ် ။

အဆင့် ရပ်တည်မှု အရတော့ ထွေထွေထူးထူး တိုးမကောင်းလာပေမယ့် ၊ လက်ရှိ အသင်းဟ လူငယ် အများအပြားနဲ့ တည်ဆောက်ထားတာကြောင့် အနိမ့်ဆုံး ယခုနှစ် ဘောလုံးရာသီ တခုတော့ အချိန် လိုနိုင်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အတွင်း ချဲလ်ဆီးတို့ အင်အားဖြည့်မှု များစွာ ထပ်လုပ်ခဲ့ရာ ထိုအထဲမှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာတဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်နဲ့ ပရီးမီးယားလိဂ် ပြောင်းရွှေ့ကြေး အများဆုံး ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုတို့လည်း အပါအဝင် ဖြစ်ပါတယ် ။

ယင်းဘရိုက်တန်ကြယ်ပွင့်ဟောင်း ၂ဦးဟာ ဒီရာသီ ခြသေ့င်္ပြာတို့ရဲ့ အဓိက ပွဲထွက်ကစားသမား ဖြစ်လာရုံမက ၊ အခြား အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်ကိုပါ တဖက်တလမ်းကနေ ကူညီပေးလာနိုင်တာကို တွေ့ရပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ခြေစွမ်း သာမန်အောက်ပဲ ရှိခဲ့တဲ့ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာဆိုရင် ဒီရာသီမှာ မာထန်ကျစ်လျစ်မှု သိသိသာသာ ရှိလာပါတယ် ။

ကလပ် တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ ကူကူရယ်လာက ဘရိုက်တန် အသင်းဖော်ဟောင်း ၂ဦးရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီး အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ကူကူရယ်လာ က ” သူတို့ ၂ယောက် ပြောင်းလာလို့ ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ် ။ ဒါဟာ အရေးကြီးတဲ့ ကလပ် တသင်း ဖြစ်ကြောင်း ၊ သူတို့ ဒီမှာ ကစားရင် သိပ်ကောင်းမယ့် အကြောင်း ၊ ကျွန်တော်တို့ အတူတကွ စပိန်မားဖီးယား တဂိုဏ်းထောင်လို့ ရမယ့် အကြောင်း သူတို့ကို ကျွန်တော် ပြောခဲ့ပါတယ် ။ ”

” မန်နေဂျာကိုလည်း ကျွန်တော်တို့ရဲ့ အမှားတွေ ၊ လိုအပ်ချက်တွေ အကြောင်း စပိန်လို ပြန်ပြောပြနိုင်လို့ ချိတ်ဆက်ရ ပိုမို လွယ်ကူစေပါတယ် ။ ကျွန်တော်တို့ဟာ တကယ့် အသင်းကောင်း တသင်း ဖြစ်နေပြီး ၊ အသင်းတွင်းမှာရော ၊ အသင်းပြင်ပမှာပါ တဦးနဲ့ တဦး နီးစပ်မှု ရှိနေကြပါတယ် ။ ”

” ဒီဆက်ဆံရေးက ကောင်းနေတော့ ကွင်းတွင်းမှာ ကျွန်တော်တို့ အတူတကွ ကစားနိုင်တာလို့ မြင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ကူကူရယ်လာက ယခုနှစ်ရာသီ ပိုချက်တီနို လက်အောက်မှာ ၄င်းတို့ ဘယ်လို တိုးတက်လာအောင် ကြိုးစားနေတဲ့ အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ် ။

ကူကူရယ်လာ က ” အသင်းကြီး တသင်းဆီ ပြောင်းရွှေ့လာတဲ့အခါ ခင်ဗျားမှာ ဖိအားတွေ ရှိမှာ သေချာပါတယ် ။ ခင်ဗျားသာ သာမန်ကလပ် တသင်းဆီ ပြောင်းခဲ့ရင် ၊ ဒီလောက်ကြီး ဖိအား ရှိမှာ မဟုတ်ပါဘူး ။ ချဲလ်ဆီးမှာက အပတ်တိုင်း ၊ ပွဲတိုင်း အနိုင်ရဖို့ လိုအပ်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် အသင်းရော ၊ ပရိသတ်တွေပါ ပျော်ရွှင်ကြမှာ မဟုတ်ပါဘူး ။ ”

” ဒါက ကြီးမားတဲ့ ကွာဟချက်ပါပဲ ။ ကျွန်တော်တို့ဟာ အမူအကျင့်ကောင်းတွေ ဖန်တီးနေကြပါတယ် ။ ဒါက ငယ်ရွယ်တဲ့ အသင်းကောင်း တသင်းပါ ။ ဒီကနေ စပြီး ကောင်းမွန်တဲ့ အရာတခု တည်ဆောက်ဖို့ ကြိုးစားနေကြတာပါ ။ ခုချိန်ထိတော့ လုံလောက်မှု မရှိနေသေးပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပွဲတိုင်း အနိုင်ရချင်ကြလို့ပါပဲ ။ ”

” ဒါပေမယ့် လောလောဆယ် ကျွန်တော်တို့ရဲ့ ကစားပုံကတော့ ကောင်းနေပါတယ် ။ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ကျွန်တော်တို့ ရှေ့ဆက်ပြသဖို့ ၊ အသေးစိတ် အချက်အလက်တွေ ၊ အမှားတွေက အစ ဂရုစိုက်ဖို့ လိုပါတယ် ။ ဒါတွေ လုပ်နိုင်တာနဲ့ ကျွန်တော်တို့ နိုင်ပွဲတွေ ပိုရနိုင်မှာ ဖြစ်သလို ၊ ဖိအားတွေပါ လျှော့ချလာနိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR