မန်ယူနိုက်တက်ကို သူခေါ်ယူစေချင်တဲ့ ကစားသမား တစ်ဦးကို ပြောပြလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်က သူဟာ ဘင်ဖီကာ လူငယ်ကြယ်ပွင့် ယာဂိုနီဗက်စ်နဲ့အတူ မန်ချက်စတာယူနိုက်တက် အသင်းမှာ တွဲဖက် ကစားချင်တယ်လို့ ၀န်ခံလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် နီဗက်စ်ဟာ ချဲလ်ဆီးကို ပြောင်းသွားခဲ့တဲ့ အန်ဇိုဖာနန်ဒက်စ်ရဲ့ ကွက်လပ်ကို အကောင်းဆုံးဖြည့်ဆည်းကာ ဘင်ဖီကာမှာ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

၎င်းဟာ ဒီရာသီ ဘင်ဖီကာ အတွက် ၁၁ ပွဲ ကစားထားခဲ့ပြီး International break မတိုင်မီ စပို့တင်းလစ္စဘွန်းနဲ့ ဒါဘီ ပွဲစဉ်မှာ ဒရမ်မာဆန်ဆန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ကို ယူနိုက်တက်ရဲ့ ကင်းထောက်တွေ အပါအ၀င် အခြား ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ကင်းထောက်တွေပါ လာရောက်ကြည့်ရှုသွားခဲ့ပြီး နီဗက်စ်ရဲ့ တိုးတက်မှုကို စောင့်ကြည့်ခဲ့ကြပါတယ်။

နီဗက်စ်ဟာ ဒီလ ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အောက်တိုဘာ international break မှာ တုန်းက ၎င်းရဲ့ debut ကို ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ်က သူ့အနေနဲ့ ဘင်ဖီကာ လူငယ်ကြယ်ပွင့်နဲ့ တစ်သင်းတည်း အတူ တွဲဖက် ကစားချင်တယ်လို့ ဆိုလိုက်ပေမယ့် နီဗက်စ်ကို ခေါ်မခေါ် ဆိုတဲ့ ဆုံးဖြတ်ချက် ကတော့ မန်ယူနိုက်တက် မန်နေဂျာ တန်းဟတ် အပေါ်မှာသာ မူတည်တယ်လို့ ၀န်ခံလိုက်ပါတယ်။

ဖာနန်ဒက်စ်က “သူ့အတွက် နေရာ တစ်နေရာ အသင်းမှာ ရှိသလား မရှိဘူးလား ဆိုတာ ကတော့ မန်ယူနိုက်တက် မန်နေဂျာ အပေါ်ပဲ မူတည်ပါတယ်။ နီဗက်စ်ဟာ အရမ်းကို ကောင်းတဲ့ ကစားသမားပါ။ သူ့အတွက် ယူနိုက်တက်မှာ နေရာတစ်နေရာ ရှိနိုင်သလား ဆိုတာ ကတော့ ကျနော်လည်း မသိပါဘူး။ ဒါဟာ နည်းပြနဲ့ သူ့ရဲ့ အိုင်ဒီယာ အပေါ်ပဲ မူတည်ပါတယ်။

ဒါပေမယ့် သူဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး အရမ်းကို ပရော်ဖက်ရှင်နယ်ကျတဲ့သူ ဆိုတာ ကတော့ သေချာပါတယ်။ သူ ဘယ်ကိုပဲ သွားသည် ဖြစ်စေ သူ့ဆီမှာ တောက်ပတဲ့ အနာဂတ် ရှိနေပါတယ်။ ကျနော် ကတော့ သူ့ကို ဘေးမှာ ရှိစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အရည်အသွေးကြောင့်ပါ။ သူ့ဆီမှာ တောက်ပတဲ့ အနာဂတ် ရှိပါတယ်။

ဒါကို ပုံဖော်ဖို့ ကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ သူ့ကို ကျနော် အကောင်းဆုံး ကစားသမား ဖြစ်လာစေချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။